Sunday, July 8, 2012

ရှေးဟောင်းမြန်မာပြည်ကို ဓါတ်ပုံဖြင့် မှတ်တမ်းတင်ခဲ့သူ

ရှေးဟောင်းမြန်မာပြည်ကို ဓါတ်ပုံဖြင့် မှတ်တမ်းတင်ခဲ့သူ

by Spring Flowers on Sunday, July 8, 2012 at 9:00am ·
    အီတလီနာမည်မို့ Felice Beato ကို '' ဖေ (f) လိချေ ဘေယာတို '' လို့ အသံထွက်ပါတယ် .........။
                     
                         စစ်ပွဲတွေကို ဓါတ်ပုံရိုက်မှတ်တမ်းတင်ခဲ့သူ  War Photographer  တွေထဲမှာ အစောဆုံးတစ်ယောက်က  Felice Beato  လို့ ခေါ်တဲ့ အီတလီသွေးပါတဲ့ အင်္ဂလိပ်ဓါတ်ပုံဆရာပါဘဲ ။ အခု သူ့အကြောင်းရေးရတဲ့ရည်ရွယ်ချက်ကတော့ သူဟာ အရှေ့အာရှကို ဓါတ်ပုံရိုက်ခဲ့တဲ့ ရှားရှားပါးပါး ပထမဆုံးဓါတ်ပုံဆရာများထဲမှာ ထိပ်ဆုံးက ပါတာရယ် ၊ သူ့ဘ၀ရဲ့ နောက်ဆုံးနှစ်များကို မြန်မာနိုင်ငံမှာ ကုန်ဆုံးခဲ့တာရယ်၊  မြန်မာနိုင်ငံရဲ့ ရှေးအကျဆုံးဓါတ်ပုံတွေကို ရိုက်ခဲ့သူတွေထဲမှာ အထင်ကရဖြစ်တာရယ်ကြောင့် သူ့အကြောင်း သိစေချင်လို့ပါ  ။
    ဗင်းနစ်စ် Venice မြို့ကလေး
  •                    Felice Beato ကို ၁၈၃၂ မှာ အီတလီနိုင်ငံ အရှေ့မြောက်ပိုင်းက ရေပတ်လည် ၀ိုင်းနေတဲ့ ဗင်းနစ် Venice မြို့မှာ မွေးတယ်လို့သိရပါတယ် ။ သူရဲ့ သေစာရင်းပေါ်က နိုင်ငံသားနေရာမှာ သူဟာ အင်္ဂလိပ်လူမျိုးလို့ ဆိုတာမို့ သူ့မိသားစုဟာ သူငယ်ငယ်လေးကတည်း ဗြိတိန်လက်အောက်ခံ  ကော်ဖု Corfu အမည်ရ ဂရိကျွန်းတစ်ကျွန်းကို ပြောင်းသွားပုံရတယ်လို့ ခန့်မှန်းကြပါတယ်။

အနီနဲ့ ၀ိုင်းပြထားတာက Felice Beato ကို မွေးတဲ့ အီတလီနိုင်ငံအရှေ့မြောက်က ဗင်းနစ် Venice မြို့ ရှိတဲ့နေရာ ။ Corfu ကျွန်းက Greece နားမှာ ရှာကြည့်ပါရန်
  •                   ကော်ဖုကျွန်းဆိုတာ မြေထဲပင်လယ်ထဲမှာရှိတဲ့ ဂရိကျွန်းစုတွေထဲမှာပါပြီး ယနေ့မှာ ကမ္ဘာကျော်သဌေးများ အပန်းဖြေအိမ်ရှိရာ ၊ တိုးရစ်များ နင်းကန်လာရာ နေရာတစ်ခုပါ ။ တကယ်တော့ ကော်ဖုကျွန်းဟာ အီတလီလူမျိုးတွေနဲ့ ဟိုးအရင်ကတည်းက မစိမ်းပါဘူး ။ အကြောင်းကတော့ ၁၄ ကနေ ၁၈ ရာစု ထိ   ကော်ဖုကျွန်းဟာ  ဗင်းနစ်စ် Republic of Venice ရဲ့လက်အောက်ခံဖြစ်လို့ပါဘဲ ။  ပြီးတော့ ပြင်သစ်ဘုရင်နပိုလီယန်ရဲ့ လက်အောက်ကို ကျရောက်ခဲ့ပြန်တယ် ။  နောက်ဆုံးကိုလိုနီကတော့ အင်္ဂလိပ်တွေ ဖြစ်ပါတယ် ။ ဒီတော့ တိုတိုပြောရရင် Felice Beato  ဟာ နာမည်ကအစ အီတလီနာမည်ရထားပေမယ့် အင်္ဂလိပ်လက်အောက်ခံကျွန်းမှာ ကြီးပြင်းခဲ့သူမို့ ဗြိတိန်နိုင်ငံသား ဖြစ်ခဲ့တာပါ ။

၁၈၇၀ မှာ Felice Beato ရိုက်ခဲ့တဲ့ ကချင်အမျိုးသမီးများပုံ
  •                  Felice Beato  ရဲ့ ငယ်ဘ၀အကြောင်းကိုတော့ သိပ်မသိရပါဘူး ။ လူတွေပြောကြတာကတော့ သူဟာ အသက် ၁၉ နှစ်မှာ ပြင်သစ်နိုင်ငံပဲရစ်မြို့မှာ သူ့ရဲ့ ပထမဆုံးကင်မရာမှန်ပြောင်းကို ၀ယ်ခဲ့ပါသတဲ့ ။ ပြီးတော့ သူ့လိုဘဲ ကမ္ဘာ့ပထမဆုံး စစ်တွင်း ဓါတ်ပုံဆရာများထဲက တစ်ယောက်ဖြစ်လာမယ့် အင်္ဂလိပ်ဓါတ်ပုံဆရာ James Robertson နဲ့ ၁၈၅၀ ပတ်ဝန်းကျင်မှာ မိတ်ဆွေဖြစ်ခင်မင်ပြီး သူနဲ့အတူ ကွန်စတန်တီနိုပို Constantinople မြို့ကို လိုက်သွားခဲ့တယ် ။ ကွန်စတန်တီနိုပို ဆိုတာ ယနေ့ခေတ်မှာ တူရကီနိုင်ငံ ( Turkey ) ရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ အစ္စတန်ဘူလ် Istanbul မြို့ပါဘဲ ။

Photographic process လို့ ခေါ်တဲ့ ဓါတ်ပုံတစ်ပုံကို အစမှအဆုံးထုတ်လုပ်ပေးနိုင်ခဲ့တဲ့ ကမ္ဘာ့ပထမဆုံး ဓါတ်ပုံဖြစ်ကင်မရာအမျိုးအစား ( Daguerreo type ) ။ Lens တစ်ခုသာပါပြီး ၁၈၃၉ မှာ တည်ဆောက်သည်။

၁၉ ရာစု ဓါတ်ပုံလုပ်ငန်းတစ်ခုမှ ကင်မရာ
  •                   အဲဒီခေတ်တုန်းက တူရကီဟာ Turkey ဆိုတဲ့ နာမည်မရှိသေး၊ နိုင်ငံသီးသန့်လည်း မဟုတ်သေးပါ ။ အော့တမန် Ottoman အင်ပါယာကြီးရဲ့ အစိတ်အပိုင်းတစ်ခုသာဖြစ်ပါတယ်  ။ ကမ္ဘာ့သက်တမ်းအရှည်ဆုံးအင်ပါယာတစ်ခုဖြစ်တဲ့ အော့တမန်အင်ပါယာဟာ အနှစ် ၆၀၀ ကျော် ခံခဲ့ပြီး ၁၉၂၃ ထိ ဆူတန်မင်းများ အုပ်ချုပ်ခဲ့တယ် ။  Beato ရဲ့ သူငယ်ချင်း Robertson  ဟာ Beato နဲ့ မတွေ့ခင်ကတည်းက အော့တမန်နန်းတော်က ဒင်္ဂါး သွန်းတဲ့ စက်ရုံမှာ စာထွင်းသူအဖြစ် အလုပ်လုပ်နေခဲ့တယ် ၊ ပြီးတော့ ဓါတ်ပုံပညာကို လိုက်စားနေတာ နှစ်အတော်ကြာပြီ   ။  ဒါကြောင့် Beato ဟာ သူ့သူငယ်ချင်းနဲ့ ပညာလည်းသင် အတွေ့အကြုံလည်းရဆိုပြီး လိုက်သွားခဲ့တာပါ ။

နှစ်ပေါင်း ၆၂၃ နှစ်ခံခဲ့တဲ့ Ottoman Empire ( အ၀ါရောင် ) ။ ၁၉၂၂ မှာ Ottoman Empire လုံးဝပြိုကွဲပြီး ၁၉၂၃ မှာ တူရကီ Turkey နိုင်ငံကို တည်ထောင်ခဲ့ကြတယ် ။ ( လက်ရှိမှာ တူရကီရဲ့ အကြီးဆုံးမြို့ ဖြစ်တဲ့ Istanbul ကို မြေပုံမှာ ရှာကြည့်ပါ ။ Black Sea နားမှာ ရှိတယ် ။ ထိုနေရာကို ယခင်က Constantinople မြို့လို့ခေါ်ပြီး Ottoman Empire ရဲ့ မြို့တော်ဖြစ်တယ် ။ ယနေ့တူရကီရဲ့ မြို့တော်ကတော့ အန်ကာရာ Ankara ဖြစ်ပါတယ် ) ..........။ ရှုပ်နေတာဘဲ ဟယ် ၊ လျှာရှည်လိုက်တာ.....(...ဟုတ်ကဲ့ ......ဒါမသိလည်း ဖြစ်ပါတယ် ။ ကျော်ဖတ်လည်း ဘာမှမဖြစ်ပါ D: )

အော့တမန် အင်ပါယာထဲရှိ ကွန်စတန်တီနိုပယ်မြို့ ( ယနေ့ခေတ်ခေါ် Istanbul ) မှ အစ္စလမ်ဘုရားကျောင်း Sultan Ahmed Mosque ပုံ ( ဓါတ်ပုံ Felice Beato )

ယခု Sultan Ahmed Mosque ပုံ
  •                ၁၈၅၃ မှာ သူတို့နှစ်ယောက်ဟာ  ကွန်စတန်တီနိုပိုမြို့မှာဘဲ   Robertson & Beato   ဆိုတဲ့နာမည်နဲ့ ဓါတ်ပုံလုပ်ငန်းထောင်ခဲ့ကြတယ် ။ Beato ရဲ့ professional ဓါတ်ပုံရိုက်ခြင်းဟာ အဲဒီမှာ စတယ်လို့ ပြောလို့ရပါတယ် ။   အဲဒီလုပ်ငန်းမှာ Beato ရဲ့ အစ်ကို အန်တိုနီယိုလည်း ပါဝင်လာခဲ့ပြီး သူတို့ဟာ ဓါတ်ပုံပြပွဲတွေကို ဥရောပမြို့တွေမှာ လှည့်လည်ပြသခဲ့ကြတယ်  ။  Robertson ဟာ နောက်ပိုင်းမှာ Beato ရဲ့ ညီမနဲ့ လက်ထပ်လိုက်တာမို့ သူတို့နှစ်ယောက်ဟာ အမျိုးတွေဖြစ်သွားပြီး အရင်ထက် ပိုပြီးတွဲမိသွားပါသတဲ့ ။

၁၈၈၀ မှာ Felice Beato ရိုက်ခဲ့တဲ့ Burmese Girls အမည်ရှိ ဓါတ်ပုံ

၁၈၇၀ မှာ Felice Beato ရိုက်ခဲ့တဲ့ '' မြန်မာအမျိုးသမီးများနဲ့ သူတို့ရဲ့ အခြွေအရံများ '' အမည်ရှိ ဓါတ်ပုံ ( Femme Birmane et ses servantes, Birmanie 1870 )
  •                အဲဒီနောက်  Beato  ဟာ သူ့သူငယ်ချင်းလည်း ဖြစ်သူ ယောက်ဖ Robertson  နဲ့အတူ ခရိုင်မီးယန်း စစ်ပွဲ Crimean War ကိုသွားပြီး ဓါတ်ပုံသတင်းယူခဲ့တယ်  ။ ခရိုင်မီးယန်းစစ်ပွဲဆိုတာက ရုရှားအင်ပါယာကြီးကတစ်ဖက်  အင်္ဂလိပ်၊ ပြင်သစ်၊ အီတလီတို့က တစ်ဖက် တိုက်ကြတဲ့ ၃  နှစ်ကြာ စစ်ပွဲရှည်ကြီးပါ  ။ ယနေ့ခေတ် ယူကရိန်းနိုင်ငံထဲမှာပါတဲ့ ခရိုင်မီယား Crimea ဆိုတဲ့ အရပ်မှာ ဖြစ်လို့ Crimean War လို့ ခေါ်တာပါ  ။ အဲဒီခေတ်တုန်းကတော့ Crimea ပတ်ဝန်းကျင်တစ်ခုလုံးဟာ ရုရှားအင်ပါယာကြီးထဲမှာ ပါခဲ့တယ် ။ စစ်ဖြစ်ရတဲ့အကြောင်းရင်းကတော့ခုနက ပြောခဲ့တဲ့ Ottoman Empire ကို လုကြတာပါ  ။  ရုရှားဟာ သြတတြီယား၊ ပရပ်ရှားတို့နဲ့ မဟာမိတ်ဖွဲ့ထားပြီး ဥရောပမှာ ငပွကြီးလုပ်ချင်နေပါသတဲ့ ။ လုပ်နိုင်အောင်လည်း သူက တန်ခိုးကြီးနေသတဲ့......။  အကြောင်းကတော့ အဲဒီအချိန်တုန်းက ရုရှားဟာ ကမ္ဘာ့ရဲ့ ၆ ပုံတစ်ပုံကို ပိုင်တဲ့ အင်ပါယာကြီးဖြစ်ပြီး  သက်ဦးဆံပိုင် ဇာဘုရင်တွေက ဘုန်းမီးနေလ တောက်ပနေလို့ ပါဘဲ  ။

Crimean War ဖြစ်တဲ့ နေရာ
  •                  ဟိုးအရင်က ဘုန်းတန်ခိုးကြီးခဲ့ပေမယ့် အဲဒီအချိန်မှာတော့  အော့တမန်အင်ပါယာကြီးဟာ စီပွားရေးတွေကျပြီး အာဏာပါဝါ လျော့ရဲနေပါ ပြီ ။ ဒီတော့ အော့တမန်အင်ပါယာကို ခြယ်လှယ်ဖို့ ဆရာကြီး  ရုရှားက မျှော်လင့်နေတယ် ။ ဒါပေမယ့် ရုရှားနဲ့ အလားတူတန်ခိုးကြီးနေတဲ့ ပြင်သစ်နဲ့အင်္ဂလိပ်က ခွင့်မပြုချင်ဘဲ သူတို့ ခြယ်လှယ်ခွင့်ရချင်တယ်။ ဒီတော့ အဲလို လုကြရင်းနဲ့  ( ၁၈၅၄ )  မှာ အင်္ဂလိပ်ပြင်သစ်အီတလီပေါင်းပြီး  ရုရှားကို စစ်ကြေငြာပါတယ် ။

Beato နဲ့ Robertson တို့ ရိုက်ခဲ့တဲ့ Crimean War မှ စစ်စခန်းတစ်ခုပုံ
  •                   ကြားထဲက အားနွဲ့သူ အော့တမန် အင်ပါယာက ဟိုဘက်ပါရမလိုလို ဒီဘက်ပါရမလိုလို တိုင်ပတ်ပြီးသကာလ  နောက်ဆုံး အင်္ဂလိပ်ပြင်သစ်ဘက်က ၀င်ကူတိုက်ပေးရပါတယ် ။ နောက်ဆုံး ဆရာကြီးရုရှား စစ်ရှုံးပါတယ် ။  အဲဒီစစ်ပွဲကြီးမှာ တို့ရဲ့ ဇာတ်လိုက်ကျော်ကြီး  Beato  က သူ့ယောက်ဖ  Robertson  နဲ့အတူ ပယ်ပယ်နယ်နယ် ဓါတ်ပုံသွားရိုက်တာ ။ သူတို့ရိုက်ထားလို့လည်း ဇာဘုရင်ရဲ့ ပင်လယ်နက်ရေတပ်ရှိတဲ့ Crimea  အရပ်က Sevastopol မြို့ကျဆုံး ပျက်ဆီးပုံကို အခုအချိန်မှာ ဓါတ်ပုံမှတ်တမ်းကျန်ခဲ့တာ ဖြစ်တယ် ။ ( ဇာတ်လမ်းတစ်ဝက်ရောက်သွားပါပြီဟယ် ။ ဆက်ဖတ်လိုက်နော်.....လိမ္မာဒယ်  )

၁၈၉၁ မှာ Felice Beato ရိုက်ခဲ့တဲ့ '' ချင်းစစ်သည် တစ်စု '' အမည်ရ ဓါတ်ပုံ
 
'' ကချင်စစ်သည်များ '' ( by Felice Beato in 1880 )
  •                   Beato ဟာ ၁၈၅၈ မှာ အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့ကို တစ်ကိုယ်တော် သွားပြီး အင်္ဂလိပ်အရှေ့အိန္ဒိယကုမ္ပဏီဆန့်ကျင်ရေး အရေးအခင်းကြီးကို မှတ်တမ်းတင်ခဲ့တယ် ။ တို့ငယ်ငယ်တုန်းက သမိုင်းမှာ သင်ရတဲ့ အင်္ဂလိပ်အရှေ့အိန္ဒိယကုမ္ပဏီဆိုတာ မှတ်မိမှာပါ ။ တကယ်တော့ အဲဒါကြီးက ရိုးရိုးသားသား ဖိုးသခွားလုပ်စားနေတဲ့ ကုမ္ပဏီမဟုတ်ဘူး ။ အင်္ဂလိပ်ကုန်သည်ကြီးတွေ လူ့မလိုင်တွေ အစုစပ်ပိုင်ပြီး ၀ါဂွမ်း ပိုးထည်က အစ လက်ဖက်ခြောက် အိမ်သုံးဆားအလယ် မဲနယ် ၊ ဘိန်းအဆုံး ရသမျှ အကုန်ရောင်းပြီး ထုံးစံအတိုင်း ခေါင်းပုန်ဖြတ် ဂုတ်သွေးစုတ်နေခဲ့တာ ။  သူ့ရဲ့ ကိုယ်ပိုင်စစ်တပ်ကြီးရှိပြီး အင်္ဂလိပ်အစိုးရတိုက်ရိုက်မအုပ်ချုပ်ခင်တုန်းက အဲဒီကုမ္ပဏီကဘဲ အိန္ဒိယနေရာများစွာကို အုပ်ချုပ်ခဲ့တာ  ။ ခန့်ထားတဲ့ စစ်သားတွေထဲမှာ အိန္ဒိယစစ်သားတွေ အများကြီးဘဲ ။ တိုတိုပြောရရင် အဲဒီစစ်သားတွေက မကျေနပ်လို့ ပုန်ကန်ရာကနေ ပြည်နယ်များစွာကို ပြန့်ပြီး ပုန်ကန်မှုအကြီးကြီးဖြစ်သွားခဲ့တယ်  ။  အဲဒါကို  Beato က သွားပြီး ဓါတ်ပုံနဲ့မှတ်တမ်းတင်ခဲ့တာပါ  ။  အသေအပျောက် များတဲ့ အဲဒီပုန်ကန်မှုကြီးအပြီးမှာ  အိန္ဒိယကို အင်္ဂလိပ်အစိုးရက တိုက်ရိုက်အုပ်ချုပ်လိုက်တယ် ။

ပုန်ကန်မှုဖြစ်ရာနေရာတစ်ခု ။ အိန္ဒိယ မြို့စားတစ်ပါးရဲ့ နွေရာသီနန်းတော်ပါ ။ ဒီနေရာမှာ ပုန်ကန်သူအိန္ဒိယစစ်သားတွေထဲက ၂၂၀၀ လောက် သေတာကို ဒီအတိုင်း မမြုပ်ဘဲ ထားခဲ့လို့ အပုပ်နံ့ကို မခံနိုင်တာကြောင့် မြို့ကိုတောင် ရွှေ့လိုက်ရတယ် ။ ဒါက ခွေးစားလင်းတစားပြီး ကျန်တာကို Felice Beato က ရိုက်ထားခဲ့တာပါ ။ ( အင်္ဂလိပ်စစ်သားအကျအဆုံးတွေကိုတော့ အင်္ဂလိပ်ဘက်က ကျင်းကြီးတူးပြီး မြှုပ်သွားခဲ့တယ် )

ဒါကတော့ အိန္ဒိယရဲ့ နောက်ဆုံးမင်း Bahadur Shah Zafar ။ အိန္ဒိယရဲ့ မိုဂူးဘုရင်မင်းဆက်မှာ နောက်ဆုံးလည်း ဖြစ်တယ် ။ သူနန်းတက်ချိန်မှာ အရင်က ကြီးမားကျယ်ပြန့်လွန်းတဲ့ Mogul Empire ကြီးရဲ့ အာဏာစက်ဟာ ဒေလီမြို့လောက်သာ ကျန်တော့တယ် ။ တကယ်အာဏာရှိနေတာက အင်္ဂလိပ်အရှေ့အိန္ဒိယကုမ္ပဏီ ။ ကုမ္ပဏီပုန်ကန်မှုကို အားပေးခဲ့မှုနဲ့ သူ့ကို အင်္ဂလိပ်တွေက ရုံးတင်စစ်ဆေးပြီး ရန်ကုန်ကို ပြည်နှင်ဒဏ်ပေးခဲ့တယ် ။ ဒါ ရန်ကုန်ကို မသွားခင်လေး ရိုက်ထားတဲ့ပုံပါ ။ ၁၈၆၂ မှာ ရန်ကုန်မှာဘဲ ဆုံးသွားပြီး ရွှေတိဂုံဘုရားနားမှာ မြုပ်ထားတယ်လို့ ဆိုတယ် ။ သူ့ဇနီးနဲ့ မြေးမ ရဲ့ အုတ်ဂူလည်း သူ့အုတ်ဂူနဲ့အတူရှိသတဲ့ ။ နှစ်တရာလောက်ပျောက်နေတဲ့ အုတ်ဂူနေရာကို ၁၉၉၁ မှာ ခြုံနွယ်ပိတ်ပေါင်းတွေကို ရှင်းပြီး ပြုပြင်ထားတယ်လို့ ဆိုတယ် ။ မြန်မာမွတ်ဆလင်တွေက သူ့ကို သူတော်စင်လို့ သတ်မှတ်ထားတယ် လို့လည်း သိရပါတယ် ။ ( သီပေါမင်းလည်း အိန္ဒိယမှာ ဆုံးသွားပေမယ့် သရဏဂုံတင်ခွင့်ချက်ချင်းမရခဲ့ ။ ဆုံးပြီး နောက်ထပ် နှစ်တရာနီးပါးလောက်အကြာ ၁၉၉၀ နှစ်များလောက်မှာ မြစ်ဖြစ်သူ တော်ဘုရားလေးမိသားစုက သွားပြီး သရဏဂုံတင်ရရှာတယ် ။ သူ့အုတ်ဂူကို တွေ့တော့ မိသားစုမှာ ရင်ကျိုးရသတဲ့ ။ နောက်ဖေးလမ်းကြားမှာ ချုံနွယ်ပိတ်ပေါင်းတင်မက အညစ်အကြေးတွေ ဖုံးလွှမ်းနေတာကို မနည်းရှင်းလင်းပြီးမှ ကန်တော့ပွဲလုပ်ရတယ်လို့ တော်ဘုရားလေး ရေးတာဖတ်ဖူးပါတယ် ။ တော်ဘုရားတို့ သွားတဲ့ ခုနှစ်ကို ၁၉၉၀ နောက်ပိုင်းသွားတယ် ဆိုတာသိပြီး အသေအချာ မမှတ်မိတော့လို့ သိတဲ့လူရှိရင် ပြောပါရန် )

Felice Beato ရိုက်ခဲ့တဲ့ '' ဖက်လိပ်ဆေးတံနဲ့ မြန်မာအမျိုးသမီး '' အမည်ရ ဓါတ်ပုံ ( ၁၈၇၅ )
  •                    တရုတ်နိုင်ငံရဲ့ရှေးအကျဆုံး ဓါတ်ပုံတွေကို ရိုက်ခဲ့သူများထဲလည်း Beato ပါဝင်ပါတယ်။ ( ၁၈၅၆  ) ကနေ  ( ၁၈၆၀  )   ထိဖြစ်တဲ့ ဒုတိယဘိန်းစစ်ပွဲထဲကို သွားပြီး သတင်းဓါတ်ပုံရိုက်မှတ်တမ်းတင်ခဲ့တယ် ။ သူ့ကို ဘိန်းစစ်ပွဲထဲ မှတ်တမ်းယူဖို့ လွှတ်တဲ့သူကတော့ အင်္ဂလိပ်တွေ ကိုယ်တိုင်ပါဘဲ ။ စစ်စတင်ကတည်းက ရိုက်ထားခဲ့တဲ့ သူ့ရဲ့ ဓါတ်ပုံတွေဟာ စစ်မှတ်တမ်းဓါတ်ပုံတွေမှာတော့အစောဆုံးထဲပါ, ပါတယ်  ။ နေ့စွဲအတိအကျပါပြီး အဖြစ်အပျက်အဆင့်ဆင့်ကို ရိုက်ထားတဲ့အတွက် မှတ်တမ်းအနေနဲ့ အင်မတန် အသုံးကျပါတယ်  ။ တရုတ်နိုင်ငံမြောက်ပိုင်း တီယန်ကျင်းမြို့က တကုခံတပ် Taku Forts စစ်ပွဲဟာ သူ့ရဲ့ မှတ်တမ်းတွေထဲမှာ နာမည်ကြီးပါဘဲ ။ ခံတပ်ကို ချဉ်းကပ်လာပုံ ၊ မြို့ရိုးနံရံတွေကို ဗုံးထိလို့ အပျက်အစီးတွေဖြစ်နေပုံနဲ့ နောက်ဆုံးမှာ ခံတပ်အတွင်းက တရုပ်စစ်သားအလောင်းတွေ အပျက်အစီးတွေကို သေသေချာချာ မှတ်တမ်းတင်ထားခဲ့တယ် ။ ဒီဓါတ်ပုံတွေကို ရဖို့ သူဟာ လူသေအလောင်းပုံတွေကို ( မရှင်းလင်း မဖယ်ရှားခင် )  အပြေးအလွှားရိုက်ခဲ့ရတယ် ။ နောက်မှ ကျန်တဲ့မြို့အပျက်အစီးတွေကို ရိုက်ပြီး ဖြစ်ပျက်ပုံအဆင့်ဆင့်ကို ဓါတ်ပုံမှတ်တမ်း လုပ်လေ့ရှိ ခဲ့တယ်  ။

Felice Beato ရိုက်ထားခဲ့တဲ့ တီယန်ကျင်းမြို့မှ ခံတပ်အတွင်း အသေအပျောက်များပုံ
  •              တကယ်တော့ သူဟာ သတင်းဓါတ်ပုံပညာကို အရူးအမူးဖြစ်တဲ့အထိပါဘဲ ။ သူ့အတွက် အသေကောင်တွေဟာလည်း ဓါတ်ပုံသဘောအရ ဆွဲဆောင်မှုရှိတယ် ၊ လှပတယ်လို့ခံယူထားပုံရတယ် လို့ ဆိုကြတယ် ။ အသေကောင်တွေကြားမှာ စိတ်လှုပ်ရှားစွာနဲ့ သူ့အလုပ်မပြီးမချင်း ဒီလူသေတွေကို မထိဖို့ ပြောတတ်တယ်လို့ ဆိုပါတယ် ။

ပီကင်းမြို့တော်မှ ဖျက်ဆီးခံလိုက်ရတဲ့ နွေရာသီနန်းတော်ပုံ ( ဓါတ်ပုံ Felice Beato )
  •              ပီကင်းမြို့တော်က တရုတ်ဘုရင်ရဲ့ နွေရာသီ အပန်းဖြေနန်းတော်ထဲမှာလည်း  နန်းတော်ရဲ့ အဆောင်ဆောင် အခန်းခန်းတွေ ၊ ဘုရားကျောင်းတွေ ၊ ပန်းခြံတွေ ရေကန်တွေကိုလည်းအပါအ၀င်   ဓါတ်ပုံပေါင်းများစွာကို ဖန်တီးခဲ့တယ်  ။  တရုတ်ရှင်ဘုရင်က အင်္ဂလိပ်ပြင်သစ် သံအဖွဲ့တစ်ဖွဲ့ကို ညှင်းဆဲ သတ်ပစ်တာကို လက်စားချေတဲ့အနေနဲ့ စစ်အတွင်းမှာ အင်္ဂလိပ်နဲ့ ပြင်သစ်တို့က နန်းတော်ကို လုယက်ပုံ၊ မီးရှို့ဖျက်စီးပုံတွေကို Beato က  ဓါတ်ပုံနဲ့ မှတ်တမ်းတင်ခဲ့တယ် ။ သူ့ဓါတ်ပုံတွေဟာ ပီကင်းမြို့တော်ရဲ့ ပထမဆုံးဓါတ်ပုံတွေဖြစ်သလို သမိုင်းအားဖြင့်တန်ဖိုးဖြတ်လို့မရပါဘူး ။ နောက်ထပ် အဖိုးတန်ဓါတ်ပုံတွေကတော့ တရုတ်မင်းသား      Gong နဲ့ အင်္ဂလိပ် Lord Elgin  တို့ရဲ့ ပုံတွေပါဘဲ ။

တရုတ်ပြည်ရဲ့ နောက်ဆုံးမင်းဆက် Qing dynasty မှ ဘုရင့်သားတော် Prince Gong ( ဓါတ်ပုံ Felice Beato )

'' မြန်မာမင်းသမီး မင်းသားငယ်လေးများ '' ( Felice Beato in 1870-80s )
  •             ( ၁၈၆၃ )  မှာ  Beato  ဟာ ဂျပန်က ယိုကိုဟာမားမြို့ကို ခရီးဆန့်ခဲပြီး သူငယ်ချင်း ကာတွန်းပညာရှင်တစ်ယောက်ဖြစ်တဲ့  Charles Wirgman  နဲ့ စပ်တူ ဓါတ်ပုံ စတူဒီယိုတစ်ခုကို ဖွင့်ခဲ့တယ်။  ဂျပန်ရဲ့ ပထမဆုံး ဓါတ်ပုံလုပ်ငန်းများထဲက တစ်ခုဖြစ်တဲ့ အဲဒီ စတူဒီယိုမှာ လူပုံ၊ ရှုခင်းပုံ၊ ကာတွန်းသရုပ်ဖော်ပုံ ၊ မြို့ပြပုံ အမျိုးမျိုးကို ဖန်တီးခဲ့ကြတယ် ။

Felice Beato ရိုက်ခဲ့တဲ့ ဆာမူရိုင်းများ ပုံ
  •             အဲဒီအချိန်က ဂျပန်ပြည်မှာ ဘုရင်ရှိပေမယ့် တကယ်ပါဝါရှိတာက ရှိုးဂွန်း Shogun  လို့ခေါ်တဲ့ စစ်အာဏာရှင်တွေဖြစ်ပါတယ် ။ သူတို့က နိုင်ငံခြားသားအ၀င်အထွက်ကို ကန့်သတ်ထိန်းချုပ်ထားတယ်၊ ပြည်တွင်းမှာလည်း လွတ်လွတ်လပ်လပ်သွားလာလို့ မရတဲ့အတွက် Beato ဟာ တခါတလေ သံကိုယ်စားလှယ်အဖွဲ့တွေနဲ့ ကပ်လိုက်ပြီး ဓါတ်ပုံရိုက်လေ့ရှိတယ် ။ ကံကောင်းချင်တော့ သူဟာ နာမည်လည်း အတော်ရနေပြီ ၊ အင်္ဂလိပ်စစ်တပ်နဲ့လည်း ပလဲနံပသင့်တာမို့ ဂျပန်နိုင်ငံအနှံအပြားကို လိုက်ပါခွင့်ရခဲ့တယ်   ။

Felice Beato ရိုက်ခဲ့တဲ့ '' ဖက်ရှင်ကျကျဝတ်ထားသော ဂျပန်မိန်းကလေး '' အမည်ရှိ ဓါတ်ပုံ ( A Japanese girl dressed a la mode 1860-1900 )

Felice Beato ရိုက်ခဲ့တဲ့ '' ကုန်သည်မိသားစု '' အမည်ရ ဓါတ်ပုံ ( Merchants family 1860-1900 )
                 သူ့ဓါတ်ပုံတွေဟာ အရည်အသွေးကောင်းရုံမက အရမ်းကို အဖိုးတန်ပါတယ် ။ ရှိုးဂွန်းစစ်အာဏာရှင်တွေအုပ်ချုပ်ခဲ့တဲ့ အေဒိုခေတ် Edo Period ကို ထင်ဟပ်ပြနေကြတယ် ။

Felice Beato ရိုက်ခဲ့တဲ့ '' ခါးကုန်းနေသော အမျိုးသမီး နှစ်ဦး '' အမည်ရ ဓါတ်ပုံ [Two stooped women] 1860-1900

Felice Beato ရိုက်ခဲ့တဲ့ '' ကူလီ '' အမည်ရှိ ဓါတ်ပုံ
  •                   ဒီဓါတ်ပုံတွေမှာ အရောင်တွေပါနေတာကို သတိထားမိကြမှာပါ ။ Beato  တို့အဖွဲ့ ဟာ အဖြူအမဲဓါတ်ပုံတွေကို လက်နဲ့ အရောင်ထည့်ထားခဲ့လို့ပါဘဲ ။ ဂျပန်ရဲ့ နာမည်ကြီး ရေဆေးပန်းချီပညာနဲ့ ပုံနှိပ်အတတ်ပေါင်းစပ်သုံးထားတဲ့ Beato ရဲ့ ဓါတ်ပုံစတူဒီယိုက Hand-colouring ဟာ သဘာဝကျပြီး အနုစိတ်လွန်းတာကြောင့် အရမ်းကို အောင်မြင်ခဲ့ပါတယ် ။

Felice Beato ရဲ့ '' ဂျပန်ကုန်သည် တစ်စု '' အမည်ရ ဓါတ်ပုံ ( A group of Japanese merchants 1860-1900 )

Felice Beato ရဲ့ '' အမျိုးသမီးဆောင်းဝတ်အင်္ကျီ '' အမည်ရ ဓါတ်ပုံ ( Female winter dress 1860-1900 )
  •             သူဟာ ကိုးရီးယားနဲ့ပြင်သစ် ချကြတော့လည်း ကိုးရီးယားရဲ့ ပထမဆုံးဓါတ်ပုံတွေကို ရိုက်ကူးဖို့ စစ်ထဲကို သွားလိုက်ပါသေးတယ် ။ အီဂျစ် ၊ ဂရိနဲ့ ဆူဒန်တို့ကို အသီးသီး ထပ်ခြေဆန့်ပြီးသကာလ ၁၈၈၆ မှာ အင်္ဂလန်ပြန်ပြီး ဓါတ်ပုံပညာကို ပို့ချခဲ့တယ် ။ နောက် ၂ နှစ် အကြာမှာတော့ တို့ရဲ့ ရွှေမြန်မာဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ချလာပါတော့တယ်  ။

၁၈၈၉ တွင် Felice Beato ရိုက်ခဲ့တဲ့ မန္တလေးမှ မှန်ကျောင်း ဓါတ်ပုံ ( Glass Palace Monastery ( Hamn Kyaung), Manadalay )

၁၈၉၀ မှာ Felice Beato ရိုက်ခဲ့တဲ့ သီပေါမင်းရဲ့ သီဟာသနပုလ္လင် ဓါတ်ပုံ ( Lion Throne in the Royal Palace at Mandalay )
  •             မြန်မာပြည်ကို သူ အတော်ဓါတ်ကျသွားပုံရတယ် ၊ ရောက်ပြီး နှစ်အတော်ကြာ   ၁၈၉၆ မှာ မန္တလေးရွှေမြို့တော်ကြီးမှာ ဓါတ်ပုံလုပ်ငန်းထောင်သတဲ့ ။ အမယ်....မခေဘူးနော် ...နိုင်ငံခြားသားတွေများ အဲဒီအချိန်ကတည်း လျှင်တာ....ဘာလုပ်တယ်အောက်မေ့လဲ ....ပရိဘောဂနဲ့ တွဲပြီး curio business လို့ ခေါ်တဲ့ ထူးထူးဆန်းဆန်း ပစ္စည်းပစ္စယတွေရောင်းတဲ့ လုပ်ငန်းလည်း လုပ်သတဲ့ ။ မန္တလေးမှာ ပင်ရင်းနဲ့ ရန်ကုန်မှာ ဆိုင်ခွဲရှိသတဲ့ ။  များသောအားဖြင့်တော့ curio business ဆိုတာ ရှေးဟောင်းပစ္စည်းတွေလည်း အကျုံးဝင်တာပါဘဲ ။ အကြံသမားလို့ မဆိုရက်ပါဘူး ကွယ် ။ ရှားပါးဓါတ်ပုံတွေရိုက်ပေးထားတဲ့ မျက်နှာနဲ့ ခွင့်လွှတ်လိုက်မယ်  ။


Felice Beato ရိုက်ခဲ့တဲ့ '' မြန်မာစစ်တပ်ခေါင်းဆောင်တစ်ဦး '' အမည်ရှိ ဓါတ်ပုံ ( Chef des Arméés Birmanes 1870 )

Felice Beato ရဲ့ '' ပလောင်အမျိုးသမီး '' ဓါတ်ပုံ ( Palong Woman, Burma, 1890 )

Felice Beato ရိုက်ခဲ့တဲ့ စစ်ကိုင်းတောင်ပေါ်မှ ဥမင်သုံးဆယ်ဘုရားပုံ
  •              Beato  ဘယ်လိုသေတာလဲ ၊ မသေခင် ဘာကြောင့် အီတလီကို ပြန်သွားသလဲ ဆိုတာ ရေးထားတဲ့ မှတ်တမ်းတော့ ရှာမတွေ့ပါဘူး ။ သူ့ဘ၀တစ်ခုလုံး မှတ်တမ်းတင်ထားတာကိုလည်း ( ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက် ရှာပေမယ့် )  အသေးစိတ် မတွေ့မိပါ  ။ သူ သေတဲ့နေရာဟာ ရန်ကုန် သို့မဟုတ် မန္တလေး လို့ အစက ယုံကြည်သတ်မှတ်ထားကြပါတယ်  ။ ဒါပေမယ့်  ၂၀၀၉ မှာ သူ့ရဲ့ သေစာရင်းကို ရှာတွေ့ပြီးတဲ့နောက်  သူခေါင်းချတဲ့နေရာဟာ သူ့မွေးရပ် အီတလီနိုင်ငံဆိုတာ အတည်ပြုလိုက်နိုင်ပါတယ်  ။ သူ့ကို မွေးတဲ့ ဗင်းနစ်စ်မြို့တော့မဟုတ်ဘဲ  အီတလီ အလယ်ပိုင်းမရောက်တရောက်က အနုပညာမြို့တော် ဖလောရန့်စ်  Florence မြို့လေးမှာ  ၁၉၀၉   မှာ လူပျိုကြီးဘ၀နဲ့  သေသွားတာ  ဖြစ်ပါတယ်  ။ 

'' အမေနဲ့ သမီး '' ( Felice Beato in 1890 )

ဝန်းသိုစော်ဘွားရဲ့ မိသားစု ( Felice Beato in 1890 )
  •                နိဂုံးချုပ်ရရင်တော့  Beato ဟာ အနှစ် ( ၅၀  ) လောက်ကို အာရှရဲ့ ဓါတ်ပုံလောကကို လွှမ်းမိုးထားခဲ့သူပါ  ။  သူ့ဓါတ်ပုံတွေဟာ အာရှတင်မက အနောက်နိုင်ငံက သတင်းစာတွေ ၊ မဂဇင်းတွေ ၊ ဆောင်းပါးတွေမှာ နေရာယူထားခဲ့ပါတယ်  ။ နည်းပညာ သိပ်မထွန်းကားသေးတဲ့အချိန်မှာ  သူ့ဓါတ်ပုံတွေနဲ့  အာရှက ပွင့်လင်းမှုသိပ်မရှိသေးတဲ့ နိုင်ငံတွေက ပုံရိပ်တွေကို အနောက်ကမ္ဘာကို ပို့ပေးခဲ့တယ်  ။  သူ့ပုံတွေကို ကြည့်ပြီး အနောက်ကမ္ဘာက လူတွေဟာ အာရှက နိုင်ငံတွေအကြောင်းကို သိခဲ့ကြရတယ်  ။
  •                 သူ့အကြောင်းနဲ့ ပတ်သက်ပြီး အကြိုက်ဆုံး အရာတစ်ခုကတော့ (  မိမိနဲ့တကွ လူသားမျိုးနွယ်ကို အန္တရာယ် မပေးတဲ့  )  ၀ါသနာတစ်ခုခုကို တစ်စိုက်မတ်မတ် လုပ်ရင် ထဲထဲဝင်ဝင်လုပ်ရင် အဲဒီဝါသနာဟာ တနေ့မှာ Profession ဖြစ်လာမယ် ၊ သူများတွေက အားကိုးအားထားပြုလာရမယ် ၊ အများအတွက် အကျိုးရှိလာစေနိုင်တယ် ဆိုတဲ့အချက်ကလေးပါ  ။ ၀ါသနာပါတာကို  စိတ်လိုက်မတ်တပ်လုပ်ရင်း  Felice Beato ဟာ သူ့နည်းသူ့ဟန်နဲ့ လူ့လောကကို အကျိုးပြုခဲ့သူလို့ ထင်ပါတယ်  ။ သမိုင်းအရ အဖိုးမဖြတ်နိုင်တဲ့ သူ့ဓါတ်ပုံမှတ်တမ်းတွေဟာ လူသေသွားပေမယ့်   Felice Beato   ဆိုတဲ့  နာမည်ကိုတော့ မသေစေခဲ့ဘူး မဟုတ်ပါလား...........။



                         ******* Felice Beato ရဲ့ ဓါတ်ပုံတစ်ချို့ကို ဖော်ပြလိုက်ပါတယ်  ********

 
မြန်မာလူမျိုးပုန်ကန်သူများကို ၀ှက်ထားပေးမှုကြောင့် ၀န်သိုစော်ဘွားဦးအောင်မြတ်ကို အင်္ဂလိပ်ခြေလျင်တပ်က လာတိုက်ပုံ ။ ကောလင်းနဲ့ ၀န်းသိုကြားရှိ ကျိုင်းခွင်တောင် ခံတပ်မှာ ( ၁၈၉၁ )

1870 မြန်မာ့ဆင်လုပ်ငန်း

၁၉၀၃ ခုနှစ် မန္တလေးမြို့မှ Felice Beato ရဲ့ ကုမ္ပဏီ ( View of F. Beato Limited )

'' မြန်မာ စစ်သားငယ် '' ( by Felice Beato in 1870 )

'' အိမ်တွင်းထဲဝယ် '' ( by Felice Beato in 1860 )

Felice Beato ရဲ့ Burmese Gentlemen and Servants 1894-1897

'' ရှမ်းမိန်းမပျိုချောလေး '' ( by Felice Beato )



'' ကျေးလက်သား မြန်မာများ '' ( Felice Beato in 1870 )




'' လှပခန့်ထည် မြန်မာ မိန်းမငယ် '' ( Jeune élégante Birmane 1870 )

'' ရိုးရာဝတ်စုံနဲ့ တောသူမိန်းမပျို '' ( by Felice Beato in 1870 )

၁၈၇၅ မှာ Felice Beato ရိုက်ခဲ့တဲ မြန်မာအမျိုးသမီးများပုံ

Felice Beato ရဲ့ '' သူတောင်းစားများ '' အမည်ရှိ ဓါတ်ပုံ ( Mendicant men 1860-1900 )

Felice Beato ရဲ့ '' ညီအစ်မ '' အမည်ရ ဓါတ်ပုံ ( Sisters 1860-1900 )

Felice Beato ရဲ့ '' လှပခမ်းနားတဲ့ နော်ရီမွန် ခေါ် ထမ်းစင်နဲ့ အခြွေအရံများ '' ( A swell norimon and attendants 1860-1900 )

Felice Beato ရဲ့ " ဂျပန်အဆင့်မြင့်အရာရှိ " အမည်ရ ဓါတ်ပုံ ( Japanese High Officer 1860-1900 )


ဒါကတော့ Rain ကလေးတို့ ဂျွန်စောကလေးတို့ရဲ့ ဘိုးအေတွေပါ .......။ ( By Felice Beato ပြင်သစ်ကိုးရီးယားစစ် ၁၈၆၆ )

'' ကီမိုနိုဝတ် ဂျပန်သူ ၅ ယောက် '' ( Felice Beato တို့ရဲ့ ဓါတ်ပုံစတူဒီရို လက်ရာ Hand-colouring ရဲ့ လှပတဲ့ အရည်အသွေးကို တွေ့နိုင်ပါတယ် )

'' ထမ်းစင် ''




'' ဆံပင်အလှဆင်သူ '' ( cumstomer service ပေးတာ နည်းနည်းပြုံးပါလားဟယ် ....ရုပ်တည်ကြီးနဲ့ မုန်တီစားနေလိုက်တာ ......)

အိန္ဒိယက Taj Mahal

'' ကုလားအုတ်ပေါ်မှ စစ်သည်များ '' ( နိုင်းမြစ်ဝှမ်းမှာ ရိုက်ထားသည် )

'' ဖော်ဖော်ရွေရွေ တိုင်းရင်းသားခေါင်ဆောင်တွေ '' ( နိုင်းမြစ်ဝှမ်းမှာ ရိုက်ထားသည် )

ဖော်ရွေသောအာရပ် ခေါင်းဆောင်နဲ့ သားတော်မောင် '' ( 1884 )


အိုဘာတဲ့တုန်း

ရိတ်လိုက်ကြစို့ သူငယ်ချင်း ( ၁၈၆၅ )

ငါဟဲ့ ယောက်ပြား...အဲလေ ...ယောက်ျား ( Tatooed in 1867 )
Ref : http://billyjane.tumblr.com/post/329127457/tattooed-attributed-to-felice-beato-c-1867
http://en.wikipedia.org/wiki/Felice_Beato
http://en.wikipedia.org/wiki/Constantinople
http://en.wikipedia.org/wiki/Ottoman_Empire
http://en.wikipedia.org/wiki/Indian_Rebellion_of_1857
http://en.wikipedia.org/wiki/Company_rule_in_India
http://en.wikipedia.org/wiki/Crimean_War

No comments:

Post a Comment