Tuesday, April 17, 2012
ဒေးဗစ်ကမ်မရွန်းတို့ မျိုးရိုး ဘာကြောင့်ဘုရင် မဖြစ်သလဲ....
၂၀၁၀ ရွေးကောက်ပွဲမှာ အသက် ၄၃ နှစ်နဲ့ ၀န်ကြီးချုပ်ဖြစ်လာတဲ့ David Cameron ဟာ ဗြိတိန်နိုင်ငံရဲ့ သမိုင်းတစ်ခုလုံးမှာ ဒုတိယအသက်အငယ်ဆုံး ၀န်ကြီးချုပ်ဖြစ်တယ်။ သူ့ထက်ငယ်သူကတော့၁၈၁၂ မှာ အသက် ၄၂ နှစ်နှင့်ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့Robert Banks Jerkinson ပါ။ လွန်ခဲ့တဲ့ အနှစ် ၂၀၀ လောက်ကပေါ့။ ဒါကြောင့် ကမ်မရွန်းဟာ ခေတ်သစ်သမိုင်းမှာဆို အငယ်ဆုံးဝန်ကြီးချုပ်ဖြစ်တယ်။
ယခုလက်ရှိ ဘုရင်မ ဒုတိယမြောက် အဲလိဇဘက်Elizabeth II
  •               ဗြိတိန်နိုင်ငံရဲ့ မင်းမျိုးမင်းနွယ်တွေ ဆက်စပ်မှုကို ဖော်ပြတဲ့ စာအုပ် Burke's Peerage က ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကမ်မရွန်ဟာ ဗြိတိန်နိုင်ငံမှာ လက်ရှိအုပ်ချုပ်နေတဲ့ ဘုရင်မကြီး ဒုတိယမြောက် အဲလိဇဘက် Elizabeth II နဲ့ ငါးဝမ်းကွဲ မောင်နှမတော်စပ်တယ်လို့ ဖော်ပြခဲ့တယ်။ အဲဒီလိုဘဲ ဗြိတိန်ရဲ့ မင်းမျိုးမင်းနွယ်မိသားစုတွေ ဆက်စပ်မှု  British Royal Genealogy ကို ဖော်ပြတဲ့ Debrett's စာအုပ်ကလည်း တစ်သံတည်းထွက် ဖော်ပြထားပါတယ်။ 
  •               ဒီလိုဆိုရင် ဘာကြောင့်ဒေးဗစ်ကမ်မရွန်းဟာ လက်ရှိမှာ မင်းမျိုးမင်းနွယ်တစ်ယောက်ဖြစ်မနေရတာလဲ။ ဒါကို သိဖို့ဆိုရင် ကမ်မရွန်းရဲ့ ဘိုးဘေးဖြစ်တဲ့ ဗြိတိန်နိုင်ငံကို ( ၇ ) နှစ် အုပ်စိုးသွားသူ ဘုရင် ''စတ္တထမြောက် ၀ီလီယံ King William IV '' နဲ့ သူရဲ့ တရားမ၀င် မိန်းမဖြစ်သူ '' ဒိုရာ '' တို့ နှစ်ယောက်ရဲ့ ဘ၀ကို ပြန်ကြည့်ရမှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၃၀၀ လောက်က ကိစ္စပါ။
  •                  ဒိုရာရဲ့ နာမည်အရင်းက ဒေါ်ရသီ ဘလန်းဒ် Dorothea Bland တဲ့။ သူ့ကို ၁၇၆၁ မှာ ဗြိတိန်နိုင်ငံရဲ့အုပ်ချုပ်မှုခံရတဲ့ အိုင်ယာလန်ကျွန်းမှာ မွေးခဲ့တယ်။ ဒိုရာဆိုတာကတော့ချစ်စနိုးခေါ်တဲ့နာမည်တို။ သူ့အဖေနာမည်က Francis Bland မို့လို့ သူ့နာမည်အရင်းက ဒေါ်ရသီ ဘလန်းဒ် Dorothea Bland ။ ဒါပေမယ့် သူ့အမေဟာ သူ့အဖေရဲ့ တရားမ၀င်မိန်းမမို့ ဒိုရာတို့ မောင်နှမတွေလည်း တရားမ၀င် သားသမီးတွေ ဖြစ်ခဲ့ရတယ်။ ဖြစ်ပုံက ဒီလိုပါတဲ့။ ဒိုရာရဲ့ အဖေနဲ့ အမေတို့ဟာ အသက်မပြည့်ခင် ချစ်ကြိုက်ပြီး ခိုးပြေးကြတာ။ ဒိုရာရဲ့ အဖေ Francis ရဲ့ ဇာတိရပ် ဒပ်ဘလင် Dublin မြို့ကို ခိုးပြေးကြပြီးတော့ ဘုန်းကြီးတစ်ပါးရှေ့မှာ လက်ထပ်ခဲ့ကြတယ်။ ဒါပေမယ့်Francis တို့ မိဘဘက်က ဂုဏ်ရှိ ပိုက်ဆံရှိတော့သဘောမတူဘူး။ အထူးသဖြင့် ဒိုရာရဲ့ အမေ Grace Philipps ဟာ ပြဇာတ်မင်းသမီးတစ်ယောက်ဆိုတော့ ဂုဏ်နိမ့်တယ်ဆိုပြီးတော့ပါ။ဖြစ်ချင်တော့ ဒိုရာတို့ အမေ Grace မှာ ညီအစ်မသုံးယောက်ရှိတာ သုံးယောက်လုံး ပြဇာတ်ကတဲ့ မင်းသမီးတွေဖြစ်တယ်။ အဲဒီအချိန်က ပြဇာတ်မင်းသမီးတွေကို လူတွေက အရမ်းအထင်သေးခဲ့ချိန်။ တခြားလူက အထင်သေးတာကို မပြောနဲ့ဦး ၊ ကိုယ့်မိသားစုကတောင် အထင်မကြီးတဲ့အလုပ်။ အရေးထဲ Grace တို့ရဲ့ အဖေ Rev.Dr. Philipps ဟာ ခရစ်ယာန်ဘုန်းကြီး ဖြစ်တယ်။ ပိုက်ဆံမရှိပေမယ့် ဂုဏ်ကိုတော့ ဂရုစိုက်သေးသူ ဖြစ်တယ်။ သမီးသုံးယောက်လုံးကလည်း ဘာကံပါမှန်းကို မသိဘူး။ ဇာတ်စင်ပေါ်မှာပဲ ပျော်ကြသတဲ့။
ဒိုရာရဲ့ အမေ ပြဇာတ်မင်းသမီး Grace Phillips
  •           ဒါနဲ့ Grace နဲ့ Francis တို့ ခိုးရာလိုက်တော့ ဆွေကြီးမျိုးကြီးလည်းဖြစ်  ပိုက်ဆံလည်းရှိတဲ့ Francis တို့ဘက်က တစ်ခါတည်း အမွေပြတ်လုပ်ပစ်လိုက်တယ်။  Francis ရဲ့ အဖေဟာ အတော်လေး နာမည်ရှိတဲ့ လူကုံထံတရားသူကြီး Judge Nathaniel Bland ဆိုသူ ဖြစ်တယ်။ အမွေဖြတ်ခံလိုက်ရတဲ့ ပူပူနွေးနွေး လင်မယားနှစ်ယောက်ဟာ တကယ့်လက်တွေ့ဘ၀မှာ အခက်အခဲတွေ အမျိုးမျိုးတွေ့ခဲ့ရတယ်။ အရင်က သူဌေးသား Francis ဟာ သူ့မိန်းမ Grace ကတဲ့ ပြဇာတ်အဖွဲ့မှာဘဲ တောက်တိုမယ်ရလုပ်ရင်း ဘ၀ရပ်တည်မှုရှာခဲ့ရတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်ဟာ ဒုက္ခ သုက္ခတွေ ကြားထဲကဘဲ ပျော်ပျော်ရွှင်ရွှင်နေခဲ့ကြပြီးတော့ ဒိုရာ အပါအ၀င် ကလေး ၉ ယောက်ရခဲ့တယ်။ အင်း....ဒုက္ခရောက်လို့ပေဘဲနော့...နို့မဟုတ်ရင် ဘယ်လောက်တောင် ထွက်လာဦးမလဲမသိ ။ အဲဒီနောက်တော့ Francis ရဲ့အဖေ တရားသူကြီးက သူ့သားရဲ့ အိမ်ထောင်ဟာ သူ့ရဲ့ ခွင့်ပြုချက်လည်းမပါ အသက်လည်း မပြည့်ဘဲ မင်္ဂလာဆောင်ထားတဲ့ အိမ်ထောင်ရေးဆိုပြီး လက်ထပ်ထားတာကို တရားမ၀င်အောင် လုပ်ပစ်ခဲ့တယ်။  တိုတိုပြောရရင်တော့ ဒိုရာတို့အဖေ Francis နဲ့ အမေ Grace တို့ ကွဲသွားပြီး Francis ဟာ သဌေးသမီးတစ်ယောက်နဲ့ ယူသွားခဲ့တယ်။ သူ့ပစ်ထားခဲ့တဲ့ Grace နဲ့ သားသမီးကိုးယောက်အတွက် ပိုက်ဆံတော့ ထောက်ပေးခဲ့တယ် ။ ဒါပေမယ့်Francis ဟာ သူ့ကိုသူ မလုံဘူးတဲ့။ သူစွန့်ပစ်ခဲ့မိတဲ့ မိသားစုအကြောင်းကို တွေးလေ စိတ်မကောင်းဖြစ်လေနဲ့ နောက်ဆုံးမှာ စိတ်ဆင်းရဲဒဏ်ကို မခံနိုင်လို့ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးသွားခဲ့တယ်။ ဒီတော့ သူ့ထောက်ပံ့မှုကို မရတော့တဲ့ ဒိုရာတို့ဟာ ပိုပြီး ဆင်းရဲသွားပါတယ်။
 ငယ်စဉ်က ဒိုရာ
  •                ဒီတော့ ဒိုရာရဲ့ အမေ Grace ဟာ သူ့သမီးတွေကို ပြဇာတ်ခုံပေါ်ကို ဆွဲတင်ပါတယ်။ ပထမဆုံး ပွဲထုတ်ခံရတာကတော့ ဒိုရာရဲ့ အစ်မ Hester ပါ။ ဒါပေမယ့် မျှော်လင့်သလို ဖြစ်မလာဘဲ ပထမတစ်ညမှာတင် စင်ပေါ်မှာ ကြောက်ဒူးတုန်နေတာနဲ့ အောက်ကို လူတွဲပြီး ချလာရသတဲ့။ ဒီတော့ ဒေါသဖြစ်နေတဲ့ ပြဇာတ်မန်နေဂျာ Daly က ဒိုရာကို သုံးကြည့်မယ်လို့ Grace ကို ပြောတယ်။ Grace ဟာ ပထမတော့ သဘောမတူပါဘူး။ '' အို....ဒိုရာက ယောက်ျားလျာ tomboy လေးပါ ။ တစ်ချိန်လုံး ခုန်ပေါက်ပြေးလွှားနေပြီး ဘယ်ယောက်ျားလေးထက်မဆို ပိုမြင့်အောင် ခုန်နိုင်တယ်ဆိုတာကို ကြွားနေတာ။ ကြည့်ရတာလည်း ဘိုသီပတ်သီနဲ့ ...မဖြစ်ပါဘူး '' လို့ ဆိုသတဲ့။ ဒီတော့ ပြဇာတ်မန်နေဂျာ Daly က '' အလုပ်ကို အလုပ်က သင်ပါလိမ့်မယ် '' လို့ ဆိုပြီး ဒိုရာကို ဇာတ်ခုံပေါ် တင်ပေးခဲ့တယ်။ တိုတိုပြောရရင်တော့ ဒိုရာဟာ အဲဒီတစ်ညတည်းနဲ့ ပြဇာတ်ခုံပေါ်မှာ နေရာရလာခဲ့တယ်။ ပြဇာတ်လောကမှာ အလှဆုံးခြေထောက်တွေ ပိုင်ရှင်လို့ နာမည်ကြီးလာတယ်။ သူကပြရတာကလည်း သူ့နဲ့လိုက်တဲ့ breeches role ဆိုတဲ့နေရာ။ breeches role ဆိုတာ ဘောင်းဘီကို ဒူးလောက်ကျပ်ကျပ်ဝတ်ပြီး ယောက်ျားလေးတစ်ယောက်လို သရုပ်ဆောင်ကရတာဖြစ်တယ်။
Breeches role လို့ခေါ်တဲ့ ဒူးလောက်ဘောင်းဘီဝတ် ယောက်ျားလေး စတိုင်လ်နဲ့ကပြရတဲ့အခန်းမှ ဒိုရာ
  •             ဒိုရာရဲ့ သရုပ်ဆောင်မှုဟာ ပရိသတ်အသည်းကို သိမ်းကြုံးလှုပ်ယူနိုင်စွမ်းခဲ့တယ်။ တဖက်ကလည်း သူ့ကို မနာလိုသူ၊ ခြေထိုးခံလိုသူ အပြိုင်အဆိုင်တွေ များစွာကို တွေ့လာခဲ့ရတယ်။ ဇာတ်စင်မန်နေဂျာ Daly ဆိုတာကလည်း ကောင်းတဲ့သူမဟုတ်။ မင်းသမီးအသစ်ကလေးတွေကို သိမ်းသွင်းပြီး ဖျက်ဆီးတတ်သူ။ ဒီလိုနဲ့ ငယ်ရွယ်တဲ့ဒိုရာဟာ စားနေကျ ကြောင်ဖား Daly ရဲ့ မာယာကို မရှောင်နိုင်ဘဲ အသက် ၂၀ မှာ Daly နဲ့ တရားမ၀င် ကလေးတစ်ယောက်ရခဲ့တယ်။
                      ဒီအထိကို နာမည်တွေ ရှုပ်နေမှာစိုးလို့ ဒီလို ပြန်ရှင်းလို့ရပါတယ်။
  • ဒေးဗစ်ကမ်မရွန်းတို့မျိုးရိုးကို ဖြစ်စေတဲ့ စုံတွဲ .....................ဘုရင် စတုတ္ထမြောက် ၀ီလီယံ William IV of the United Kingdom + ပြဇာတ်မင်းသမီး ဒိုရာ ( ခေါ် ) ဒေါ်ရသီ ဘလန်းဒ် Dorothea Bland
  • ဒိုရာရဲ့ အမေ ( သူလည်း ပြဇာတ်မင်းသမီး )........................ Grace Philipps
  • ဒိုရာရဲ့ အဖေ သူဌေးသား ကပ်ပတိန်.................................Francis Bland
  • Francis ရဲ့ အဖေ တရားသူကြီး.........................Judge Nathaniel Bland
  • ဒိုရာရဲ့ အစ်မ ( ပြဇာတ်မင်းသမီး )..........................Hester Philipps
  • ဒိုရာတို့ပြဇာတ်မန်နေဂျာ (နောက်ပိုင်းမှာ ဒိုရာကို ဖျက်ဆီးပြီး တရားမ၀င်ကလေးတစ်ယောက်ရစေသူ )......Richard Daly
( မှတ်ချက် ။ ဒီနာမည်တွေမှာ ဒိုရာနဲ့ဝီလီယံနာမည်ကို မှတ်မိရင် ရပါပြီ။ ကျန်တာတွေက အရေးမကြီးပါ။ )
  •                ဒိုရာဟာ ပြဇာတ်မန်နေဂျာ Daly နဲ့ ဇာတ်လမ်းပြတ်ပြီးတဲ့နောက် အနုပညာနာမည်ကို Mrs.Jordan လို့ယူလိုက်တယ်။ လင်ယောက်ျားမရှိဘဲ ကလေးတစ်ယောက်နဲ့ မတင့်တယ်တာမို့ ယောက်ျားရှိတဲ့ပုံစံကို ဖမ်းပြီး နာမည်ရှေ့မှာ Mrs. ဆိုတာကို ထည့်ခဲ့တာ။ ဒိုရာဟာ အရင်က အိုင်ယာလန်ကျွန်းသူဖြစ်ပြီး အင်္ဂလန်ကို လာရာမှာ အိုင်းရစ်ရှ် ပင်လယ် Irish Sea ကို ဖြတ်ကျော်လာရသူ။ Irish Sea ကို ယေရှုခရစ်တော်ကို နှစ်ချင်းခံရာ အစ္စရေးနဲ့ပါလက်စတိုင်းကြားက ဂျော်ဒန်မြစ် Jordan River နဲ့ခိုင်းနှိုင်းလေ့ရှိကြတာမို့ ဒိုရာဟာ Mrs. Jordan ဆိုတဲ့နာမည်ကို ယူခဲ့တာလို့ ဆိုတယ်။
အင်္ဂလန်နဲ့ အိုင်ယာလန်ကြားက ပင်လယ်ကို အိုင်းရစ်ရှ် ပင်လယ် Irish Sea လို့ခေါ်တယ်။
  •        ငယ်ရွယ်တဲ့ ဒိုရာဟာ မင်းသမီးဘ၀မှာ အတည်မဟုတ်တဲ့ အချစ် ဇာတ်လမ်းလေးတွေနဲ့ ကြုံခဲ့ရတယ်။ သူကထားသွားလိုက် ၊သူ့ကို ထားသွားလိုက်နဲ့ နောက်ဆုံး Fords ဆိုတဲ့ ရှေ့နေတစ်ယောက်က သူ့ကို အတည်ယူပါမယ်လို့ ဆိုလို့ ယုံစားပြီး Fords နဲ့ အတည်တကျ နေခဲ့တယ်။ Fords နဲ့ ကလေး ၃ ယောက်ရခဲ့တယ်။ ဒါပေမယ့် Fords ဟာ ပေးထားတဲ့ ကတိကို မတည်ခဲ့ဘူး။ သူဟာ ဒိုရာကို သ၀န်တိုစိတ်နဲ့ ချစ်သလောက် လက်ထပ်ဖို့ကို တော့ အကောင်အထည်မဖော်ခဲ့ဘူး။ ကိုယ်တိုင်က တရားမ၀င် သမီးဖြစ်ခဲ့တဲ့ ဒိုရာဟာ သူ့သားသမီးတွေကို သူ့လိုအဖြစ်မျိုးနဲ့ မကြုံစေချင်လို့ အဖေ ခံမယ့် သူတစ်ယောက် အရမ်းကို လိုချင်ခဲ့တယ်။ တရားမ၀င်သားသမီးတွေရဲ့ ညှိုးငယ်ရမှု၊ သူများရဲ့ မထီလေးစားလုပ်တာခံရမှုတွေကို သူစိတ်ကုန်နေပြီ။ ဒီလိုစောင့်စားရင်းနဲ့ Fords နဲ့ ရတဲ့ သား ၁ ယောက် သမီး ၂ ယောက်မှာ သားကလေး ဆုံးသွားခဲ့တယ်။ ဒီလိုနဲ့ ပြဇာတ်မန်နေဂျာ Daly နဲ့ ရတဲ့သမီးတစ်ယောက်၊ Fords နဲ့ ရတဲ့ သမီး ၂ ယောက်၊ ပေါင်းရင် တရားမ၀င် သမီးသုံးယောက်နဲ့ ဒိုရာကျန်ခဲ့ပါတယ်။
 ဒိုရာရဲ့ ပြဇာတ်အခန်းမှ ပုံတစ်ခု
  •             Fords တစ်ယောက် သူ့ကို ဘယ်တော့မှ တရားဝင်ယူမှာ မဟုတ်ဘူးဆိုတာ သဘောပေါက်သွားတဲ့ အချိန်မှာ ဒိုရာဟာ Fords ကို ထားခဲ့လိုက်တော့တယ်။ သူ့ရဲ့ ငယ်ရွယ်ပျိုမျစ်မှုတွေကို ဘယ်တော့ ယူမယ်မှန်းမသိတဲ့လူဆီမှာ ကုန်ဆုံးသွားလို့ မဖြစ်ဘူး ဆိုတာကို သိခဲ့တယ်။ စောင့်ရင်းစောင့်ရင်း ကိုယ်က အသက်ကြီးသွားချိန်မှာ Fords ကသာ တစ်ယောက်ယောက်နဲ့ ကောက်ကာငင်က တရားဝင် ယူလိုက်ရင် သူနဲ့ သူ့သားသမီးတွေဟာ လက်ဗလာနဲ့ ကျန်ခဲ့မယ် ဆိုတာကို ဒိုရာစဉ်းစားမိတယ်။ ဘယ်ဥပဒေကမှ သူတို့ကို အကာအကွယ်ပေးမှာ မဟုတ်ဘူးဆိုတာကိုလည်း သိတယ်။ Fords ဟာ သူ့ကို ပေါ်တင်ပေါင်းခဲ့တာ၊ တွေ့သမျလူဆီမှာ ဒိုရာဟာ သူ့မိန်းမ လို့ ကြေငြာခဲ့တယ်။ သ၀န်တိုစွာ ချစ်ပြတယ်။ ဒိုရာရဲ့ ပိုက်ဆံနဲ့ ငှားထားတဲ့ စီးတော်ယာဉ်ပေါ်မှာ ခန့်ခန့်ကြီးလိုက်ပါလေ့ရှိတယ်။ ဒါပေမယ့် ဒိုရာကို ပိုးပန်းတုန်းက ယူပါမယ် လို့ ပေးထားခဲ့တဲ့ ကတိကိုတော့ ဘယ်တော့ မှအကောင်အထည်မဖော်ခဲ့ဘူး။  ငယ်ရွယ်ထက်မြက်တဲ့ နာမည်ကြီးတဲ့ ဒိုရာအတွက် အတည်ယူမယ့်သူရှားပေမယ့် ယောက်ျားတွေကတော့ မရှားလှပါဘူး။ Fords နဲ့ပြတ်လို့ မကြာခင်မှာဘဲ သူဟာ ဘုရင့်သားဖြစ်သူ မြို့စား ၀ီလီယံနဲ့ ချစ်ကြိုက်ခဲ့တယ်။
 The Romp ပြဇာတ်မှ ဒိုရာ
  •                မြို့စား ၀ီလီယံရဲ့ အကြောင်းနည်းနည်းပြောပါရစေ။ တကယ်တော့ သူက ဘုရင့်သားတော် အစစ်ပါ။  တတိယမြောက် ဂျော့ရှ် George III နဲ့ သူ့မိဖုရား ချာလော်တီိ Charlotte တို့က မွေးတာပါ။ ဒါပေမယ့်မွေးချင်း ၁၅ ယောက်မှာ သုံးယောက်မြောက်မို့လို့ ထီးနန်းဆက်ခံခွင့်မှာ သူဟာ မျှော်လင့်ချက်အတော်နည်းသူ။ သူ့ရှေ့မှာ အစ်ကိုနှစ်ယောက်တောင်ရှိတယ်။ ပြီးတော့အဲဒီအစ်ကိုတွေက ကလေးရခဲ့ရင်လည်း အဲဒီကလေးတွေဟာ ထီးနန်းဆက်ခံခွင့်ဥပဒေအရ ၀ီလီယံရဲ့ရှေ့မှာ ရှိတယ်။ ၀ီလီယံဟာ ငယ်စဉ်က မင်းမျိုးမင်းနွယ်တွေရဲ့ ထုံစံအတိုင်း အိမ်မှာဘဲ ဆရာတွေ private tutors နဲ့ အနီးကပ် စာသင်ခဲ့တယ်။ အသက် ၁၃ နှစ်မှာကတည်းက တော်ဝင်ရေတပ်မှာ အဆင့်နိမ့်အရာရှိတစ်ယောက်ဖြစ်လာခဲ့တယ်။ အဲဒီကနေစပြီး သူ့ ငယ်ရွယ်စဉ် ဘ၀တစ်လျှောက်လုံး ရေတပ်မှာ အမှုထမ်းခဲ့တယ်။ ဒါကြောင့်သူ ဘုရင်ဖြစ်လာချိန်မှာ သင်္ဘောသားဘုရင် Sailor King လို့တောင် နာမည်ရခဲ့တယ်။ သူဟာ ဆယ်ကျော်သက်အသက်အရွယ်ကတည်းက စစ်ပွဲတွေကို လိုက်ပါခဲ့ဖူးတယ်။ အသက် ၂၀ မှာ ကပ်ပတိန်ဖြစ်ပြီး နိုင်ငံခြားတွေမှာ တာဝန်ချခြင်းခံရတယ်။ လူငယ်ပေမယ့် စစ်တပ်ထဲမှာ အမိန့်နာခံတတ်သူလို့ နာမည်ရခဲ့တယ်။၊ ရည်မှန်းချက်လည်း ကြီးသူဖြစ်တယ်။
ဝီလီယံငယ်စဉ်က သူ့အစ်ကိုတစ်ယောက်နဲ့ပုံ
  •                 သူဟာ အရွယ်ရောက်တော့ သူအစ်ကို ၂ ယောက်လိုဘဲ မြို့စား Duke ဖြစ်ချင်တယ်။ ဗြိတိန်နိုင်ငံမှာ အဲဒီအချိန်ကတည်းက ပါလီမန်ဆိုတာရှိတယ်။ ဘုရင်အုပ်ချုပ်ပေမယ့် ဘုရင်က ပါလီမန်ထဲက အတိုက်အခံတွေကို ထည့်စဉ်းစားရတဲ့ အခြေအနေတွေရှိတယ်။ မြို့စားဖြစ်ချင်ပြီး ပါလီမန်ထဲကို ၀င်ခွင့်ရဖို့ ၀ီလီယံဟာ သူ့အဖေကို တောင်းဆိုခဲ့တယ်။အဖေဘုရင်ကြီးက အင်တင်တင်လုပ်နေတာနဲ့ သူ့ဟာသူ ပါလီမန်မှာ အရွေးခံမယ်လို့ ခြိမ်းခြောက်တယ်။ ဒီတော့ အဖေဘုရင်ဟာ ၀ီလီယံသာ သူ့သဘောနဲ့ သူအရွေးခံရင်တော့ သူ့ကို ဆန့်ကျင်တဲ့ အတိုက်အခံဘက်ထဲကို ရောက်သွားမှာစိုးတဲ့အတွက် သူကိုယ်တိုင်ဘဲ မြို့စားဘွဲ့ကို ပေးလိုက်တယ်။ အဲဒီမြို့စားဘွဲ့နာမည်က Duke of Clarence and St.Andrews တဲ့။ အဲဒီ Clarence ဆိုတဲ့နာမည်လေးကို မှတ်ထားလိုက်ပါ။ ဘာကြောင့်လည်းဆိုတော့ သူနဲ့ဒိုရာတို့ရခဲ့တဲ့တရားမ၀င် သားသမီးတွေအားလုံးရဲ့မျိုးရိုးနာမည်ဖြစ်လာလို့ပါဘဲ။
 ၀ီလီယံ
  •         ဒိုရာနဲ့ဝီလီယံတို့အတူနေပြီးနောက် လန်ဒန်အနောက်တောင် အရပ်က မင်းမျိုးမင်းနွယ်တွေနေတဲ့ Bushy House  ဆိုတဲ့ အိမ်မှာ ၁၇၉၇ ကတည်းက ပြောင်းနေခဲ့ကြတယ်။ ကလေးတွေတစ်ယောက်ပြီး တစ်ယောက်မွေးလာလို့ မိသားစုကြီးလာတဲ့အတွက် ဘုရင်က သူတို့ကို အဲဒီအိမ်ကြီးကို ပြောင်းပေးလိုက်တာဖြစ်တယ်။ သူတို့နှစ်ယောက် အနှစ် ၂၀ အတူနေခဲ့တဲ့ ကာလက ၁၄ နှစ်ဟာ အဲဒီ Bushy House မှာဖြစ်တယ်။ သူတို့ နှစ်ယောက်ရခဲ့တဲ့ ကလေး ( ၁၀ ) ယောက် ထဲက အများစုကို Bushy House မှာ မွေးတာလို့ ဆိုတယ်။ ၀ီလီယံဟာ ဘုရင့်သားတော်ပေမယ့် သိပ်ပြီး အရေးမပါလှသူမို့ ပြဇာတ်မင်းသမီးနဲ့ အတူနေတာကို ဘုရင်က သိပ်ရေးကြီးခွင်ကျယ်မလုပ်ခဲ့ဘူး။ တစ်ဖက်ကကြည့်ရင် တော်ဝင်မိသားစုအဖို့ အဆင်တောင် ပြေချင်ချင်ရယ်ပါ။ ဒိုရာဟာ မင်းမျိုးမင်းနွယ်မဟုတ်တော့ သူ့အတွက် အသုံးစရိတ်ဟာ တော်ဝင်မင်းသမီးတစ်ယောက်လို မကြီးဘူး။ ပြီးတော့ သူကိုယ်တိုင်ကလည်း ပိုက်ဆံရှာတတ်သူမို့ မင်းသားရဲ့ ပိုက်ဆံကိုသာ ထိုင်သုံးနေစရာမလိုဘူး။ ၀ီလီယံဟာ ဘုရင့်သားပေမယ့် '' ငါသုံးချင်သလောက် ပိုက်ဆံသုံးမယ် '' လို့ စိတ်တိုင်းကျ သုံးလို့ရတာမဟုတ်ဘူး။ အင်္ဂလန်ရဲ့ ဘုရင်စနစ်ဟာ ရုရှားလို တိုင်းပြည်က သက်ဦးဆံပိုင်ဘုရင်တွေလောက် အာဏာမရှိဘူး။ ဘာကြောင့်လဲဆိုတော့ရုရှားကဲ့သို့တိုင်းပြည်တွေက ဘုရင်စနစ်ဟာ absolute monarchy လို့ခေါ်တဲ့ အာဏာအပြည့်အ၀ရှိတဲ့ ဘုရင်စနစ် ဖြစ်တယ်။ ဗြိတိန်ရဲ့ ဘုရင်စနစ်ကတော့ constitutional monarchy ဆိုတဲ့ စနစ်ဖြစ်တယ်။ ဘုရင် monarch တွေဟာ constitution ဆိုတဲ့ အခြေခံဥပဒေအတွင်းမှာဘဲ ပါဝါရှိတယ်။ အခြေခံဥပဒေကို လိုက်နာရတယ်။ ဥပဒေပြုရာပါလီမန်ရှိတယ်။ ဒီတော့ မင်းညီးမင်းသား၊ ဘုရင့်မိသားစုတွေရဲ့ အသုံးစရိတ်ကိုလည်း ဘယ်လောက်ဆိုပြီး ပါလီမန်က ကန်သန့်ထားတာရှိတယ်။ မင်းသားဘ၀နဲ့အကြာကြီးနေခဲ့ရတဲ့ ၀ီလီယံဟာ ကြီးမားတဲ့ မိသားစုရဲ့ စရိတ်အတွက် ဒေါ်ရသီရဲ့ ပြဇာတ်ကလို့ရတဲ့ ပိုက်ဆံအပေါ်မှာလည်း မှီခိုခဲ့ရတယ်။
ဝီလီယံနဲ့ ဒိုရာတို့ရဲ့ အနှစ် ၂၀ အတူနေခဲ့တဲ့ကာလက ၁၄ နှစ်ဟာ Bushy House မှာ ဖြစ်တယ်။
ယခု ပြုပြင်ထိန်းသိမ်းထားတဲ့ Bushy House
  •           ၀ီလီယံဟာလည်း မင်းသားပီပီခေသူတော့ မဟုတ်ဘူး။ ဒိုရာနဲ့ မတွေ့ခင်တုန်းက မိန်းမတစ်ယောက်နဲ့ ရထားတဲ့ ကလေးတစ်ယောက်ရှိခဲ့တယ်။ အဲဒီကလေးဟာ အရွယ်ရောက်တော့ ရေတပ်မှာ အမှုထမ်းရင်းနဲ့ မာဒါဂါစကား Madagascar ဆိုတဲ့ အာဖရိကက ကျွန်းနိုင်ငံမှာရေနစ်ပြီးဆုံးသွားခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ဒိုရာနဲ့ နေရတဲ့ဘ၀ကိုတော့ ၀ီလီယံဟာ ကျေနပ်ခဲ့တယ်လို့ဆိုတယ်။ ဒိုရာဟာ မိခင်ကောင်းတစ်ယောက်၊ မယားကောင်းတစ်ယောက် ဖြစ်တယ်။ သူ့ကို အရမ်းချင်ခင် ဂရုစိုက်ခဲ့ပေမယ့် နိုင်ငံရေးကိစ္စတွေမှာ ၀င်မပါဘဲ သူ့ဟာသူခပ်အေးအေးနေခဲ့တယ်လို့ ဆိုတယ်။
ဒိုရာ
  •           ဒီလောက်တောင် အကြာကြီးနေ၊ ကလေးတွေရပြီးမှ ဘာကြောင့်တရားဝင်မယူရသလဲဆိုတာကတော့ အကြောင်း ၂ ရပ်ရှိတယ်။ တစ်ကြောင်းကတော့ ၁၇၇၂ မှာ ၀ီလီယံရဲ့ အဖိုး ဒုတိယမြောက် ဂျော့ရှ် George II လက်ထက် ထုတ်ပြန်ခဲ့တဲ့  '' တော်ဝင်မိသားစုလက်ထပ်ဥပဒေ Royal Marriages Act 1772 '' ဆိုတဲ့ဥပဒေကြောင့်ဖြစ်တယ်။ ဘုရင် George II က ဆင်းသက်သူမှန်သမျဟာ မင်းမျိုးမင်းနွယ်ကလွဲရင် အပြင်လူနဲ့ မယူရ။ ယူချင်ရင် လက်ရှိအုပ်ချုပ်နေသူ ဘုရင်ရဲ့ ခွင့်ပြုချက် ပါရမယ်။ တကယ်လို့ ဘုရင်က သဘောမတူဘူးဆိုရင် အဆိုပါ စုံတွဲဟာ အသက် ၂၅ နှစ်ပြည့်ပြီးသူများဖြစ်ပါက ပါလီမန်အဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ဘုရင့်အကြံပေးအဖွဲ့Privy Council ကို တစ်နှစ်ကြိုတင်လျှောက်ထားနိုင်တယ်။ တစ်နှစ်ပြည့်လို့ ဘုရင့်အကြံပေးအဖွဲ့က သဘောမတူဘူးလို့ ဆုံးဖြတ်ရင်၊ ဘုရင်ကိုယ်တိုင်ကလည်း သဘောမတူရက်နဲ့မှ လက်ထပ်ရင် ရာဇ၀တ်မှုမြောက်တယ် တဲ့။ 
            နောက်တစ်ချက်က ၀ီလီယံဟာ ဘုရင်ဖြစ်ဖို့ မျှော်လင်ချက်အရမ်းနည်းသူဖြစ်တယ်။ ထီးနန်းဆက်ခံခွင့် အစဉ် line of succession to the throne မှာ သူဟာ တတိယမြောက်။ သူ့အဖေဘုရင်ကြီးသေရင် ဆက်ခံမယ့်အစ်ကို နှစ်ယောက်တောင် သူရှေ့ကရှိတယ်။ တကယ်လို့ အဲဒီအစ်ကိုတွေကသာ သားသမီးမွေးခဲ့မယ်ဆိုရင် အဲဒီသားသမီးတွေက ၀ီလီယံထက်အရင် ဆက်ခံခွင့်ရှိတယ်။ ဒီတော့ သူဟာ အစက ထီးနန်းကို သိပ်မမျှော်ဘဲ မင်းသားဘ၀နဲ့ ပါလီမန်တက်လိုက်၊ အိမ်မှာ ကလေးတွေတပြုံကြီးနဲ့ အဖေလုပ်လိုက်နဲ့ နေလာခဲ့တယ်။ မီဒီယာတွေက ကလေးတွေများတဲ့ သူတို့စုံတွဲကို သတိထားမိတာမျိုးတော့ရှိပါတယ်။ သတင်းစာမှာ ကလေးများတဲ့သူတို့စုံတွဲ အကြောင်းကို ရုပ်ပြောင်ကာတွန်းတွေ ပါလာတတ်တယ်။ဒါပေမယ့် ၀ီလီယံလို သိပ်အရေးမပါတဲ့ မင်းသားက ပြဇာတ်မင်းသမီးနဲ့ အတူနေတာကို ရေးကြီးခွင်ကျယ်လုပ်ပြီးတော့ ပြောတာမျိုးတော့မဟုတ်ပါဘူး။
              ဒိုရာတစ်ယောက်ကတော့အဲဒီအချိန်မှာ တရားဝင်ဇနီးတစ်ယောက်အဖြစ် တရားဝင်သားသမီးတွေနဲ့ အတူနေရဖို့ဘ၀ အိမ်မက်ကို လက်လျှော့လိုက်ပါပြီ။သူက ၀ီလီယံနဲ့ ကလေးတွေကို တော်တော်ချစ်သတဲ့။ ၀ီလီယံဟာ သူ့ဘ၀အတွက် နောက်ဆုံးယောက်ျားဖြစ်တယ်။
မျောက်ရှုံးအောင်ဆော့တဲ့ ကလေးသုံးကောင်ပါတဲ့ တွန်းလှည်းကို တွန်းလာတဲ့ပုပုဖိုင့်ဖိုင့်နှုတ်ခမ်းထော်ထော် မျက်ပေါက်ကျဉ်းကျဉ်းနဲ့ ၀ီလီယံပုံ။ ဘေးမှာတော့ ပြဇာတ်စာသားတွေကို အသေကျက်မှတ်ရင်းလိုက်လာတဲ့ ဒိုရာ။ သတင်းစာ ကာတွန်း။
  •        ကလေးတပြုံကြီးနဲ့ သူတို့နှစ်ယောက် ဘ၀ဟာ ရရစားစားလို့ ပြောလို့ရတယ်။ ၀ီလီယံရဲ့ ပိုက်ဆံနဲ့ ဒိုရာရတဲ့ငွေပေါင်းတာတောင် တစ်လတစ်လ အလျှင်မမီနိုင်ဘူး။ တစ်ခါတော့ ကြွေးရှင် ဆေးရောင်းသူတစ်ယောက်ဟာ ဒိုရာကို အိမ်တိုင်ရာရောက် ကြွေးလာတောင်းတယ်။ ဒိုရာက မပေးနိုင်သေးလို့ တောင်းတောင်းပန်ပန်နဲ့ စောင့်ဖို့ပြောတယ်။ ဆေးဆရာကလည်း မစောင့်ချင်တော့ဘူး။ ဒါနဲ့ ဒိုရာဟာ အားနာနာ ကြံရမရနဲ့ '' ဒီလိုဆိုရင်လည်း ကျမရဲ့ အသက်ကိုသာ ယူသွားပါတော့ '' ဆိုပြီး သူအမြတ်တနိုးရေးထားခဲ့တဲ့ မှတ်စု memoirs စာအုပ်ထူကြီးကို ထိုးပေးဖူးသတဲ့။ ဒိုရာဟာ သူ့ရဲ့ စားအိုးကြီးတဲ့ မိသားစုသာမက သူ့ရဲ့ မောင်နှမတွေကိုလည်း ထောက်ပံရသေးတယ်။ သူ့ကို အကူအညီလာတောင်းတိုင်း မရှိဘူး လို့ မငြင်းတတ်ခဲ့ဘူး။ ၀ီလီယံမသိအောင်တစ်မျိုး သိအောင် တစ်ဖုံပေးရင် ၀ီလီယံနဲ့စကားများရပေါင်းများပြီ။
 Dora ရဲ့ပုံတူတစ်ခု
  •             ၁၈၀၆ လောက်ကစပြီး မင်းသားမှာ အကြွေးတွေပိလာခဲ့တယ်။ ဒိုရာရဲ့ စန်းအထဆုံးအချိန်ကလည်း ကျော်လွန်လာခဲ့ပြီ။ ဒီတော့ ၀ီလီယံဟာ ထွက်ပေါက်အတွက် ချမ်းသာတဲ့တော်ဝင်မင်းသမီးတစ်ယောက်ကို တရားဝင် လက်ထပ်ဖို့ရှာခဲ့တယ်။ ဒါပေမယ့် အစပိုင်းမှာ သူ့ကို ဘယ်သူမှ အဖက်မလုပ်ပါဘူး။ အဲဒီလိုရှာနေစဉ် ၁၈၁၁ မှာ ၀ီလီယံနဲ့ ဒိုရာရဲ့ အနှစ် ၂၀ နီးပါးရှိပြီဖြစ်တဲ့ အိမ်ထောင်လည်း  အပြီးကို ကွဲသွားပါတော့တယ်။ ဒိုရာက '' ပိုက်ဆံဟာ ၀ီလီယံကို ကြောက်စရာကောင်းတဲ့သူတစ်ယောက်အဖြစ် ဖန်တီးလိုက်ပြီ '' လို့ ဆိုသတဲ့။ ၀ီလီယံက သားသမီးစရိတ်ဆိုပြီး နှစ်စဉ် ထောက်ပံကြေးတော့ ပေးတယ်။ ဒါပေမယ့် အဲဒီ ထောက်ပံကြေးအတွက် ဒိုရာ ပြန်ပေးရတာကတော့ '' ဇာတ်ခုံပေါ်ကို မတက်တော့ပါဘူး '' ဆိုတဲ့ ကတိ။ ဒါပေမယ့် တချိန်မှာတော့ ဒိုရာဟာ ကတိကို ဖျက်ပြီး ဇာတ်ခုံပေါ်ကို ပြန်တက်ခဲ့ရတယ်။ အကြောင်းကတော့ သူ့ရဲ့ သားမက်တစ်ယောက် အရမ်းကို အကြွေးထူပြီး ဒုက္ခရောက်နေတာကို ကြည့်မနေနိုင်လို့ ကူဆပ်ပေးဖို့ဆိုပြီး ဇာတ်ပြန်ကခဲ့ရတာဖြစ်တယ်။ ဖြစ်ချင်တော့ အဲဒီသားမက်နဲ့ရထားတဲ့သူ့သမီးဟာ ၀ီလီယံနဲ့ ရတဲ့ သမီးမဟုတ်ဘဲ ၀ီလီယံနဲ့ မတွေ့ခင်က ရထားတဲ့ သမီးတစ်ယောက်ဖြစ်နေတယ်။ ဒါနဲ့ ၀ီလီယံက ဒေါသပုန်တွေထ ထောက်ပံကြေးကို ဖြတ်လိုက်ပြီး သားသမီးတွေ စောင့်ရှောက်ခွင့်ကို သူပြောင်းယူလိုက်ပါတယ်။ ပရိသတ်နဲ့ အဆက်အတော်ပြတ်ပြီးမှ ပြန်ကခဲ့တဲ့ ဒိုရာ၊ အသက်အရွယ်လည်း ထောက်လာပြီဖြစ်တဲ့ ဒိုရာတစ်ယောက်ကတော့ အရင်ကလို စန်းမျိုးမရှိတော့တာ ပြောစရာတောင် မလိုတော့ပါဘူး။ ဇာတ်မှာ အောင်မြင်အောင် မကနိုင်၊ အကြွေးကလည်း ထူသထက်ထူလာ၊ ထောက်ပံ့ကြေးကလည်း မရနဲ့ နောက်ဆုံးမှာ သူမဟာ ပြင်သစ်ကို ထွက်ပြေးရပါတယ်။ ၁၈၁၆ မှာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့နားမှာ ဒိုရာတစ်ယောက် ဆင်းရဲ့ချွတ်ချံကျပြီး ဆုံးပါးသွားခဲ့ရတယ်။ သေတော့ သူ့အသက်ဟာ ၅၅ နှစ်သာရှိပါသေးတယ်။ တရားမ၀င်သမီးအဖြစ်မွေးခဲ့တဲ့ ဒိုရာဟာ တရားဝင်ယူမယ့်ယောက်ျားတစ်ယောက်ကို သူ့တစ်သက် ရှာမတွေ့သွားခဲ့ဘူး။
  •            ၀ီလီယံဟာ သူ့အကြွေးတွေကို ကူဆပ်မယ့် သဌေးမင်းသမီးတစ်ယောက်ကို ရှာရင်းနဲ့ လုံးလည်လိုက်နေချိန် ၁၈၁၇ မှာ သူ့တူမ ချာလော်တီ Charlotte ဟာ ကလေးမွေးရင်း မီးတွင်းထဲမှာ ဆုံးသွားပါတယ်။ ဒါဟာ ၀ီလီယံအတွက်တော့ ဘုရင်ဖြစ်ဖို့ တစ်ဆင့်နီးသွားတာပါ။ ဘာကြောင့်လည်း ဆိုတော့ ချာလော်တီဟာ သူ့အစ်ကို အကြီးဆုံးက မွေးတာမို့ ထီးနန်းဆက်ခံခွင့်မှာ ၀ီလီယံရဲ့ ရှေ့မှာရှိတယ်။
မီးတွင်းထဲမှာ ဆုံးသွားတဲ့ Princess Charlotte of Wales။ သူမက ၀ီလီယံရဲ့ အစ်ကိုအကြီးဆုံးသမီး ဖြစ်တာကြောင့် ထီးနန်းဆက်ခံခွင့်မှာ ၀ီလီယံတို့အားလုံးထက် ရှေ့က ဖြစ်သည်။
  •             ၀ီလီယံရဲ့ အရှေ့မှာ တရားဝင်သားသမီးမကျန်တော့တဲ့ အစ်ကို ၂ ယောက်သာ ကျန်ပါတော့တယ်။ အဲဒီအစ်ကိုတွေဟာ ကျန်းမာရေးကလည်း ချူချာသူတွေမို့ ၀ီလီယံတစ်ယောက် မင်းဖြစ်မယ့် အရိပ်အယောင်တွေ ရေးရေးလေး ပေါ်လာပါတယ်။ သူသာ အသက်ရှည်ရှည်နေနိုင်မယ်ဆိုရင်ပေါ့လေ။ ဒီကြားထဲမှာ သူဟာ သူ့ထက် အသက် ထက်ဝက်လောက်ငယ်တဲ့ ၂၅ နှစ်အရွယ် Adelaide ဆိုတဲ့ ဂျာမန်မင်းသမီးတစ်ယောက်နဲ့ အဆင်ပြေသွားပါတယ်။ ၁၈၁၈ မှာ ၀ီလီယံနဲ့ ဂျာမန်မင်းသမီးတို့ မင်္ဂလာဆောင်တယ်။ ဂျာမန်မင်းသမီးရဲ့ ပိုက်ဆံတန်ခိုးရဲ့ ၀ီလီယံရဲ့ အကြွေးတွေလည်း တဖြည်းဖြည်းကြေသွားခဲ့တယ်။
  •          ၁၈၂၀ မှာ ၀ီလီယံတို့ရဲ့ အဖေကြီးဖြစ်တဲ့ ဘုရင် George III နတ်ရွာစံပါတယ်။ ၀ီလီယံရဲ့ အစ်ကို အကြီးဆုံးက စတုတ္ထမြောက် ဂျော့ရှ် George IV ဆိုတဲ့ နာမည်နဲ့ နန်းတက်တယ်။ သြော်...စိတ်ကူးစိတ်သန်းရင့်သန်ပုံများ အဖေလည်း ဂျော့ရှ်၊ သားလည်း ဂျော့ရှ်တဲ့....အဲ...အဖိုးကလည်း ဂျော့်ရှ် .......။ ဒီနာမည်တွေနဲ့ဘဲ ပတ်လည်ရိုက်နေကြတယ်။ နောက်လူတွေ မှတ်မိလွယ်အောင် နာမည် လှလှဆန်းဆန်းလေးများ မမှည့်တတ်ကြဘူးလားကွယ်။ ဒီတော့ ၀ီလီယံဟာ ထီးနန်းဆက်ခံခွင့်မှာ ဒုတိယနေရာရောက်လာတယ်။ သူ့ရှေ့မှာ ဒုတိယအစ်ကိုဘဲကျန်တော့တယ်။ မယားငယ်ငယ်လေးနဲ့ ဘုရင်လုပ်ဖို့ကလည်း နီးလာတဲ့ဝီလီယံဟာ ကျန်းမာရေးကို အထူးဂရုစိုက်လာပါတယ်။ နာရီပေါင်းများစွာလမ်းလျှောက်၊ အစားအသောက်လည်း ဆင်ခြင်နဲ့နေလာလိုက်တာ ၁၈၂၇ မှာ သူ့ရဲ့ မကျန်းမာတဲ့ ဒုတိယအစ်ကို သေသွားတဲ့အတွက် ၀ီလီယံဟာ ထီနန်းဆက်ခံခွင့်မှာ ရှေ့ဆုံးနေရာကို ရောက်လာပါတယ်။ ၁၈၃၀ မှာ အစ်ကိုအကြီးဆုံးဖြစ်တဲ့ ဘုရင် George IV နတ်ရွာစံတယ်။ ဘုရင်ကြီးမှာ တရားဝင်သားသမီးတစ်ယောက်မှ မကျန်ခဲ့တဲ့အတွက် ၀ီလီယံဟာ သူမျှော်မှန်းထားသလို ဘုရင်ဖြစ်လာပါတယ်။ ဒါပေမယ့် သူဘုရင်ဖြစ်ချိန်မှာ သူ့အသက်လည်း ၆၄ နှစ်ရှိနေပါပြီ။ William IV ဆိုတဲ့ နာမည်နဲ့ သေတဲ့အထိ ၇ နှစ် အုပ်ချုပ်သွားခဲ့တယ်။
  • ၀ီလီယံနဲ့ ဂျာမန်မင်းသမီး
  •                 ၀ီလီယံနဲ့ ဂျာမန်မင်းသမီးတို့အိမ်ထောင်ရေးဟာ အကြမ်းဖျင်းပြောရရင် သာယာခဲ့ပါတယ်။ ၀ီလီယံ သေတဲ့အထိဆို အနှစ် ၂၀ လောက် ပေါင်းလိုက်ရတယ်။ ဒါပေမယ့် ဂျာမန်မင်းသမီးနဲ့ ရတဲ့ တရားဝင်သားသမီး ၂ ယောက်ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးသွားကြလို့ ၀ီလီယံဟာ ဘုရင်အဖြစ် နတ်ရွာစံတော့ သူ့ကို ဆက်ခံမယ့် သားသမီးမရှိပါ။ သူ့ရဲ့ ညီဖြစ်သူကလည်း ဆုံးသွားပြီမို့ အဲဒီညီရဲ့ သမီး ဗစ်တိုးရီးယား Victoria က အသက် ၁၈ နှစ်နဲ့ ဘုရင်မဖြစ်လာပါတယ်။ ဗစ်တိုးရီးယားဆိုတာ ဗြိတိန်နိုင်ငံကို အုပ်စိုးသွားသူများထဲမှာ နန်းသက်အရှည်ဆုံး အုပ်ချုပ်သူ ပါဘဲ ။ ဘုရင်မစဖြစ်တဲ့ အချိန်ကနေ နောက်ထပ် ၆၃ နှစ်နဲ့ ၇ လ အုပ်စိုးသွားခဲ့တယ်။ အခုလက်ရှိ ဗြိတိန်နိုင်ငံရဲ့ ဘုရင်မကြီး အဲလိဇဘက် Elizabeth II က အဲဒီ ဗစ်တိုးရီးယားးက ဆင်းသက်တဲ့ မျိုးဆက်ဖြစ်တယ်။ Elizabeth II ဟာ အခု ၂၀၁၂ မှာ နန်းသက် ၆၀ ပြည့်မှာ ဖြစ်တယ်။ တကယ်လို့သာ နောက်ထပ် ၄ နှစ်လောက် ဆက်အုပ်ချုပ်နိုင်ရင် Elizabath II ဟာ Victoria ကို ကျော်ပြီး နန်းသက် အရှည်ဆုံး ဘုရင်မ အဖြစ်နဲ့ စံချိန်ဝင်မှာ ဖြစ်ပါတယ်။
ဝီလီယံရဲ့တူမ ၁၈ နှစ်နဲ့ ဘုရင်မဖြစ်လာတဲ့ ဗစ်တိုးရီးယား Victoria
ဗစ်တိုးရီးယားဘုရင်မကြီးအသက်ကြီးစဉ်ကပုံ။
ယခုလက်ရှိအုပ်ချုပ်နေတဲ့ Queen Elizabeth II ငယ်စဉ်ကပုံ။ သူ့ဟာ ကနေဒါ၊ နယူဇီးလန်၊ သြစတေးလျား၊ သိရိလင်္ကာ၊ ပါကစ္စတန်၊တောင်အာဖရိကစတဲ့ ဓနသဟာယနိုင်ငံများ Commonwealth Countries များရဲ့ခေါင်းဆောင်လည်းဖြစ်တယ်။ ဒါသူ့ပုံပါတဲ့နယူးဇီလန်နိုင်ငံက တံဆိပ်ခေါင်းတစ်ခု။
Queen Elizabeth II ရဲ့ ယခုပုံ။ ၂၀၁၂ တွင်သူ အသက် ၈၆ နှစ်ပြည့်ပြီးနန်းသက် ကတော့ အနှစ် ၆၀ ။
  •                  ၀ီလီယံအတွက်ကတော့ ရယ်အားထက် ငိုအားသန်ခဲ့ရပါပြီ။ သူနတ်ရွာစံတော့ အသက်ရှင်လျှက် သူ့သားသမီး ၈ ယောက်တောင် ကျန်ပါတယ်။ ဒါပေမယ့် အားလုံး ဒိုရာနဲ့ရတဲ့ တရားမ၀င်တွေချည်းမို့ ထီးနန်းကို ဘယ်သူမှ မရလိုက်ဘူး။  ကလေးတွေရဲ့ မျိုးနွယ်ကို ၀ီလီယံရဲ့ မျိုးရိုးနာမည်ကို မယူဘဲ FitzClarence ဆိုတဲ့မျိုးရိုးနာမည်ကို ပေးခဲ့တယ်။ ၀ီလီယံတို့ရဲ့ အင်္ဂလိပ်နော်မန်လူမျိုးများရဲ့ စကားမှာ fitz ဆိုတာ သားသမီးလို့ အဓိပ္ပါယ်ရပြီး Clarence ဆိုတာကတော့ ၀ီလီယံမြို့စားဘ၀က ဂုဏ်ပုဒ်ဖြစ်တဲ့ Duke of Clarence ဆိုတာကို ယူထားတာပါ။ ဒီတော့ FitzClarence ဆိုတာ '' ကလဲရန့်စ် မြို့စား ရဲ့ သားသမီး Son of Clarence '' လို့ အဓိပ္ပါယ်ရပါတယ်။ ဒိုရာနဲ့ ရတဲ့ သားသမီး ၁၀ ယောက်ရှိခဲ့တယ်။ သား ( ၅ )ယောက် သမီး( ၅ ) ယောက်။ သမီးမိန်းကလေး ငါးယောက်ထဲက တတိယမြောက် ဖြစ်တဲ့ ၁၈၀၁ ခုနှစ်ဖွား အဲလိစဘက် Elizabath FitzClarence ဟာ အသက် ၁၉ နှစ်မှာ စကော့တလန်သား William Hay ဆိုသူနဲ့ အကြောင်းပါပြီး ယောက်ျားရဲ့ မျိုးရိုးနာမည်ကို ယူပြီး Elizabath Hay ဖြစ်လာပါတယ်။ သူတို့ ( ၂ ) ယောက်ကနေ အခုလက်ရှိ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကမ်မရွန်တို့မျိုးဆက်ကို မွေးခဲ့တာပါ။ ဒေးဗစ်ကမ်မရွန်းရဲ့ မျိုးရိုးဟာ တရားဝင်သာဖြစ်ခဲ့မယ်ဆိုရင် ထီးနန်းဆက်ခံခွင့်မှာ ယခုလက်ရှိဘုရင်မကြီး အဲလိဇဘက်တို့ထက် ပိုပြီး ရှေ့ရောက်တယ်ဆိုတာ စာဖတ်သူ သဘောပေါက်ပြီလို့ မျှော်လင့်ပါတယ်။ အထက်မှာ ပြောခဲ့တဲ့အချက်တွေကြောင့်အခုလက်ရှိ ဗြိတိန်က ဘုရင်မကြီး Elizabeth II နဲ့ ဒေးဗစ်ကမ်မရွန်းဟာ မောင်နှမငါးဝမ်းကွဲတော်တယ်လို့ မင်းမျိုးမင်းနွယ်တွေ ဆက်စပ်မှုကို ဖော်ပြတဲ့ စာအုပ်များက ဆိုပါတယ်။
                                       ..........................တကယ်လို့...................................
  • ၁၇၇၂ ခုနှစ်ထုတ် တော်ဝင် မိသားစုလက်ထပ်ဥပဒေ Royal Marriages Act 1772 ဆိုတာသာ မရှိခဲ့ရင်၊
  • ဒါမှမဟုတ် ၀ီလီယံမင်းသားသာ ဇယားနည်းနည်း အရှုပ်ခံပြီး ဘုရင်ဆီက ခွင့်ပြုချက်တောင်း သို့မဟုတ် ဘုရင့်အကြံပေးအဖွဲ Privy Council ကို တင်ပြပြီး ပြဇာတ်မင်းသမီးဒိုရာနဲ့ တရားဝင်လက်ထပ်ခဲ့ရင်
            အခုဆိုရင် ဒေးဗစ်ကမ်မရွန်းဟာ ဘုရင်ဖြစ်မယ်လို့ တပ်အပ်မပြောနိုင်ပေမယ့် တော်ဝင်မိသားစုထဲမှာတော့ ပါသွားမှာပါဘဲ.....။  ဒါဆိုရင် ဗြိတိန်နိုင်ငံရဲ့ လက်ရှိ ၀န်ကြီးချုပ်နေရာမှာ ဒေးဗစ်ကမ်မရွန်းဖြစ်ချင်မှ ဖြစ်မှာနော်။ ဒါဆို သင်္ကြန်တွင်းကြီး တို့အမေနဲ့လာတွေ့သွားတဲ့ ဗြိတိန်ဝန်ကြီးချုပ်ဟာလည်း ကမ်မရွန်းမဟုတ်ဘဲ တခြားတစ်ယောက်ဖြစ်ရင် ဖြစ်နေမှာဟု မရေမရာ အူကြောင်ကြောင်တွေးရင်း အဆုံးသတ်ပါသည်။
                                  Happy Myanmar New Year သူငယ်ချင်းတို့ရေ !!!
ဘုရင်ဝီလီယံကြောင့်အမျိုးတော်ရတဲ့ Queen Elizabeth II နဲ့ David Cameron
ဝန်ကြီးချုပ်အသစ်စက်စက်ဖြစ်တော့ထုံတမ်းစဉ်လာအတိုင်း ဘုရင်မကြီးကို သွားတွေ့တဲ့ ဒေးဗစ်ကမ်မရွန်း
Ref:
http://books.google.es/books?id=4qlUWvVCnwIC&pg=PA212&lpg=PA212&dq=%22Dorothy+Jordan%22+AND+%22Bushy+House%22&source=bl&ots=njv_1_XIIS&sig=5ttzHN4cEnPGTXvov1FyrnM1AWs#v=onepage&q=%22Dorothy%20Jordan%22%20AND%20%22Bushy%20House%22&f=false
http://books.google.it/books?id=kRGJhWpf2qcC&pg=PA177&redir_esc=y#v=onepage&q&f=false
http://books.google.it/books?id=dVIGcfOMwn8C&pg=PA81&redir_esc=y#v=onepage&q&f=false
http://en.wikipedia.org/wiki/William_IV_of_the_United_Kingdom
http://en.wikipedia.org/wiki/Royal_Marriages_Act_1772
http://en.wikipedia.org/wiki/Dorothea_Blandhttps://www.facebook.com/notes/spring-flowers/ဒေးဗစ်ကမ်မရွန်းတို့-မျိုးရိုး-ဘာကြောင့်ဘုရင်-မဖြစ်သလဲ/
အင်ဒိုနီးရှားအိမ်ဖော် (Win Farida, 26- years old)အား မလေးရှားအိမ်ရှင်၏လူမဆန်စွာညှဉ်းပန်းနှိပ်စက်ပြီးမုဒိန်းကျင့်မှု (2009)
Win Farida ကိုအဝေးပြေလမ်း တစ်နေရာ၌အိမ်ရှင် တို့မှ နှိပ်စက်ပြီး စွန့်ပစ်ထားသည်ကို တွေ့ခဲ့ စဉ်က။
အင်ဒိုနီးရှားအိမ်ဖော် (Win Farida, 26- years old)အား မလေးရှားအိမ်ရှင်၏လူမဆန်စွာညှဉ်းပန်းနှိပ်စက်ပြီးမုဒိန်းကျင့်မှု (2009)
မလေးရှားနိုင်ငံသားအိမ်ရှင် အမျိုးသားတစ်ဦးသည် သူ၏အိမ်ဖော်အိမ်အကူ အသက် ၂၆-နှစ်အရွယ်ရှိ အင်ဒိုးနီးရှားနိုင်ငံသူ Win Farida (From East Java) အား ညှဉ်းပန်းနှိပ်စက်မှု (မီးပူဖြင့် အပူကပ်ခြင်း၊ ရိုက်နှက်ခြင်း) တို့ကြောင့် မလေးရှားတရားရုံးက ထောင်ဒဏ် ၈-နှစ်ချမှတ်ခဲသည်။
တရားခံဖြစ်သော မြက်ဖြတ်လုပ်ငန်းကန်ထရိုက်တာ A. Vealu (၄၂- နှစ်) သည် ပီနန်မြောက်ပိုင်း ခရိုင်တရားရုံးတွင် အမိန့်ချပြီးပြီးချင်း၊ ထောင်ဒဏ်ကို ချက်ချင်းမခံရသေးဘဲ၊ ယင်း၏အသနားခံစာကိုတင်ထားသည်အတွက်ကြောင့်ဖြစ်ပါသည်။ (New Straits Times မလေးရှားသတင်းစာ)။ သူ၏ ဇနီးသည် ဖြစ်သော S.M. Poongavanam သည် ၂၀၀၉ မေလတွင် ထောင်ဒဏ် ၈-နှစ်ချမှတ်ခံခဲ့ရသည်။ သူသည်လည်း သူတို့အိမ်ဖော်ကို မီးပူနှင့် အပူကပ်ခြင်း၊ နှိပ်စက်ခြင်း စသည်အမှုများနှင့် အပြစ်ပေးခံခဲ့ရခြင်း ဖြစ်သောကြောင့် ပီနန်မြောက်ပိုင်း ခရိုင်တရားရုံးတရားသူကြီး Roslan မှ အမိန့်ချမှတ်ခဲ့ပါသည်။
သူတို့၏ အိမ်ဖော်မိန်းခလေးကို အဝေးပြေးလမ်းဘေးတစ်နေရာတွင် သတိလစ်မေ့မျောလျက်တွေ့ရပြီး (ဓာတ်ပုံ - From My launchpad News)၊ သူမက အိမ်ရှင် A. Vealu သည် သူမအား အကြိမ်ကြိမ် မုဒိန်းကျင့် ခဲ့ကြောင်း တိုင်ကြားခဲ့သည်။ သူမ၏ ကိုယ်ခန္ဓာအနှံ့ မီးလောင်ထားသည့်ကြီးမား သော ဒဏ်ရာကွက်ကြီးများ (မီးပူနှင့်ကပ်ခံရ၍) နှင့် ကွဲရာ၊ ကုတ်ရာ၊ ခြစ်ရာများကိုတွေ့ရသည်။ ဤအမှုသည် အင်ဒိုနီးရှားမှ အိမ်ဖော်တင်ပို့မှုကို ရပ်ဆိုင်းလိုက်သည့် အမှုအကြောင်းရင်း များစွာအနက်မှ တစ်မှု ဖြစ်သည်။
Vealu နှင့် သူ၏ဇနီး Poongavanam တို့သည် ထိုအမှုကြောင့် နှစ်ဦးစလုံးတရားစွဲဆိုခံခဲ့ရသည်။ Poongavanam မှာ ၂၀၀၉ မေလတွင် ထောင်ဒဏ် ၈-နှစ် ပြစ်ဒဏ် စခံရပြီးဖြစ်သည်။ Vealu မှာအသနားခံစာတင်ထား၍ ပြစ်ဒဏ်ကို ရွှေ့ဆိုင်းထားသည်။ (အသနားခံစာရှုံး - ယခုအချိန်တွင် ထောင်ဒဏ် ခံနေရပါသည်။ 2011)
Malaysian Association of Foreign Maid Agencies မှထုတ်ပြန်ချက်အရ မလေးရှားတွင်အိမ်ဖော်နှင့် အိမ်အကူအလုပ်သမအရေတွက် 170,000 ရှိပါသည်။
မလေးရှားရှိ အလုပ်သမားနှင့်အမျိုးသမီးအခွင့်အရေးများကိုကာကွယ်မှုပေးနေသော Tenaganita မှ ကမ္ဘောဒီးယားနိုင်ငံအစိုးရထံ မလေးရှားသို့ အိမ်ဖော်နှင့်အိမ်အကူများ မပို့ရန် ပန်ကြားလွှာပို့ခဲ့သည်။ ထိုအချိန်တွင် မလေးရှားအစိုးရဘက်မှလည်း အိမ်အလုပ်သမ များကို ကာကွယ်ပေးသော ဥပဒေများချမှတ်ပေးမည် ဟုထုတ်ပြန်ခဲ့သည်။
မကြာသေးမီက အင်ဒိုနီးရှားအိမ်ဖော်မိန်းခလေးသေဆုံးမှုမှာ အိမ်ရှင်၏ လုပ်ကြံသတ်ဖြတ်မှုကြောင့်ဖြစ်သော်လည်း၊ မလေးရှားရဲဘက် မှပြောသည်မှာ သူမသည် ညှဉ်းဆဲခံရခြင်းကြောင့်သေဆုံးခြင်းမဟုတ်၊ အဆုတ်ရောင်ခြင်းကြောင့်သေဆုံးသည်ဟု လိမ်လည်ထွက်ဆို ခဲ့ကြသည်။
ကမ္ဘောဒီးယားအိမ်ဖော်၊အိမ်အကူများနှင့်ပတ်သက်၍ မလေးရှားရှိ လူ့အခွင့်အရေးအဖွဲ့ဖြစ်သော Tenaganita ကပြောသည်မှာ မလေးရှားတွင်အိမ်ဖော် အိမ်အကူအလုပ်လုပ်နေသူများမှာ အသက် ၂၁-နှစ်ပြည့်ရမည်ဖြစ်သည်။ (အပြည်ပြည်ဆိုင်ရာ ဥပဒေအရ ရွှေ့ပြောင်းအလုပ်သမားတစ်ဦး အနည်းဆုံးရှိရမည့်အသက်) ထို့အပြင် အလုပ်ဝန်ပိစေမှုများ၊ မတရားမှုများ ကို တွေ့ရသည့်အတွက်ကြောင့် မလေးရှားသည် ခေတ်သစ်ကျွန်စနစ်သက်ဝင် လျက်ရှိသော နိုင်ငံတစ်ခုဖြစ်ပါသည်။
မလေးရှားသည် ယခုအခါ စီးပွားရေးလုပ်ငန်းကြီးငယ်များ နိုင်ငံအနှံနှင့် နိုင်ငံတကာတွင်လုပ်ဆောင်နေသည့်အတွက် ယင်းတို့၏ အိမ်မှုကိစ္စများခိုင်းစေ ရန်အိမ်ဖော်အိမ်အကူများလိုကြောင်း၊ အစိုးရကို တောင်းဆိုနေကြသည်။ လူ့အခွင့်အရေးအဖွဲ့များက မလေးရှားလူမျိုးတို့သည် အိမ်ဖော်အိမ်အကူ မရှိ ဘဲမိမိတို့၏ အိမ်မှုကိစ္စများကို ကိုယ်တိုင်သာတာဝန်ယူ သင့်ကြောင်း ပြောဆိုပါသည်။
ကျွန်ုပ်တို့မြန်မာမိန်းခလေးများ မလေးရှားတွင်အိမ်ကျွန် အဖြစ် နှိပ်စက်ခံရစေရန် နှင့် သူတို့အကျိုးအမြတ်တစ်ခုတည်းကိုသာ ကြည့်၍ ကြံ့ဖွံ့အစိုးရ နှင့် အပေါင်းပါတို့သည် ကြံစည်ကြိုးပမ်းလျက်ရှိကြပါသည်။ မြန်မာပြည်သားအားလုံး တတ်နိုင်သည့်ဘက်မှ တားဆီးနိုင်စေရန်နှင့် ဤသို့သောဖြစ်ရပ်မှန် ဆိုးဝါးမှုများကို မြန်မာပြည်အနှံ့ မိန်းခလေးများနှင့် သူတို့၏ မိဘဆွေမျိုးများ သိရှိစေရန် ၀ိုင်းဝန်းကြိုးပမ်းကြစေဖို့…လေးစားစွာ တိုက်တွန်းလိုက် ရပါသည်။
ယခုရေးသားလျက်ရှိသော မလေးရှားရှိအိမ်ဖော်၊ အိမ်အကူတို့၏ဘ၀ စာများ၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံသားများ မလေးရှားအလုပ်ရှင်၊ အိမ်ရှင်တို့၏ မတရားရက်စက်မှုများကို သိစေလိုခြင်း၊ မြန်မာနိုင်ငံမှ ကျွန်ုပ်တို့၏ ညီမ၊ အစ်မများ မလေးရှားသို့အိမ်ဖော်အဖြစ် မရောက်လာရေး အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရေး ဖြစ်သည်။ ဤအကြောင်းအရာနှင့် ဤစာကို မိတ်ဆွေတို့ကြိုးပမ်းနေမှုများတွင် သဲတစ်ပွင့်အဖြစ်လိုအပ်ပါက ကြိုက်သလို သုံးနိုင်သည်။
ဆက်လက်ဖော်ပြပါမည်။
Friend Ever (နွားကျောင်းသား)
Ref:       Agence France-Presse 13.04.2011 Saturday
              Global News Inquirer News
              www.thejakartaglobe.com
              http://www.bangkokpost.com/news/asia/251666/malaysian-gets-8-years-for-abusing-indonesian-maid
              Maid’s Name and other detail is from -  http://www.deccanchronicle.com/channels/world/asia/
Win Farida ကိုအဝေးပြေလမ်း တစ်နေရာ၌အိမ်ရှင် တို့မှ နှိပ်စက်ပြီး စွန့်ပစ်ထားသည်ကို တွေ့ခဲ့ စဉ်က။
Saturday, April 7, 2012
ကြက်ဥများက ပြောသောသမိုင်း ( အပိုင်း ၂ )
ပထမပိုင်းဖတ်ပြီးမှ ဖတ်ပါက ပိုရေလည်ပါလိမ့်မည်။
ဇာဘုရင်တို့စံမြန်းရာ နန်းတော်များထဲမှ တစ်ခုပုံလုပ်ထားတဲ့Gatchina Palace Egg
  •              နိကိုးလပ်စ်ဟာ နန်တက်ပြီးနောက် သူ့အဖေ အလက်ဇန်းဒါး အစပြုခဲ့တဲ့ ဆိုက်ဘေးရီးယား မီးရထားလမ်းကြီးကို ဆက်ဆောက်ခဲ့တယ်။ အဲဒီမီးရထားလမ်းဆောက်တာဟာ နည်းနည်းနောနော ပရောဂျက်မဟုတ်ဘူး။ ဆိုက်ဘေးရီးယားဆိုတာ ရုရှားတစ်ခုလုံးရဲ့ ၇၇ % ရှိတဲ့ နယ်မြေဖြစ်တယ်။ ၅၇၇၂ မိုင်ရှည်တဲ့ ဆိုက်ဘေးရီးယားမီးရထားလမ်းကြီးဟာ အခုလက်ရှိမှာကို ကမ္ဘာ့အရှည်ဆုံးမီးရထားလမ်းဖြစ်တယ်။ရုရှား မြို့တော် မော်စကိုကနေ ဂျပန်ပင်လယ်အထိပေါက်တယ်။ မွန်ဂိုးလီးယားနဲ့ မန်ချူးရီးယားကို ဖြတ်ပြီး တရုတ်ပြည်ထိသွားတဲ့ လိုင်းတွေရှိတယ်။ အဲဒီကနေ မြောက်ကိုးရီးယားထိတိုင် ဆက်သွားလို့ရသေး။ မြောက်ကိုးရီးယားသား ပူပူနွေးနွေးဖတဆိုးလေး Kim Jong-un ကို အာရိငါ့ဆဲယော် သွားလုပ်ချင်ရင် မော်စကိုကနေ အဲဒီလမ်းအတိုင်း သွားရင် ရောက်တယ်တဲ့။ နည်းနည်းတော့ အေးမယ်လို့ ပြောတယ်။ အသေအေးတာကို ဆိုက်ဘေးရီးယားအအေးဒဏ် Siberian cold နဲ့ တင်စားလေ့ရှိကြတယ်မဟုတ်လား။ ဆိုက်ဘေးရီယားက Sakha ဆိုတဲ့အရပ်ဟာ ကမ္ဘာပေါ်မှာ လူနေတဲ့ အအေးဆုံးဒေသတွေထဲက တစ်ခုလို့ စံချိန်တင်ထားတယ်။ ၁၈၉၂ ကဆောင်းတွင်းမှာ မိုင်းနပ်စ်အောက် ၆၇.၈ ဒီဂရီစင်တီဂရိတ်ရောက်ခဲ့တယ်။ ၁၉၂၆ မှာ သုံညအောက်ကို စင်တီဂရိတ် ၇၁.၂ ဒီဂရီ ရောက်ခဲ့တယ်။ ကလောတို့ အင်းလေးတို့က တစ်ခါတစ်လေဆောင်းတွင်းမနက်နဲ့ညတွေမှာ -3 တို့ -4 တို့ ဖြစ်နေချိန် ဘယ်လောက်ချမ်းလဲ ရောက်ဖူးသူများသိမှာပါ။ ဒါဆို ဆိုက်ဘေးရီးယား အအေးဒဏ်ကို မှန်းလို့ရလောက်ပါပြီ။ အဲဒီ Sakha ဒေသဟာ အကျယ်အ၀န်းအားဖြင့် မြန်မာပြည်ထက် ၅ ဆလောက်ကြီးပေမယ့် အေးလွန်းလို့လူတစ်သန်းလောက်တောင် မရှိဘူးတဲ့။ ဆိုက်ဘေးရီးယားဒေသကြီးတစ်ခုလုံးမှာကို လက်ရှိလူ သန်း ၄၀ လောက်ဘဲရှိတယ်။ ရထားလမ်းကိုတော့ရာသီဥတုနည်းနည်းပိုနွေးတဲ့ နေရာမှာ ရွေးဆောက်ထားတယ်။ ရာသီဥတုကာင်းတဲ့ဒေသမှာ ဆောင်းတွင်းပျမ်းမျှအပူချိန်  သုံညအောက်ကို ၁၅ လောက်ရောက်ပြီး အပူဆုံးဂျူလိုင်လမှာတော့ သုံညအထက် ၁၉ ဒီဂရီလောက်ရှိတယ်လို့ ဆိုတယ်။ ဆိုက်ဘေးရီးယားမှာနေတဲ့ လူတွေအားလုံးနီးပါး အဲဒီ မီးရထားလမ်းမကြီးတစ်လျှောက်မှာ နေကြတယ်။
 Siberia မီးရထားလမ်းဆိုက်ဘေးရီးယားနယ်မြေပုံ
  •               အဲဒီ ရထားလမ်းကို အဖေလက်ထက် ၁၈၉၁ ကနေ ဆောက်လိုက်တာ သားလက်ထက် ၁၉၁၆ မှပြီးတယ်။ ၂၅ နှစ်တိတိကြာတယ်။ လူရင်း ငွေရင်းမသေးတဲ့ အဲဒီရထားလမ်းကြီးဖောက်နေတာ တစ်ဝက်ကျော်လောက်ပြီးချိန်မှာ ဖာဘယ်ဂျေးက နစ်ကိုးလပ်စ်ဘုရင်ကို ဂုဏ်ပြုသောအားဖြင့် ကြက်ဥတစ်လုံးလုပ်တယ်။ Trans-Siberian Railway Egg တဲ့။ ဖွင့်လိုက်တော့ ရွှေ၊ ပလက်တီနမ်နဲ့လုပ်ထားတဲ့ တစ်ပေသာသာ မီးရထားလေးထွက်လာတယ်။
  •                ရထားခေါင်းမီးနေရာမှာ စိန်လေးတွေတဖိတ်ဖိတ် ။နောက်မြီးက မီးကတော့ ပတ္တမြားလေးတွေတလဲ့လဲ့။ ရထားတွဲငါးခုမှာ ပြတင်းပေါက်ကလေးတွေနဲ့။ အမယ်...တွဲတွေမှာ စာတောင် ကပ်ထားလိုက်သေး။ စာပို့တွဲ Mail၊ အမျိုးသမီးသီးသန့် Ladies Only၊ ဆေးလိပ်သောက်လို့ရတဲ့တွဲ Smoking ဆေးလိပ်မသောက်ရတဲ့တွဲ Non Smoking ၊ ဘုရားခန်းတွဲ Chapel တဲ့ ။  အဲ...မောင်းလို့လဲရသဗျ။ ရွှေ့သော့လေးကို လှည့်လိုက်ရင် ရထားလေးက ခုတ်ပါလေရော။ အဲဒီ Trans-Siberian Railway Egg ဟာ ၂၀ ရာစုအစမှာ ရုရှားရဲ့ စက်မှုထွန်းကားမှုကို ဖော်ပြတဲ့ အနုပညာပစ္စည်းတစ်ခုဖြစ်လာတယ်။ ဖာဘယ်ဂျေးဟာလည်း နာမည်ကြီးသထက်ကြီးလာတယ်။ ရုရှားမှာ ဆိုင် ၃ ဆိုင်၊ လန်ဒန်မှာ ဆိုင်တစ်ဆိုင် ပိုင်လာပြီး သူ့ဆီမှာ အလုပ်လုပ်သူ ပန်းထိမ်ဆရာ ၅၀၀ လောက် ရှိလာခဲ့တယ်။ သူတို့အားလုံးကနေ ကြက်ဥပုံရတနာတွေသာမက တစ်ခြားဒီဇိုင်းတွေအပါအ၀င် ရတနာပစ္စည်းပေါင်း တစ်သိန်း နှစ်သောင်းကျော်ကို လုပ်ခဲ့ကြတယ်။
  •              ဇာဘုရင်ဟာ သူ့ကို ဆက်ခံဖို့ဆိုရင် သားယောက်ျားလေးရှိမှ ရမယ်။ ဒါပေမယ့် သူ့မိဖုရား အဲလစ်စ်ဟာ နှစ်နှစ်တစ်ယောက်နှုန်းနဲ့ မွေးလိုက်တာ ကလေး  ( ၄ ) ယောက်သာထွက်လာတယ်။ အားလုံးမိန်းကလေးတွေချည်းဘဲ။ မင်္ဂလာဆောင်ပြီး တစ်နှစ်အကြာ ၁၈၉၅ မှာ သမီးဦးကလေး အော်ဂါ Olga ကို မွေးတယ်။ နောက် ၂ နှစ်ကြာတော့ ဒုတိယသမီး တာတီယာနာ Tatiana ကို မွေးတယ်။ စိုးရိမ်စရာတော့ကောင်းလာပြီ။ ယောက်ျားလေးခုထိမပါသေး။ ဇာဘုရင်လင်မယားဟာ မွေးလာသမျကိုတော့ ချစ်ရှာပါတယ်။ သမီးနှစ်ယောက်မွေးပြီး အဲလစ်စ်က ဟောဒီကြက်ဥလက်ဆောင်ကို သူ့ယောက်ျား နစ်ကိုးလပ်စ်ကို ပေးခဲ့တယ်။ ပန်းရောင်စဉ့်သုတ်ထားတဲ့ကြက်ဥပေါ်မှာ အရွက်စိမ်းလေးနွယ်တက်နေပြီး ပုလဲပန်းလေးတွေနဲ့။ ထိပ်က စိန်ခလုပ်လေးကို နှိပ်လိုက်ရင် နိကိုလပ်စ်ပုံရယ်၊ သမီးလေး နှစ်ယောက်ပုံရယ် ထွက်လာတယ်။ ဒီကြက်ဥနာမည်က Lilies of the Valley တောင်ကြားထဲမှ လီလီပန်းများတဲ့။
  •               နောက် ၂ နှစ်အကြာမှာ တတိယသမီးကို မွေးတယ်။ ဇာဘုရင်မျက်လုံးပြူးလာပြီ။ အခုထိ သားမပါသေး။ နောက် ၂ နှစ်အကြာမှာ နောက်ထပ်တစ်ယောက်ထွက်လာပြန်တယ်။ မိန်းကလေးဘဲ။ ဇာဘုရင်ဟာ သမီးမိန်းကလေးဘဲ ထပ်မွေးတယ်ကြားတော့ မီးဖွားပြီးစမိန်းမနဲ့ကလေးကို သွားကြည့်ဖို့ရာ အတော်အားယူရတယ်တဲ့။ စိတ်ဖြေဖို့၊ကိုယ့်ကိုယ်ကို အားတင်းဖို့ သွားမကြည့်ခင် အကြာကြီး လမ်းလျှောက်ထွက်ပြီး စိတ်ကို စုစည်းပြီးမှ သွားကြည့်နိုင်ခဲ့တယ်။ ယောက်ျားလေးမွေးဖို့ ဆုတောင်းရတာလည်း ဘုရားတောင် နားငြီးနေလောက်ပြီ။ မိဖုရားခမျာလည်း နှစ်နှစ်တစ်ယောက်နှုန်းနဲ့ ကိုယ်ဝန်ဆောင်ရတာရော၊ သားမွေးမယ်ထင်လို့ တမျှော်မျှော်လုပ်ရင်းနဲ့ ထွက်လာမျှ မိန်ကလေးဖြစ်နေလို့စိတ်ဓါတ်ကျရတာရော၊ ဇာဘုရင်အသိုင်းအ၀ိုင်းက သူ့ကို သားမမွေးနိုင်သူလို့ ကဲ့ရဲ့ပြစ်တင်သံနေကြားနေရတာရောနဲ့တော်တော်လေးပင်ပန်းနေပြီ။ ဒီတော့ သူတို့ဟာ ဘုရားသခင်က သူတို့ကို မျက်ကွယ်ပြုနေပြီလို့ တွေးစပြုလာတယ်။ နန်းတက်ပွဲနေ့က လူတွေ သေကြေဒဏ်ရာရခဲ့တဲ့အဖြစ်ဆိုးကလည်း သူတို့ကို ခြောက်လှန့်နေတယ်။ အဲဒီအဖြစ်ကို လူတွေက နိမိတ်ဆိုးလို့ ပြောနေကြတယ်။ ဒီတော့ ဒီလောက်တောင် စိတ်မကြည်လင်စရာတွေနဲ့ ပြည့်နေတဲ့ မော်စကိုနန်းတော်ကို ခဏရှောင်မှဘဲ ဆိုပြီး မြို့ပြင်က နန်းတော်တစ်ခုမှာ ကလေး ၄ ယောက်လုံးကို ခေါ်ပြီး စိတ်ပြေလက်ပျောက်သွားနေကြတယ်။ အဲဒီက ပြန်လာတော့ ဖာဘေဂျေးဟာ ဟောဒီကြက်ဥကို လုပ်ပါတယ်။ မော်စကိုက ခရင်မလင်နန်းတော်ကို ပြန်လာတဲ့ ဇာဘုရင်မိသားစုအတွက်ပါ။ Moscow Kremlin Egg လို့ ခေါ်တယ်။ ဖာဘယ်ဂျေးလုပ်ပေးသမျှကြက်ဥတွေထဲမှာ အကြီးဆုံးဘဲ။
  •               ခရင်မလင် နန်းတော်ဝင်းထဲက ဇာဘုရင်နန်းတက်ပွဲလုပ်ရာ ဘုရားကျောင်းကြီးရဲ့ ခေါင်မိုးလုံးလုံးကြီးပုံကို အဖွင့်အပိတ်လို့လို့ရတယ်။ မဖွင်ဘဲနဲ့ ပြတင်းပေါက်တွေက ကြည့်ရင်တောင် အသေးစိတ်လုပ်ထားတဲ့ဘုရားကျောင်းအတွင်းပိုင်းကို မြင်နေရတယ်။ နန်းတော်ကို ပုံဖော်ဖို့အတွက် နန်းတော်က မျှော်စင်တွေ သူရဲခိုတွေနဲ့ ရင်ပြင်တွေကိုပါ ထည့်ထားပေးတယ်။ ဒီကြက်ဥရဲ့ surprise ကတော့ ကြက်ဥအောက်ပိုင်းနားက သော့လေးကို လှည့်လိုက်ရင် သီချင်းလေး ၂ ပုဒ်ထွက်လာတယ်။ တစ်ပုဒ်က အိစ်တာသီချင်းနဲ့ နောက်တစ်ပုဒ်ကတော့ နစ်ကိုးလပ်စ်ရဲ့ အကြိုက်ဆုံး Izhe Khveruviny ဆိုတဲ့ သီချင်းပါ။
  •             ၁၉၀၃ မှာ လုပ်တဲ့ အဲဒီကြက်ဥကို ၁၉၀၆ မှာမှ ဇာဘုရင်ကို ပေးလိုက်နိုင်တယ်။ အကြောင်းကတော့ ကြားထဲက နှစ်နှစ်မှာ ရုရှား ဂျပန်စစ်ဖြစ်ပြီး အားလုံး အလုပ်ရှုပ်ကုန်လို့ပါ။ ကမ္ဘာ့ရဲ့ ၆ ပုံ ၁ ပုံရှိတယ်ဆိုတဲ့ ရုရှားအင်ပါယာဟာ ကျွန်းပိစိလေးတွေ စုထားတဲ့ဂျပန်ကို မမျှော်လင့်ဘဲ စစ်ရှုံးတယ်။ အတွင်းပူ ၊အပြင်ပူ အခြေအနေကို ရောက်နေပြီ။ 
  •               ရုရှားတော်ဝင်မိသားစုကတော့ အေးဆေးပါဘဲ။ သားလည်း မွေးပြီဆိုတော့သားသမီးငါးယောက်နဲ့ နွေရာသီတွေဆိုရင် Standart လို့ခေါ်တဲ့ ပေ ၃၀၀ ကျော်ရှည်တဲ့တော်ဝင်သင်္ဘောကြီးပေါ်မှာ အပန်းဖြေသွားဆဲ။ အဲဒီ သင်္ဘောဟာ သူ့ခေတ်သူ့အခါကဆိုရင် တော်ဝင်သင်္ဘောတွေထဲမှာ ကမ္ဘာ့အကြီးဆုံး ။  ဘောတစ်ပင်လယ်တစ်လျောက် ခုတ်မောင်းနေတဲ့ အဲဒီ ဇိမ်ခံ သဘောင်္ကြီးပေါ်က အပူအပင်ကင်းမဲ့တဲ့ တော်ဝင်မိသားစုရဲ့ ဘ၀ကို ဖော်ကျူးဖို့ ဖာဘယ်ဂျေးဟာ Starndart လို့ခေါ်တဲ့ ဟောဒီကြက်ဥကို ၁၉၀၉ မှာ လုပ်ခဲ့တယ်။ ခရစ်စတယ်နဲ့လုပ်ထားတဲ့ ဖောက်ထွင်းမြင်ရတဲ့ ကြက်ဥထဲမှာ ရွှေသားအတိနဲ့ပြီးတဲ့ တော်ဝင်သင်္ဘောဟာ  aquamarine နဲ့လုပ်ထားတဲ့ပြာလဲ့လဲ့လှိုင်းထဲမှာ သွားနေပုံ။ လက်ကိုင်ကတော့ တော်ဝင်မိသားစုရဲ့ အမှတ်အသားဖြစ်တဲ့ အပြာရောင် သိမ်းငှက်ပုံနဲ့။
  •               ဇာဘုရင်မိသားစုရဲ့ ဇိမ်ခံတဲ့ဘ၀တွေနဲ့ မိုးနဲ့မြေလိုကွာတဲ့ ဘ၀တွေထဲက ရုရှားပြည်သူတွေရဲ့ မကျေနပ်ချက်တွေကတော့ ပွင့်အံလာနေပါပြီ။ စက်မှု ထွန်းကားလာပေမယ့် ပြည်သူတွေရဲ့ ဘ၀ကတော့ ဆင်းရဲတွင်းကမတက်ပါဘူး။ ကြာလာလေ တော်လှန်ချင်တဲ့စိတ်တွေဟာ တစ်ငွေ့ငွေ့တောင်လောင်လေ ။ ဒီလိုနဲ့ ၁၉၀၅ မှာ ဆင်းရဲသားပြည်သူတွေက စိန့်ပီတာဘတ်မြို့ကို ချီတက်ဆန္ဒပြကြတယ်။ နောက်မဆုတ်ရင် ပစ်သတ်လိုက်လို့ အမိန့်ပေးခြင်းခံထားရတဲ့ စစ်တပ်ကလည်း တာဝန်ကျေစွာ ပစ်သတ်ပါတယ်။ အဲဒီ လူသတ်ပွဲကြီးကို နောက်ပိုင်းမှာ သွေးချောင်းစီးတဲ့ တနင်္ဂနွေ Bloody Sunday လို့ ခေါ်ကြတယ်။ နိကိုးလပ်စ်ဟာလည်း Bloody Nicholas ဆိုပြီး နာမည်ဆိုးရသွားတယ်။
                    ချီတက်လာတဲ့ လူတစ်သိန်းနှစ်သောင်းလောက်ကို ဦးဆောင်သူက ဘုန်းတော်ကြီး George Gapon ဆိုသူပါ။ ချီတက်ဆန္ဒပြသူတွေဟာ အချင်းချင်းလက်တွဲပြီးတစ်ချို့၊ သာသနာ့အလံကိုင်ထားသူတစ်ချို့၊ ဘုရားသခင်ဆင်းတုတော်တွေကိုင်ထားသူတစ်ချို့၊ ဇာဘုရင်ရဲ့ ပုံတူကို ကိုင်ထားသူတစ်ချို့၊နိုင်ငံတော်အလံကို ကိုင်ထားသူတစ်ချို့နဲ့ ငြိမ်းချမ်းစွာ ချီတက်လာကြတယ်။ ဘာသာရေးသီချင်းတွေနဲ့ ''ဇာဘုရင်ကို ဘုရားသခင် ကယ်တင်ပါစေ God Save The Tzar '' ဆိုတဲ့ အဲဒီအချိန်က ရုရှားရဲ့ နိုင်ငံတော်သီချင်းကို သီဆိုလာကြပါတယ်။ အားလုံး ဇာဘုရင်ရဲ့ ဆောင်းရာသီနန်းတော် Winter Palace ရှေ့မှာ နေ့လည် ၂ နာရီမှာ ဆုံဖို့ ချိန်းဆိုထားကြတယ်။ လမ်းတစ်လျှောက်လုံးမှာ စစ်သားတွေတောက်လျှောက် ချထားတာကို တွေ့ပေမယ့် သူတို့ဆက်ချီတက်ခဲ့တယ်။ နန်တော်ရှေ့တောင်မရောက်ခင် ဟိုဘက်က ပစ်တော့တာပါဘဲတဲ့ ။ သေနတ်ကို မိုးပေါ်ထောင်ပစ်တာမဟုတ်ဘူးဆိုတာရယ်၊ သယ်လာတဲ့ ခရစ်တော်ရုပ်တုတွေကို ကျည်ဆံမှန်တာတွေရယ်ကို တွေ့ပြီးနောက်တော့ ချီတက်လာသူတွေဟာ '' ဇာဘုရင်က ငါတို့ကို မကူညီဘူး '' လို့ သွေးပျက်စွာမြည်တမ်းရင်း ထွက်ပြေးရတော့တယ်။ နိဂုံးချုပ်လိုက်တော့ ထုံးစံအတိုင်း မတူညီတဲ့ သတင်း ၂ မျိုးထွက်လာတယ်။ နန်းတော်က ထုတ်ပြန်တဲ့ ကျေငြာချက်အရ ဒီအရေးအခင်းမှာ ၉၆ ယောက်သေပြီး ၃၃၃ ယောက် ဒဏ်ရာရတယ်။ ဆန္ဒပြသူတွေဘက်ကတော့ လူ ၄၀၀၀ ကျော် အသေအပျောက်ရှိတယ်လို့ကြေငြာတယ်။
           ခေါင်းဆောင်ဘုန်းတော်ကြီး Gapon ဟာ လွတ်သွားပြီးနောက် ပုန်းအောင်းနေရာက စာထုတ်ပြန်တယ်။ '' အရင်က ဇာဘုရင်၊ အခုတော့ လူသတ်သမားဖြစ်သွားတဲ့ နစ်ကိုးလပ်စ်ရေ၊ အပြစ်မဲ့ မြေကျခဲ့ရတဲ့ အလုပ်သမားတွေ သူတို့ကလေးတွေ သူတို့မိသားစုတွေရဲ့ သွေးဟာ မင်းနဲ့ ရုရှားပြည်သူလူထုကြားမှာ ထာဝရ ပိုင်းခြားသွားခဲ့ပြီ။ မင်းလည်း သူတို့လို ခံရစေ့မယ်။ ဆိုရှယ်လစ်ပါတီတွေအားလုံးကို ငါ တောင်းဆိုတယ်။ အားလုံး အချင်းချင်းစုစည်းပြီး ဇာဘုရင်စနစ်ဆိုးကို လက်နက်နဲ့ ပုန်ကန်ကြပါ '' တဲ့။
              တိုတိုပြောရရင် ၁၉၀၅ မှာ ဖြစ်တဲ့ အဲဒီတော်လှန်ရေးဟာ မအောင်မြင်လိုက်ပါဘူး။ ဇာဘုရင်ရဲ့ အုပ်ချုပ်ရေး နောက်ထပ် ၁၂ နှစ် သက်ဆိုးရှည်ခဲ့တယ်။ ဒါပေမယ့် အဲဒီကတည်းက တောက်လာခဲ့တဲ့ တော်လှန်ရေးမီးဟာ မငြိမ်းနိုင်တော့ဘဲ ၁၉၁၇ မှာ တော်လှန်ရေးတွေထပ်ဖြစ်ပြီး ဇာဘုရင် ထီးနန်စွန့်ရတယ်။ နောက်ပိုင်းမှာ ကွန်မြူနစ်လုံးလုံးဖြစ်သွားခဲ့တဲ့ ဘော်ရှီဗစ်ပါတီအာဏာရပြီး ရုရှားအင်ပါယာနေရာမှာ ဆိုဗီယက်ပြည်ထောင်စုဆိုပြီး ပေါ်လာတယ်။ ဇာဘုရင်တို့ မိသားစုကတော့ မြို့တော်နဲ့ မိုင်ထောင်ကျော်ဝေးတဲ့ ရုရှား အလယ်ပိုင်းတစ်နေရာက မြို့တစ်မြို့မှာ အကျယ်ချုပ်ခံရတယ်။ တစ်နှစ်တောင်မပြည့်ခင် ၁၉၁၈  မှာ သူတို့မိသားစုကို အာဏာရကွန်မြူနစ်တွေက  ကျူပင်ခုတ်ကျူငုတ်မကျန်သုတ်သင်ပစ်လိုက်ပါတယ်။
နစ်ကိုးလပ်စ်နဲ့ သားသမီးငါးယောက်
  •               ဖာဘယ်ဂျေးပန်းထိမ်လုပ်ငန်းလည်း ပြည်သူပိုင်သိမ်းခံရပြီး ဖာဘယ်ဂျေးလည်း ဆွစ်ဇာလန်က သူ့အမျိုးတွေရှိရာကို ထွက်ပြေးရပါတယ်။ အဲဒီမှာဘဲ ဆုံးသွားပါတယ်။
                ထူးဆန်းတာက ဒီလောက်ရုတ်ရုတ်သဲသဲ သတ်ကြဖြတ်ကြတာတွေကြားထဲက များစွာသော ဖာဘယ်ဂျေးရဲ့ ကြက်ဥရတနာတွေဟာ အသက်နဲ့ကိုယ်မြဲမြဲနဲ့ ကျန်ခဲ့တယ်။ ဖာဘယ်ဂျေးလုပ်ပေးခဲ့တဲ့ ကြက်ဥပေါင်း  ၆၅ လုံးထဲက ၅၂  လုံးဟာ တော်ဝင်မိသားစုအတွက်လုပ်ပေးခဲ့တာ။ အဲဒီထဲက  ၄၂ လုံး မထိမခိုက်ကျန်ခဲ့တယ်။  မင်းမျိုးမင်းနွယ်မဟုတ်တဲ့  Rothschild လို သူဌေးတွေမှာလို့လုပ်ပေးရတာတွေလည်း ရှိခဲ့တယ်။ အဲဒါတွေကို ပါတွက်မယ်ဆိုရင်တော့ သူကြက်ဥပေါင်း ၅၇ လုံးတိတိ မကွဲမပြဲကျန်ရှိပါတယ်။
  •                  အားလုံးကို ပြည်သူပိုင်သိမ်းခဲ့တဲ့ ဘော်ရှိဗစ်ခေါင်းဆောင် စတာလင်ဟာ ၁၉၂၇ ကစလို့ ဖာဘယ်ဂျေးကြက်ဥတွေကို ထုတ်ရောင်းပါတယ်။ အမေရိကန်သူဌေးတစ်ယောက်က ပြန်ရောင်းဖို့အများကြီးဝယ်သွားတယ်။ ဒါပေမယ့် အစပိုင်းမှာ သိပ်အလုပ်မဖြစ်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ၁၉၃၀ က ၁၉၄၀ အတွင်းမှာ တကမ္ဘာလုံးမှာ ဖြစ်တဲ့၂၀ ရာစုရဲ့ အဆိုးဆုံး အငတ်ဘေးကြောင့်ရယ်၊ စီးပွားရေးတွေနင်းကန်ထိုးကျနေတာကြောင့်ရယ်ပါ။ အဲဒါတွေကျော်လွန်ပြီးနောက် ဖာဘယ်ဂျေးကြက်ဥတွေကို ဈေးကောင်းပေးဝယ်လာကြတယ်။ Rothschild အမျိုးအနွယ်သူဌေးသမီးတစ်ယောက်လုပ်ခိုင်းခဲ့တဲ့ ကြက်ဥပုံဖာဘယ်ဂျေးနာရီဟာ ၂၀၀၇ မှာ လေလံပစ်တော့ ဒေါ်လာ ၁၄ သန်းလောက်ရပါတယ်။ ဈေးကြီးနာရီတွေရဲ့ လေလံသမိုင်းမှာ ဈေးအများဆုံးနာရီဖြစ်ခဲ့တယ်။
Rothschild သဌေးမတစ်ယောက် ဖာဘယ်ဂျေးကို လုပ်ခိုင်းတဲ့ နာရီပုံကြက်ဥ။ ၂၀၀၇ လေလံပွဲမှာ ဒေါ်လာ ၁၄ သန်းနီးပါးရခဲ့တယ်။
  •            လက်ရှိမှာတော့ Faberge' Eggs များစွာကို အမေရိကန်နိုင်ငံက ပိုင်ဆိုင်ထားတယ်။ ပြတိုက်တွေနဲ့ သဌေးတွေရဲ့ private collection တွေမှာပါ။ Faberge' Eggs ပေါင်း ၁၀ လုံးတိတိ တစ်စုတစ်စည်းတည်း တွေ့နိုင်တဲ့နေရာကတော့ မော်စကို ခရင်မလင်နန်းတော်က Kremlin Armoury ပြတိုက်မှာပါ။ သူပြီးရင်တော့ တစ်ချိန်က Forbes Magazine ကို ထုတ်ဝေခဲ့သူ Malcolm Forbes က ၉ လုံးနဲ့ ဒုတိယအများဆုံးပိုင်ခဲ့တယ်။ ၂၀၀၄ မှာ Malcolm Forbes ကို အမွေဆက်ခံသူတွေက သူတို့ပိုင်တဲ့ Faberge' Eggs တွေကို လေလံတင်မယ်လို့ကြေငြာတယ်။ လေလံပွဲမစခင်မှာတင် ရုရှားရေနံသဌေးတစ်ယောက်က သိမ်းကြုံးဝယ်သွားခဲ့တယ်။ ဘယ်လောက်နဲ့ ၀ယ်သွားတယ်ဆိုတာ အတိအကျမသိရပေမယ့် ဒေါ်လာ သန်း ၉၀ က ၁၂၀ ကြားလို့ ခန့်မှန်းကြပါတယ်။
                      ကဲ.....Happy Easter နော်....သူငယ်ချင်းတို့ ။ တို့တွေလည်း အိစ်တာမှာ ဖာဘယ်ဂျေးရဲ့ ကြက်ဥတွေကို သားရည်ကျကြည့်ရအောင်........ ။ ဘယ်အလုံးကြိုက်လဲ .... အားမနာတမ်းပြောထည့်လိုက်။