ရှေးဟောင်းမြန်မာပြည်ကို ဓါတ်ပုံဖြင့် မှတ်တမ်းတင်ခဲ့သူ
by Spring Flowers on Sunday, July 8, 2012 at 9:00am ·
- အီတလီနာမည်မို့ Felice Beato ကို '' ဖေ (f) လိချေ ဘေယာတို '' လို့ အသံထွက်ပါတယ် .........။
-
စစ်ပွဲတွေကို ဓါတ်ပုံရိုက်မှတ်တမ်းတင်ခဲ့သူ War Photographer
တွေထဲမှာ အစောဆုံးတစ်ယောက်က Felice Beato လို့ ခေါ်တဲ့ အီတလီသွေးပါတဲ့
အင်္ဂလိပ်ဓါတ်ပုံဆရာပါဘဲ ။ အခု သူ့အကြောင်းရေးရတဲ့ရည်ရွယ်ချက်ကတော့ သူဟာ
အရှေ့အာရှကို ဓါတ်ပုံရိုက်ခဲ့တဲ့ ရှားရှားပါးပါး
ပထမဆုံးဓါတ်ပုံဆရာများထဲမှာ ထိပ်ဆုံးက ပါတာရယ် ၊ သူ့ဘ၀ရဲ့
နောက်ဆုံးနှစ်များကို မြန်မာနိုင်ငံမှာ ကုန်ဆုံးခဲ့တာရယ်၊
မြန်မာနိုင်ငံရဲ့ ရှေးအကျဆုံးဓါတ်ပုံတွေကို ရိုက်ခဲ့သူတွေထဲမှာ
အထင်ကရဖြစ်တာရယ်ကြောင့် သူ့အကြောင်း သိစေချင်လို့ပါ ။
- Felice Beato ကို ၁၈၃၂ မှာ အီတလီနိုင်ငံ အရှေ့မြောက်ပိုင်းက ရေပတ်လည် ၀ိုင်းနေတဲ့ ဗင်းနစ် Venice မြို့မှာ မွေးတယ်လို့သိရပါတယ် ။ သူရဲ့ သေစာရင်းပေါ်က နိုင်ငံသားနေရာမှာ သူဟာ အင်္ဂလိပ်လူမျိုးလို့ ဆိုတာမို့ သူ့မိသားစုဟာ သူငယ်ငယ်လေးကတည်း ဗြိတိန်လက်အောက်ခံ ကော်ဖု Corfu အမည်ရ ဂရိကျွန်းတစ်ကျွန်းကို ပြောင်းသွားပုံရတယ်လို့ ခန့်မှန်းကြပါတယ်။
- ကော်ဖုကျွန်းဆိုတာ မြေထဲပင်လယ်ထဲမှာရှိတဲ့ ဂရိကျွန်းစုတွေထဲမှာပါပြီး ယနေ့မှာ ကမ္ဘာကျော်သဌေးများ အပန်းဖြေအိမ်ရှိရာ ၊ တိုးရစ်များ နင်းကန်လာရာ နေရာတစ်ခုပါ ။ တကယ်တော့ ကော်ဖုကျွန်းဟာ အီတလီလူမျိုးတွေနဲ့ ဟိုးအရင်ကတည်းက မစိမ်းပါဘူး ။ အကြောင်းကတော့ ၁၄ ကနေ ၁၈ ရာစု ထိ ကော်ဖုကျွန်းဟာ ဗင်းနစ်စ် Republic of Venice ရဲ့လက်အောက်ခံဖြစ်လို့ပါဘဲ ။ ပြီးတော့ ပြင်သစ်ဘုရင်နပိုလီယန်ရဲ့ လက်အောက်ကို ကျရောက်ခဲ့ပြန်တယ် ။ နောက်ဆုံးကိုလိုနီကတော့ အင်္ဂလိပ်တွေ ဖြစ်ပါတယ် ။ ဒီတော့ တိုတိုပြောရရင် Felice Beato ဟာ နာမည်ကအစ အီတလီနာမည်ရထားပေမယ့် အင်္ဂလိပ်လက်အောက်ခံကျွန်းမှာ ကြီးပြင်းခဲ့သူမို့ ဗြိတိန်နိုင်ငံသား ဖြစ်ခဲ့တာပါ ။
- Felice Beato ရဲ့ ငယ်ဘ၀အကြောင်းကိုတော့ သိပ်မသိရပါဘူး ။ လူတွေပြောကြတာကတော့ သူဟာ အသက် ၁၉ နှစ်မှာ ပြင်သစ်နိုင်ငံပဲရစ်မြို့မှာ သူ့ရဲ့ ပထမဆုံးကင်မရာမှန်ပြောင်းကို ၀ယ်ခဲ့ပါသတဲ့ ။ ပြီးတော့ သူ့လိုဘဲ ကမ္ဘာ့ပထမဆုံး စစ်တွင်း ဓါတ်ပုံဆရာများထဲက တစ်ယောက်ဖြစ်လာမယ့် အင်္ဂလိပ်ဓါတ်ပုံဆရာ James Robertson နဲ့ ၁၈၅၀ ပတ်ဝန်းကျင်မှာ မိတ်ဆွေဖြစ်ခင်မင်ပြီး သူနဲ့အတူ ကွန်စတန်တီနိုပို Constantinople မြို့ကို လိုက်သွားခဲ့တယ် ။ ကွန်စတန်တီနိုပို ဆိုတာ ယနေ့ခေတ်မှာ တူရကီနိုင်ငံ ( Turkey ) ရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ အစ္စတန်ဘူလ် Istanbul မြို့ပါဘဲ ။
- အဲဒီခေတ်တုန်းက တူရကီဟာ Turkey ဆိုတဲ့ နာမည်မရှိသေး၊ နိုင်ငံသီးသန့်လည်း မဟုတ်သေးပါ ။ အော့တမန် Ottoman အင်ပါယာကြီးရဲ့ အစိတ်အပိုင်းတစ်ခုသာဖြစ်ပါတယ် ။ ကမ္ဘာ့သက်တမ်းအရှည်ဆုံးအင်ပါယာတစ်ခုဖြစ်တဲ့ အော့တမန်အင်ပါယာဟာ အနှစ် ၆၀၀ ကျော် ခံခဲ့ပြီး ၁၉၂၃ ထိ ဆူတန်မင်းများ အုပ်ချုပ်ခဲ့တယ် ။ Beato ရဲ့ သူငယ်ချင်း Robertson ဟာ Beato နဲ့ မတွေ့ခင်ကတည်းက အော့တမန်နန်းတော်က ဒင်္ဂါး သွန်းတဲ့ စက်ရုံမှာ စာထွင်းသူအဖြစ် အလုပ်လုပ်နေခဲ့တယ် ၊ ပြီးတော့ ဓါတ်ပုံပညာကို လိုက်စားနေတာ နှစ်အတော်ကြာပြီ ။ ဒါကြောင့် Beato ဟာ သူ့သူငယ်ချင်းနဲ့ ပညာလည်းသင် အတွေ့အကြုံလည်းရဆိုပြီး လိုက်သွားခဲ့တာပါ ။
- ၁၈၅၃ မှာ သူတို့နှစ်ယောက်ဟာ ကွန်စတန်တီနိုပိုမြို့မှာဘဲ Robertson & Beato ဆိုတဲ့နာမည်နဲ့ ဓါတ်ပုံလုပ်ငန်းထောင်ခဲ့ကြတယ် ။ Beato ရဲ့ professional ဓါတ်ပုံရိုက်ခြင်းဟာ အဲဒီမှာ စတယ်လို့ ပြောလို့ရပါတယ် ။ အဲဒီလုပ်ငန်းမှာ Beato ရဲ့ အစ်ကို အန်တိုနီယိုလည်း ပါဝင်လာခဲ့ပြီး သူတို့ဟာ ဓါတ်ပုံပြပွဲတွေကို ဥရောပမြို့တွေမှာ လှည့်လည်ပြသခဲ့ကြတယ် ။ Robertson ဟာ နောက်ပိုင်းမှာ Beato ရဲ့ ညီမနဲ့ လက်ထပ်လိုက်တာမို့ သူတို့နှစ်ယောက်ဟာ အမျိုးတွေဖြစ်သွားပြီး အရင်ထက် ပိုပြီးတွဲမိသွားပါသတဲ့ ။
- အဲဒီနောက် Beato ဟာ သူ့သူငယ်ချင်းလည်း ဖြစ်သူ ယောက်ဖ Robertson နဲ့အတူ ခရိုင်မီးယန်း စစ်ပွဲ Crimean War ကိုသွားပြီး ဓါတ်ပုံသတင်းယူခဲ့တယ် ။ ခရိုင်မီးယန်းစစ်ပွဲဆိုတာက ရုရှားအင်ပါယာကြီးကတစ်ဖက် အင်္ဂလိပ်၊ ပြင်သစ်၊ အီတလီတို့က တစ်ဖက် တိုက်ကြတဲ့ ၃ နှစ်ကြာ စစ်ပွဲရှည်ကြီးပါ ။ ယနေ့ခေတ် ယူကရိန်းနိုင်ငံထဲမှာပါတဲ့ ခရိုင်မီယား Crimea ဆိုတဲ့ အရပ်မှာ ဖြစ်လို့ Crimean War လို့ ခေါ်တာပါ ။ အဲဒီခေတ်တုန်းကတော့ Crimea ပတ်ဝန်းကျင်တစ်ခုလုံးဟာ ရုရှားအင်ပါယာကြီးထဲမှာ ပါခဲ့တယ် ။ စစ်ဖြစ်ရတဲ့အကြောင်းရင်းကတော့ခုနက ပြောခဲ့တဲ့ Ottoman Empire ကို လုကြတာပါ ။ ရုရှားဟာ သြတတြီယား၊ ပရပ်ရှားတို့နဲ့ မဟာမိတ်ဖွဲ့ထားပြီး ဥရောပမှာ ငပွကြီးလုပ်ချင်နေပါသတဲ့ ။ လုပ်နိုင်အောင်လည်း သူက တန်ခိုးကြီးနေသတဲ့......။ အကြောင်းကတော့ အဲဒီအချိန်တုန်းက ရုရှားဟာ ကမ္ဘာ့ရဲ့ ၆ ပုံတစ်ပုံကို ပိုင်တဲ့ အင်ပါယာကြီးဖြစ်ပြီး သက်ဦးဆံပိုင် ဇာဘုရင်တွေက ဘုန်းမီးနေလ တောက်ပနေလို့ ပါဘဲ ။
- ဟိုးအရင်က ဘုန်းတန်ခိုးကြီးခဲ့ပေမယ့် အဲဒီအချိန်မှာတော့ အော့တမန်အင်ပါယာကြီးဟာ စီပွားရေးတွေကျပြီး အာဏာပါဝါ လျော့ရဲနေပါ ပြီ ။ ဒီတော့ အော့တမန်အင်ပါယာကို ခြယ်လှယ်ဖို့ ဆရာကြီး ရုရှားက မျှော်လင့်နေတယ် ။ ဒါပေမယ့် ရုရှားနဲ့ အလားတူတန်ခိုးကြီးနေတဲ့ ပြင်သစ်နဲ့အင်္ဂလိပ်က ခွင့်မပြုချင်ဘဲ သူတို့ ခြယ်လှယ်ခွင့်ရချင်တယ်။ ဒီတော့ အဲလို လုကြရင်းနဲ့ ( ၁၈၅၄ ) မှာ အင်္ဂလိပ်ပြင်သစ်အီတလီပေါင်းပြီး ရုရှားကို စစ်ကြေငြာပါတယ် ။
- ကြားထဲက အားနွဲ့သူ အော့တမန် အင်ပါယာက ဟိုဘက်ပါရမလိုလို ဒီဘက်ပါရမလိုလို တိုင်ပတ်ပြီးသကာလ နောက်ဆုံး အင်္ဂလိပ်ပြင်သစ်ဘက်က ၀င်ကူတိုက်ပေးရပါတယ် ။ နောက်ဆုံး ဆရာကြီးရုရှား စစ်ရှုံးပါတယ် ။ အဲဒီစစ်ပွဲကြီးမှာ တို့ရဲ့ ဇာတ်လိုက်ကျော်ကြီး Beato က သူ့ယောက်ဖ Robertson နဲ့အတူ ပယ်ပယ်နယ်နယ် ဓါတ်ပုံသွားရိုက်တာ ။ သူတို့ရိုက်ထားလို့လည်း ဇာဘုရင်ရဲ့ ပင်လယ်နက်ရေတပ်ရှိတဲ့ Crimea အရပ်က Sevastopol မြို့ကျဆုံး ပျက်ဆီးပုံကို အခုအချိန်မှာ ဓါတ်ပုံမှတ်တမ်းကျန်ခဲ့တာ ဖြစ်တယ် ။ ( ဇာတ်လမ်းတစ်ဝက်ရောက်သွားပါပြီဟယ် ။ ဆက်ဖတ်လိုက်နော်.....လိမ္မာဒယ် )
- Beato ဟာ ၁၈၅၈ မှာ အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့ကို တစ်ကိုယ်တော် သွားပြီး အင်္ဂလိပ်အရှေ့အိန္ဒိယကုမ္ပဏီဆန့်ကျင်ရေး အရေးအခင်းကြီးကို မှတ်တမ်းတင်ခဲ့တယ် ။ တို့ငယ်ငယ်တုန်းက သမိုင်းမှာ သင်ရတဲ့ အင်္ဂလိပ်အရှေ့အိန္ဒိယကုမ္ပဏီဆိုတာ မှတ်မိမှာပါ ။ တကယ်တော့ အဲဒါကြီးက ရိုးရိုးသားသား ဖိုးသခွားလုပ်စားနေတဲ့ ကုမ္ပဏီမဟုတ်ဘူး ။ အင်္ဂလိပ်ကုန်သည်ကြီးတွေ လူ့မလိုင်တွေ အစုစပ်ပိုင်ပြီး ၀ါဂွမ်း ပိုးထည်က အစ လက်ဖက်ခြောက် အိမ်သုံးဆားအလယ် မဲနယ် ၊ ဘိန်းအဆုံး ရသမျှ အကုန်ရောင်းပြီး ထုံးစံအတိုင်း ခေါင်းပုန်ဖြတ် ဂုတ်သွေးစုတ်နေခဲ့တာ ။ သူ့ရဲ့ ကိုယ်ပိုင်စစ်တပ်ကြီးရှိပြီး အင်္ဂလိပ်အစိုးရတိုက်ရိုက်မအုပ်ချုပ်ခင်တုန်းက အဲဒီကုမ္ပဏီကဘဲ အိန္ဒိယနေရာများစွာကို အုပ်ချုပ်ခဲ့တာ ။ ခန့်ထားတဲ့ စစ်သားတွေထဲမှာ အိန္ဒိယစစ်သားတွေ အများကြီးဘဲ ။ တိုတိုပြောရရင် အဲဒီစစ်သားတွေက မကျေနပ်လို့ ပုန်ကန်ရာကနေ ပြည်နယ်များစွာကို ပြန့်ပြီး ပုန်ကန်မှုအကြီးကြီးဖြစ်သွားခဲ့တယ် ။ အဲဒါကို Beato က သွားပြီး ဓါတ်ပုံနဲ့မှတ်တမ်းတင်ခဲ့တာပါ ။ အသေအပျောက် များတဲ့ အဲဒီပုန်ကန်မှုကြီးအပြီးမှာ အိန္ဒိယကို အင်္ဂလိပ်အစိုးရက တိုက်ရိုက်အုပ်ချုပ်လိုက်တယ် ။
- တရုတ်နိုင်ငံရဲ့ရှေးအကျဆုံး ဓါတ်ပုံတွေကို ရိုက်ခဲ့သူများထဲလည်း Beato ပါဝင်ပါတယ်။ ( ၁၈၅၆ ) ကနေ ( ၁၈၆၀ ) ထိဖြစ်တဲ့ ဒုတိယဘိန်းစစ်ပွဲထဲကို သွားပြီး သတင်းဓါတ်ပုံရိုက်မှတ်တမ်းတင်ခဲ့တယ် ။ သူ့ကို ဘိန်းစစ်ပွဲထဲ မှတ်တမ်းယူဖို့ လွှတ်တဲ့သူကတော့ အင်္ဂလိပ်တွေ ကိုယ်တိုင်ပါဘဲ ။ စစ်စတင်ကတည်းက ရိုက်ထားခဲ့တဲ့ သူ့ရဲ့ ဓါတ်ပုံတွေဟာ စစ်မှတ်တမ်းဓါတ်ပုံတွေမှာတော့အစောဆုံးထဲပါ, ပါတယ် ။ နေ့စွဲအတိအကျပါပြီး အဖြစ်အပျက်အဆင့်ဆင့်ကို ရိုက်ထားတဲ့အတွက် မှတ်တမ်းအနေနဲ့ အင်မတန် အသုံးကျပါတယ် ။ တရုတ်နိုင်ငံမြောက်ပိုင်း တီယန်ကျင်းမြို့က တကုခံတပ် Taku Forts စစ်ပွဲဟာ သူ့ရဲ့ မှတ်တမ်းတွေထဲမှာ နာမည်ကြီးပါဘဲ ။ ခံတပ်ကို ချဉ်းကပ်လာပုံ ၊ မြို့ရိုးနံရံတွေကို ဗုံးထိလို့ အပျက်အစီးတွေဖြစ်နေပုံနဲ့ နောက်ဆုံးမှာ ခံတပ်အတွင်းက တရုပ်စစ်သားအလောင်းတွေ အပျက်အစီးတွေကို သေသေချာချာ မှတ်တမ်းတင်ထားခဲ့တယ် ။ ဒီဓါတ်ပုံတွေကို ရဖို့ သူဟာ လူသေအလောင်းပုံတွေကို ( မရှင်းလင်း မဖယ်ရှားခင် ) အပြေးအလွှားရိုက်ခဲ့ရတယ် ။ နောက်မှ ကျန်တဲ့မြို့အပျက်အစီးတွေကို ရိုက်ပြီး ဖြစ်ပျက်ပုံအဆင့်ဆင့်ကို ဓါတ်ပုံမှတ်တမ်း လုပ်လေ့ရှိ ခဲ့တယ် ။
- တကယ်တော့ သူဟာ သတင်းဓါတ်ပုံပညာကို အရူးအမူးဖြစ်တဲ့အထိပါဘဲ ။ သူ့အတွက် အသေကောင်တွေဟာလည်း ဓါတ်ပုံသဘောအရ ဆွဲဆောင်မှုရှိတယ် ၊ လှပတယ်လို့ခံယူထားပုံရတယ် လို့ ဆိုကြတယ် ။ အသေကောင်တွေကြားမှာ စိတ်လှုပ်ရှားစွာနဲ့ သူ့အလုပ်မပြီးမချင်း ဒီလူသေတွေကို မထိဖို့ ပြောတတ်တယ်လို့ ဆိုပါတယ် ။
- ပီကင်းမြို့တော်က တရုတ်ဘုရင်ရဲ့ နွေရာသီ အပန်းဖြေနန်းတော်ထဲမှာလည်း နန်းတော်ရဲ့ အဆောင်ဆောင် အခန်းခန်းတွေ ၊ ဘုရားကျောင်းတွေ ၊ ပန်းခြံတွေ ရေကန်တွေကိုလည်းအပါအ၀င် ဓါတ်ပုံပေါင်းများစွာကို ဖန်တီးခဲ့တယ် ။ တရုတ်ရှင်ဘုရင်က အင်္ဂလိပ်ပြင်သစ် သံအဖွဲ့တစ်ဖွဲ့ကို ညှင်းဆဲ သတ်ပစ်တာကို လက်စားချေတဲ့အနေနဲ့ စစ်အတွင်းမှာ အင်္ဂလိပ်နဲ့ ပြင်သစ်တို့က နန်းတော်ကို လုယက်ပုံ၊ မီးရှို့ဖျက်စီးပုံတွေကို Beato က ဓါတ်ပုံနဲ့ မှတ်တမ်းတင်ခဲ့တယ် ။ သူ့ဓါတ်ပုံတွေဟာ ပီကင်းမြို့တော်ရဲ့ ပထမဆုံးဓါတ်ပုံတွေဖြစ်သလို သမိုင်းအားဖြင့်တန်ဖိုးဖြတ်လို့မရပါဘူး ။ နောက်ထပ် အဖိုးတန်ဓါတ်ပုံတွေကတော့ တရုတ်မင်းသား Gong နဲ့ အင်္ဂလိပ် Lord Elgin တို့ရဲ့ ပုံတွေပါဘဲ ။
- ( ၁၈၆၃ ) မှာ Beato ဟာ ဂျပန်က ယိုကိုဟာမားမြို့ကို ခရီးဆန့်ခဲပြီး သူငယ်ချင်း ကာတွန်းပညာရှင်တစ်ယောက်ဖြစ်တဲ့ Charles Wirgman နဲ့ စပ်တူ ဓါတ်ပုံ စတူဒီယိုတစ်ခုကို ဖွင့်ခဲ့တယ်။ ဂျပန်ရဲ့ ပထမဆုံး ဓါတ်ပုံလုပ်ငန်းများထဲက တစ်ခုဖြစ်တဲ့ အဲဒီ စတူဒီယိုမှာ လူပုံ၊ ရှုခင်းပုံ၊ ကာတွန်းသရုပ်ဖော်ပုံ ၊ မြို့ပြပုံ အမျိုးမျိုးကို ဖန်တီးခဲ့ကြတယ် ။
- အဲဒီအချိန်က ဂျပန်ပြည်မှာ ဘုရင်ရှိပေမယ့် တကယ်ပါဝါရှိတာက ရှိုးဂွန်း Shogun လို့ခေါ်တဲ့ စစ်အာဏာရှင်တွေဖြစ်ပါတယ် ။ သူတို့က နိုင်ငံခြားသားအ၀င်အထွက်ကို ကန့်သတ်ထိန်းချုပ်ထားတယ်၊ ပြည်တွင်းမှာလည်း လွတ်လွတ်လပ်လပ်သွားလာလို့ မရတဲ့အတွက် Beato ဟာ တခါတလေ သံကိုယ်စားလှယ်အဖွဲ့တွေနဲ့ ကပ်လိုက်ပြီး ဓါတ်ပုံရိုက်လေ့ရှိတယ် ။ ကံကောင်းချင်တော့ သူဟာ နာမည်လည်း အတော်ရနေပြီ ၊ အင်္ဂလိပ်စစ်တပ်နဲ့လည်း ပလဲနံပသင့်တာမို့ ဂျပန်နိုင်ငံအနှံအပြားကို လိုက်ပါခွင့်ရခဲ့တယ် ။
- သူ့ဓါတ်ပုံတွေဟာ
အရည်အသွေးကောင်းရုံမက အရမ်းကို အဖိုးတန်ပါတယ် ။
ရှိုးဂွန်းစစ်အာဏာရှင်တွေအုပ်ချုပ်ခဲ့တဲ့ အေဒိုခေတ် Edo Period ကို
ထင်ဟပ်ပြနေကြတယ် ။
- ဒီဓါတ်ပုံတွေမှာ အရောင်တွေပါနေတာကို သတိထားမိကြမှာပါ ။ Beato တို့အဖွဲ့ ဟာ အဖြူအမဲဓါတ်ပုံတွေကို လက်နဲ့ အရောင်ထည့်ထားခဲ့လို့ပါဘဲ ။ ဂျပန်ရဲ့ နာမည်ကြီး ရေဆေးပန်းချီပညာနဲ့ ပုံနှိပ်အတတ်ပေါင်းစပ်သုံးထားတဲ့ Beato ရဲ့ ဓါတ်ပုံစတူဒီယိုက Hand-colouring ဟာ သဘာဝကျပြီး အနုစိတ်လွန်းတာကြောင့် အရမ်းကို အောင်မြင်ခဲ့ပါတယ် ။
- သူဟာ ကိုးရီးယားနဲ့ပြင်သစ် ချကြတော့လည်း ကိုးရီးယားရဲ့ ပထမဆုံးဓါတ်ပုံတွေကို ရိုက်ကူးဖို့ စစ်ထဲကို သွားလိုက်ပါသေးတယ် ။ အီဂျစ် ၊ ဂရိနဲ့ ဆူဒန်တို့ကို အသီးသီး ထပ်ခြေဆန့်ပြီးသကာလ ၁၈၈၆ မှာ အင်္ဂလန်ပြန်ပြီး ဓါတ်ပုံပညာကို ပို့ချခဲ့တယ် ။ နောက် ၂ နှစ် အကြာမှာတော့ တို့ရဲ့ ရွှေမြန်မာဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ချလာပါတော့တယ် ။
- မြန်မာပြည်ကို သူ အတော်ဓါတ်ကျသွားပုံရတယ် ၊ ရောက်ပြီး နှစ်အတော်ကြာ ၁၈၉၆ မှာ မန္တလေးရွှေမြို့တော်ကြီးမှာ ဓါတ်ပုံလုပ်ငန်းထောင်သတဲ့ ။ အမယ်....မခေဘူးနော် ...နိုင်ငံခြားသားတွေများ အဲဒီအချိန်ကတည်း လျှင်တာ....ဘာလုပ်တယ်အောက်မေ့လဲ ....ပရိဘောဂနဲ့ တွဲပြီး curio business လို့ ခေါ်တဲ့ ထူးထူးဆန်းဆန်း ပစ္စည်းပစ္စယတွေရောင်းတဲ့ လုပ်ငန်းလည်း လုပ်သတဲ့ ။ မန္တလေးမှာ ပင်ရင်းနဲ့ ရန်ကုန်မှာ ဆိုင်ခွဲရှိသတဲ့ ။ များသောအားဖြင့်တော့ curio business ဆိုတာ ရှေးဟောင်းပစ္စည်းတွေလည်း အကျုံးဝင်တာပါဘဲ ။ အကြံသမားလို့ မဆိုရက်ပါဘူး ကွယ် ။ ရှားပါးဓါတ်ပုံတွေရိုက်ပေးထားတဲ့ မျက်နှာနဲ့ ခွင့်လွှတ်လိုက်မယ် ။
- Beato ဘယ်လိုသေတာလဲ ၊ မသေခင် ဘာကြောင့် အီတလီကို ပြန်သွားသလဲ ဆိုတာ ရေးထားတဲ့ မှတ်တမ်းတော့ ရှာမတွေ့ပါဘူး ။ သူ့ဘ၀တစ်ခုလုံး မှတ်တမ်းတင်ထားတာကိုလည်း ( ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက် ရှာပေမယ့် ) အသေးစိတ် မတွေ့မိပါ ။ သူ သေတဲ့နေရာဟာ ရန်ကုန် သို့မဟုတ် မန္တလေး လို့ အစက ယုံကြည်သတ်မှတ်ထားကြပါတယ် ။ ဒါပေမယ့် ၂၀၀၉ မှာ သူ့ရဲ့ သေစာရင်းကို ရှာတွေ့ပြီးတဲ့နောက် သူခေါင်းချတဲ့နေရာဟာ သူ့မွေးရပ် အီတလီနိုင်ငံဆိုတာ အတည်ပြုလိုက်နိုင်ပါတယ် ။ သူ့ကို မွေးတဲ့ ဗင်းနစ်စ်မြို့တော့မဟုတ်ဘဲ အီတလီ အလယ်ပိုင်းမရောက်တရောက်က အနုပညာမြို့တော် ဖလောရန့်စ် Florence မြို့လေးမှာ ၁၉၀၉ မှာ လူပျိုကြီးဘ၀နဲ့ သေသွားတာ ဖြစ်ပါတယ် ။
- နိဂုံးချုပ်ရရင်တော့ Beato ဟာ အနှစ် ( ၅၀ ) လောက်ကို အာရှရဲ့ ဓါတ်ပုံလောကကို လွှမ်းမိုးထားခဲ့သူပါ ။ သူ့ဓါတ်ပုံတွေဟာ အာရှတင်မက အနောက်နိုင်ငံက သတင်းစာတွေ ၊ မဂဇင်းတွေ ၊ ဆောင်းပါးတွေမှာ နေရာယူထားခဲ့ပါတယ် ။ နည်းပညာ သိပ်မထွန်းကားသေးတဲ့အချိန်မှာ သူ့ဓါတ်ပုံတွေနဲ့ အာရှက ပွင့်လင်းမှုသိပ်မရှိသေးတဲ့ နိုင်ငံတွေက ပုံရိပ်တွေကို အနောက်ကမ္ဘာကို ပို့ပေးခဲ့တယ် ။ သူ့ပုံတွေကို ကြည့်ပြီး အနောက်ကမ္ဘာက လူတွေဟာ အာရှက နိုင်ငံတွေအကြောင်းကို သိခဲ့ကြရတယ် ။
- သူ့အကြောင်းနဲ့ ပတ်သက်ပြီး အကြိုက်ဆုံး အရာတစ်ခုကတော့ ( မိမိနဲ့တကွ လူသားမျိုးနွယ်ကို အန္တရာယ် မပေးတဲ့ ) ၀ါသနာတစ်ခုခုကို တစ်စိုက်မတ်မတ် လုပ်ရင် ထဲထဲဝင်ဝင်လုပ်ရင် အဲဒီဝါသနာဟာ တနေ့မှာ Profession ဖြစ်လာမယ် ၊ သူများတွေက အားကိုးအားထားပြုလာရမယ် ၊ အများအတွက် အကျိုးရှိလာစေနိုင်တယ် ဆိုတဲ့အချက်ကလေးပါ ။ ၀ါသနာပါတာကို စိတ်လိုက်မတ်တပ်လုပ်ရင်း Felice Beato ဟာ သူ့နည်းသူ့ဟန်နဲ့ လူ့လောကကို အကျိုးပြုခဲ့သူလို့ ထင်ပါတယ် ။ သမိုင်းအရ အဖိုးမဖြတ်နိုင်တဲ့ သူ့ဓါတ်ပုံမှတ်တမ်းတွေဟာ လူသေသွားပေမယ့် Felice Beato ဆိုတဲ့ နာမည်ကိုတော့ မသေစေခဲ့ဘူး မဟုတ်ပါလား...........။
******* Felice Beato ရဲ့ ဓါတ်ပုံတစ်ချို့ကို ဖော်ပြလိုက်ပါတယ် ********
Ref : http://billyjane.tumblr.com/post/329127457/tattooed-attributed-to-felice-beato-c-1867
http://en.wikipedia.org/wiki/Felice_Beato
http://en.wikipedia.org/wiki/Constantinople
http://en.wikipedia.org/wiki/Ottoman_Empire
http://en.wikipedia.org/wiki/Indian_Rebellion_of_1857
http://en.wikipedia.org/wiki/Company_rule_in_India
http://en.wikipedia.org/wiki/Crimean_War