Saturday, April 7, 2012

ကြက်ဥများက ပြောသောသမိုင်း ( အပိုင်း ၁ )

      ၁၉၉၄ မှာ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ကမ္ဘာကျော်အနုပညာပစ္စည်းတွေလေလံတင်ရောင်းချရေး ကုမ္ပဏီ Christie's က အနှစ် ၅၀ လောက် ဘယ်ရောက်လို့ဘယ်ပျောက်နေမှန်းမသိခဲ့တဲ့ ရတနာပစ္စည်းတစ်ခုကို လေလံဖွင့်ခဲ့တယ်။ ရုရှားပန်းထိန်ဆရာ ဖာဘယ်ဂျေး Fabege' က ၁၉၁၃ မှာ ရုရှားရဲ့ နောက်ဆုံးဇာဘုရင် Nicolas the Second အတွက်လုပ်ပေးခဲ့တဲ့ ပစ္စည်းပါ။ နာမည်က Winter Egg တဲ့။ဖောက်ထွင်းမြင်ရလောက်အောင် ကြည်လင်နေတဲ့ သလင်း quartz ရယ်၊ စိန်ရယ်၊ ရွှေရယ် ၊ပလက်တီနမ်ရယ်နဲ့ အဓိကလုပ်ထားတာဖြစ်ပြီး ဖွင့်လိုက်ရင် နွေဦးပန်း Spring Flowers လေးတွေပါတဲ့ခြင်းသေးသေးလေးတစ်ခုထွက်လာတယ်။ အောက်ခံခုံကတော့ ရေခဲတွေအရေပျော်ကျနေတဲ့ပုံ ပီပြင်သလားမမေးနဲ့။ လေလံပွဲမှာ အမည်အဖော်လိုသူတစ်ယောက်က ဒေါ်လာ ၅ သန်းခွဲပေးပြီး ၀ယ်သွားခဲ့တယ်။ ၂၀၀၂ မှာတစ်ခါ Christie's ကဘဲ အမေရိကန်နိုင်ငံ နယူးယော့မှာ အဲဒီ Winter Egg ကို ထပ်ပြီး လေလံဖွင့်ပြန်တယ်။ ဒေါ်လာ ၉. ၆ သန်းရတယ်။ 
 
  •                 ဒီလောက်တောင် ဈေးကြီးတဲ့ အဲဒီ Winter Egg ဆိုတာလေးကို မြေကြီးပေါ် ချခွဲကြည့်လိုက်ရင် ဘယ်လောက်တောင် အဖိုးတန်တာတွေထွက်လာမလဲ စိတ်ကူးယဉ်ကြည့်ရအောင်။ သလင်းကွဲလေးတွေရယ်၊ စိန်ကွဲသေးသေးမှုန်မှုန်လေးတွေရယ်၊ ပလက်တီနမ်နည်းနည်း ရွှေနည်းနည်းထွက်လာမှာပေါ့။ အဲဒါတွေအားလုံးကို ရောင်းလိုက်ရင် ဒေါ်လာ သုံးလေးထောင်ထက် မပိုပါဘူး။ ဒါဆို ဘယ်ငမိုက်သားက ဘာကြောင့် အဲဒီပစ္စည်းလေးကို ဒေါ်လာ သန်းချီပေးဝယ်သွားတာလဲ။ အဖြေကတော့ ရှင်းပါတယ်။ သုံးထားတဲ့ပစ္စည်းရဲ့ တန်ဖိုးထက် လုပ်ထားတဲ့ လက်ရာရယ်၊ အဲဒီ ကြက်ဥလေးက ပြောတဲ့ သမိုင်းရယ်ကို တန်းဖိုးရှိမှန်းသိသူ တတ်လည်းတတ်နိုင်သူက တခုတ်တရ ပေးဝယ်တာပေါ့။ ဒီတော့ တို့တွေလို အဲလောက် ရေမလျှံနိုင်သူလေးများအဖို့ အနည်းဆုံးတော့ Faberge' Eggs ဆိုတာ ဘာလေးတွေလဲ ဆိုတာလောက်တော့ သိထားရင် မကောင်းဘူးလား။ ပြောလို့ပြောတာမဟုတ်ဘူး။  ''နိုင်ဂံဂျား'' မှာ ဒီအချိန် Easter ပွဲ လုပ်ကြတော့မယ့်အချိန်လေ။ စူပါမားကတ်တွေ ဘာတွေမှာ ကြက်ဥလေးတွေ ရောင်စုံနဲ့ အလှဆင်ထားတာကို တွေ့ဖူးကြမှာပေါ့။ ကြက်ဥပုံချောကလက်လေးတွေရောင်းတာကော မတွေ့မိဘူးလား။ ဘုမသိဘမသိလျှောက်ကြည့်နေမယ့်အစား သမိုင်းကို နည်းနည်းကလေးဖြစ်ဖြစ်တီးမိခေါက်မိတော့ လျှောက်ငေးရတာ အရသာရှိတာပေါ့။ Faberge' Egg အကြောင်းကို လူကြားသူကြားထဲ အာပေါင်အာရင်းသံသံနဲ့ ပြောနိုင်ရင်လည်း အနည်းဆုံးတော့ လူရှိန်တာပေါ့ကွယ်။
  •              ဖာဘယ်ဂျေး Faberge' ရဲ့ နာမည်အပြည့်အစုံက Peter Carl Faberge' တဲ့ ။ သူဟာ ရုရှားပြည်ကြီးကို နောက်ဆုံးအုပ်စိုးသွားတဲ့ ဇာဘုရင် ''တတိယမြောက် အလက်ဇန်းဒါး Alexander the Third ''  နဲ့ သူ့သား ''ဒုတိယမြောက် နိကိုလပ်စ်  Nicholas the Second''  တို့တော်ဝင်မိသားစုရဲ့ ပန်းထိမ်ဆရာဖြစ်တယ်။ ဒုတိယတွေ၊ တတိယတွေနဲ့ရှုပ်နေတာဘဲလို့မထင်လိုက်နဲ့ဦး။ ကိုယ့်ရှေ့က အုပ်ချုပ်သွားသူတွေမှာ ကိုယ်နဲ့နာမည်တူတွေရှိခဲ့ရင် အဲဒီလို နံပါတ်တတ်ပြီး ခေါ်လေ့ရှိတယ်။ အခုလက်ရှိ ရောမက ပုဒ်ရဟန်းမင်းကြီးနာမည်က '' ဆယ့်ခြောက်ယောက်မြောက် ဘယ်နဲဒစ် Benedict the Sixteenth '' တဲ့။ သူ့ရှေ့က ပုဒ်ရဟန်းမင်းကြီးတွေထဲမှာ Benedict ဆိုတဲ့ နာမည်နဲ့ ၁၅ ယောက်တောင် ရှိလို့ သူက ဆယ့်ခြောက်ယောက်မြောက်ဖြစ်သွားတာ။ ၂၀၀၅ တုန်းက ဆုံးသွားတဲ့ ပုဒ်ရဟန်းမင်းကြီးနာမည်ကကျတော့ John Paul the Second ဒုတိယမြောက်ဂျွန်ပေါလ် တဲ့။ အခု ဇာဘုရင်တွေမှာလည်း အဲလိုဘဲ။ ကိုယ်မှတ်ရမှာက သူတို့နှစ်ယောက်ဟာ ရုရှားမှာ အုပ်ချုပ်သွားတဲ့ နောက်ဆုံးမင်းတွေဘဲ။ မြန်မာပြည်က နောက်ဆုံးမင်းတွေဖြစ်တဲ့ မင်းတုန်းမင်းနဲ့သီပေါမင်းလို သားအဖလည်း ဖြစ်တယ်။ အဖေနာမည်က အလက်ဇန်းဒါး။ သားနာမည်က နိကိုးလပ်စ်။ ဒါလောက်မှတ်ရင်ရပါပြီ။( ရှုပ်နေတာဘဲ။ပျင်းတယ်ကွာဆိုပြီး ဆက်မဖတ်မှာစိုးလို့ ကျေးဇူးရှင်လေးတွေကို ကြိုပြောထားရတာပါ )။

  •               ဇာဘုရင် ဆိုတာကိုလည်း နည်းနည်းဘဲမှတ်ရင်ရပါတယ်။ '' ဇာ Tzar '' ဆိုတာက ရောမက ဆီဇာ Ceasar ဘုရင်တွေကိုခေါ်တဲ့နာမည်က ဆင်းသက်လာတာ။ ဆီဇာဘုရင်တွေလိုဘဲ အာဏာရှိတယ်။ သူက သေဆိုသေ ရှင်ဆိုရှင်ရတဲ့ သက်ဦးဆံပိုင် ဘုရင်တွေဖြစ်တယ်။ ဇာဘုရင်တွေဟာ နိုင်ငံတွေအများကြီး၊ လူမျိုးတွေအများကြီးပါတဲ့ ရုရှား အင်ပါယာကြီးကို အုပ်ချုပ်ခဲ့ကြတယ်။ ရုရှားအင်ပါယာမဖြစ်ခင်က ကာလကို '' ဇာဘုရင်များ အုပ်စိုးရာနယ်မြေ ဇာဒမ် Tsardom '' လို့ခေါ်တယ်။ အင်္ဂလန်လို ဘုရင်အုပ်စိုးရတဲ့တိုင်းပြည်ဆို Kingdom လို့ခေါ်တယ်။  ။ မင်းသားအုပ်စိုးရင် Princedom ။ ဇာဘုရင်များအုပ်ချုပ်ခဲ့လို့ Tsardom။

  •              အဲဒီ Tsardom ဟာ ၁၅၅၀ လောက်ကစပြီး ဟိုကိုသွားတိုက်လိုက် ဒီကိုသွားတိုက်လိုက်နဲ့ နှစ်တိုင်းနှစ်တိုင်း နယ်မြေတွေတိုးတိုးလာခဲ့တယ်။ ၁၅၅၀ က ၁၇၀၀ အတွင်းမှာ တစ်နှစ်ကို ကီလိုမီတာ သုံးသောင်းခွဲလောက်နှုန်းနဲ့တိုးလာသတဲ့။ မိုင်အားဖြင့်ဆို နှစ်သောင်းကျော်လောက်ပေါ့။ ယူကရိန်း၊ ပိုလန်၊ အခုခေတ်တိုင်းပြည်အသစ်ကလေးတွေဖြစ်တဲ့ လစ်သူအေးနီယား၊ အက်စ်တိုးနီးယားတို့ရှိတဲ့နေရာ၊ ဟိုးမြောက်ပိုင်းက ဆွီဒင်အထိပါရောက်လာခဲ့တယ်။ အဲဒီကနေပိုပိုပြီးကျယ်ပြန့်လာလိုက်တာ ၁၇၂၁ ရောက်တော့ ရုရှားအင်ပါယာဆိုတာဖြစ်လာတယ်။ အခုခေတ်မှာတောင် ရုရှားက အာရှမှာ တစ်ဝက်လောက် ဥရောပမှာ တစ်ဝက်လောက်ခွနေတဲ့ ကမ္ဘာ့အကြီးဆုံးတိုင်းပြည်ဆိုမှတော့ အဲဒီရုရှားအင်ပါယာဆိုတာကို တွေးကြည့်လိုက်ပါ။ ရုရှားအင်ပါယာဟာ ကမ္ဘာ့ကုန်းမြေထုရဲ့ ၆ ပုံတစ်ပုံရှိသတဲ့။ တိုတိုမှတ်ချင်ရင် ဇာဘုရင်တွေအုပ်စိုးတဲ့နယ်မြေ Tsardom ပြီးတော့ ရုရှားအင်ပါယာလာတယ်။ ၁၉၁၇ မှာ ဘုရင်စနစ်ကို မကြိုက်လို့ပုန်ကန်ကြတဲ့အတွက် အောက်တိုဘာအရေးအခင်းဖြစ်တယ်။ ရုရှားအင်ပါယာပြိုကွဲပြီး ကွန်မြူနစ်တွေအုပ်စိုးတဲ့ ဆိုဗီယက်ပြည်ထောက်စုဖြစ်လာတယ်။ ၁၉၉၁ မှာ ကွန်မြူနစ်ဝါဒကျဆုံးပြီး အရင်က ရုရှားထဲဆွဲသွင်းခံထားရတဲ့နိုင်ငံတွေလွတ်လပ်ရေးရလို့ အခု လက်ရှိ ရုရှားဖြစ်သွားတယ်လို့မှတ်လို့ရပါတယ်။
အစိမ်းရင့်ရောင်မှာ ရုရှားအင်ပိုင်ယာဖြစ်ပြီး အစိမ်းဖျော့မှာ ရုရုားအင်ပါယာ၏ သြဇာလွှမ်းမိုးမှုရှိသောနေရာများဖြစ်သည်။
ယခု ရုရှားနိုင်ငံ
  •             အခု ဒီစာမှာ ပါတဲ့အလက်ဇန်းဒါးနဲ့ နိကိုးလပ်စ် ဆိုတာ နောက်ဆုံးအုပ်ချုပ်သွားတဲ့ ဇာဘုရင်တွေပါ။ သူတို့မှာ ပန်းထိန်ဆရာတစ်ယောက်ရှိတယ်။ Peter Carl Faberge' တဲ့။ သူ့ကို Faberge' ဖာဘယ်ဂျေးလို့လူသိများတယ်။  သူလုပ်ပေးခဲ့တဲ့ ပစ္စည်းတွေထဲမှာ အထင်ရှားဆုံးတွေက ခရစ်ယာန်တွေရဲ့ ပွဲတော်တစ်ခုဖြစ်တဲ့ အိစ်တာ Easter ပွဲကျင်းပချိန်ရောက်တိုင်း လုပ်ပေးရတဲ့ အိစ်တာကြက်ဥပုံ ရတနာပစ္စည်းတွေဖြစ်တယ်။ ခရစ်တော်ကို လက်ဝါးကပ်တိုင်မှာတင်သတ်ပြီး သုံးရက်မြောက်တဲ့နေ့မှာ ခရစ်တော် ပြန်လည်ရှင်သန်ထမြောက်လာတာကို ရည်စူးပြီးလုပ်တဲ့ပွဲကို အိစ်တာ Easter ပွဲလို့ခေါ်တယ်။ Easter Day က ခရစ်စမတ်နေ့လိုတော့ဘယ်နေ့ဘယ်ရက်ဆိုပြီး တစ်ကမ္ဘာလုံးနီးပါ တစ်ညီတစ်ညွတ်ထဲ လက်ခံထားတာမရှိဘူး။ များသောအားဖြင့် နှစ်တိုင်း မတ်လ ၂၂ နဲ့ ဧပြီ ၂၅ ကြားက တနင်္ဂနွေနေ့တစ်ရက်မှာ ကျရောက်တယ်။ အနောက်တိုင်းနဲ့ အရှေ့တိုင်း ကျင်းပတဲ့ရက်လည်း ကွာတတ်တယ်။ ၂၀၁၂ အတွက် အနောက်တိုင်း အိစ်တာက အခုတစ်ပတ် တနင်္ဂနွေနေ့ ဧပြီလ ၈ ရက်နေ့ဖြစ်တယ်။ ရုရှား ၊ ဂရိစတဲ့Orthodox ခရစ်ယာန်ဂိုဏ်းကွဲကို ကိုးကွယ်တဲ့ နိုင်ငံတွေကျတော့၂၀၁၂ အတွက် အိစ်တာကို ဧပြီ ၁၅ မှာ ကျင်းပမယ်လို့ သိရတယ်။
လက်ရှိပုဒ်ရဟန်းမင်း ဆယ့်ခြောက်ယောက်မြောက် ဘဲနဲဒစ် Benedict the Sixteenth နဲ့ တခြားခရစ်ယာန်ဂိုဏ်းဖြစ်သော Lutheranလူသာရန်ဂိုဏ်းမှ ဂျာမန်ဘုန်းကြီးတစ်ပါး
ရုရှား Orthodox Church ခေါင်းဆောင်နဲ့ပုဒ်ရဟန်းမင်းကြီး
  •                အိစ်တာတနင်္ဂနွေပြီး နောက်ရက်တနင်္လာနေ့ကို ခရစ်ယာန်တိုင်းပြည်တွေမှာ ရုံးပိတ်ရက်အဖြစ်သတ်မှတ်တယ်။ တစ်ချို့ကတော့ အိစ်တာနေ့ကို မရောက်ခင်တစ်ညမှာ သူတို့ကလေးတွေရဲ့ အိပ်ရာမှာ လက်ဆောင်လေးတွေ၊ ဘဲဥပုံချောကလက်လေးတွေတိတ်တိတ်လးထားကြသတဲ့။ ကလေးတွေနိုးလာလို့ အဲဒီလက်ဆောင်လေးတွေကို တွေ့တော့ မိဘတွေက '' အဲဒါ အိစ်တာယုန်ကြီးလာထားသွားတာ '' လို့ ပြောလေ့ရှိတယ်ဆိုဘဲ။ ခရစ်စမတ်ဘိုးဘိုးကြီးလို ကလေးတွေအတွက် လက်ဆောင်တွေတိတ်တိတ်လေးသယ်လာတဲ့ အိစ်တာဘိုးဘိုးယုန်ကြီးပေါ့။ ဘာကြောင့်ကြက်ဥ နဲ့ ယုန် ကို အိစ်တာအထိမ်းအမှတ်နဲ့ သုံးတာလဲ ဆိုတာတော့ အယူအဆတွေအမျိုးမျိုးကွဲနေတယ်။ အဲဒီထဲက အများလက်ခံထားတာတစ်ခုကို ပြောရရင် ယုန်ဆိုတာ ပေါက်ဖွားနှုန်းအရမ်းမြန်တဲ့သတ္တ၀ါမို့လို့ သားအောင်ခြင်း fertility ကို ကိုယ်စားပြုတယ် လို့ဆိုတယ်။ Egg ဟာလည်း သတ္တ၀ါလေးတွေကို ပေါက်ဖွားပေးတာမို့ ဘ၀အသစ်တစ်ခုကို မွေးဖွားရာဖြစ်တယ်။ မတ်လနဲ့ဧပြီလဆိုတာ အရမ်းအေးတဲ့တိုင်းပြည်တွေမှာ ဆောင်အကုန်နွေအကူး လူတိုင်းမျှော်တဲ့ Spring ဆိုတဲ့ နွေဦးရာသီအချိန်။ အရိုးခိုက်အောင်အေးတဲ့ နေ့တာတိုတဲ့ဆောင်းရက်များကုန်ပြီး ဟိုဟိုဒီဒီမှာ ပန်းလေးတွေ အဆုပ်လိုက်ပွင့်တဲ့အချိန်။ ဒါကြောင့် သူတို့အားလုံးဟာ ခရစ်တော်ရဲ့ရှင်သန်ထမြောက်ခြင်းကို ကိုယ်စားပြုတယ်လို့ဆိုတယ်။
Happy Easter သူငယ်ချင်းတို့ရေ။ ခရစ်ယာန်မဟုတ်ပေမယ့် ရောနှုတ်ဆက်လိုက်တယ်။ ယုန်ပုံ၊ ကြက်ဥပုံချောကလက်လေးတွေ စားကြဦး။
  • ဒါက မသိသူတွေအတွက် အိစ်တာဆိုတာဘာလဲလို့ နည်းနည်း အင်ထရိုဝင်တာပါ။တကယ်ပြောချင်တာက ဖာဘယ်ဂျေးရဲ့ အဖိုးတန်ကြက်ဥတွေနဲ့ဆက်နွယ်နေတဲ့ရုရှားရဲ့နောက်ဆုံးဇာဘုရင်များအကြောင်း။

  •             ပန်းထိမ်ဆရာ ဖာဘယ်ဂျေးရဲ့ ဘိုးဘွားတွေဟာ အစက ပြင်သစ်မှာနေတာ။ မျိုးရိုးက ဂျာမန် ။ ကိုးကွယ်တဲ့ဘာသာက ပရိုတက်စတန့် ခရစ်ယာန်ဂိုဏ်း။ ၁၇ ရာစုမှာ ပြင်သစ်မှာ ကက်သလစ်တွေနဲ့ ပရိုတက်စတန့်တွေ အဆင်မပြေဖြစ်ပြီး ဘာသာရေးဖိနှိပ်မှုကြောင့် ပရိုတက်စတန့် ၂ သိန်းခွဲလောက် ပြင်သစ်က ထွက်ပြေးရတယ်။ အဲဒီထဲမယ် ဖာဘယ်ဂျေးတို့ဘိုးဘွားတွေလည်း ပါတယ်။ ထွက်ပြေးပြီး အဲဒီခေတ်က ရုရှားဇာဘုရင်တွေပိုင်တဲ့ ဘောတစ်ပင်လယ် Baltic Sea နားက Livonia ဆိုတဲ့ အရပ်မှာ အခြေစိုက်ခဲ့ကြတယ်။ အခုဆို အက်စတိုးနီးယား Estonia ဆိုတဲ့ လူဦးရေ တစ်သန်းခွဲလောက်ဘဲ ရှိတဲ့နိုင်ငံလေးတစ်ခုရှိတဲ့နေရာပေါ့။ ဖာဘယ်ဂျေပန်းထိမ်လုပ်ငန်းကို တည်ထောင်သူ အဖေကြီး Gustav Ferberge' ကို အဲဒီမှာမွေးတာ။ ၁၈၃၀ မှာ Gustav Ferberge' ဟာ အဲဒီအချိန်က ရုရှားရဲ့ မြို့တော် ဖြစ်တဲ့စိန့်ပီတာစ်ဘတ် Saint Pertersburg ကို တက်လာပြီး ပန်းထိမ်ဆရာကြီးတစ်ယောက်ဆီမှာ တပည့်ခံသတဲ့။ အဲဒီပန်းထိမ်ဆရာကြီးဆီမှာ ရွှေသေတ္တာလေးတွေလုပ်နည်းကို သင်ခဲ့တယ်။နောက်တော့ ဇာဘုရင်တွေရဲ့ ရတနာတွေကို လုပ်ပေးရတဲ့ ပန်းထိမ်ဖိုမှာ ဆက်သင်ပြန်တယ်။ ၁၁ နှစ် ကြာ အဲလိုသင်ပြီးနောက် ပန်းထိမ်ဆရာဘွဲ့ Master Goldsmiths ဘွဲ့ကို ရသွားပါလေရော။ ဒီတော့ သူဟာ သူ့မျိုးရိုး ဖာဘယ်ဂျေး Faberge' ဆိုတဲ့ ပြင်သစ်နာမည်နဲ့ ရတနာဆိုင်ထောင်တယ်။ ဖြစ်ချင်တော့ အဲဒီခေတ်က မင်းမျိုးမင်းနွယ်တွေဟာ ပြင်သစ်ရူးရူးနေကြတယ်ဆိုဘဲ။ ပြင်သစ်စကားကို နန်သုံးအဖြစ်ထားပြီး ပြင်သစ်နာမည်တွေမှည့်ကြတယ်။ ပြင်သစ်ယဉ်ကျေးမှုကို အတုခိုးကြတယ်။ ပြင်သစ်မှာ စာသင်ကြတယ်။ပြင်သစ်စာတွေစားကြတယ်။ ရှိသမျ ဇိမ်ခံပစ္စည်းတွေဟာ ပြင်သစ်နာမည်တွေနဲ့ချည်း။ အဲလို အားလုံး ပြင်မှသစ်မယ်ဆိုတဲ့ အချိန်ဖြစ်နေချိန်မှာ ဖာဘယ်ဂျေးဆိုတဲ့ ပြင်သစ်နာမည်ဟာ သူတို့ကို ကြားတာနဲ့ ခိုက်သွားစေခဲ့တယ်။ သူ့လက်ရာတွေကို မြင်လိုက်ရတော့ ဖာဘယ်မှ မဂျေးရရင် မဖြစ်တော့ပါဘူးဆိုတဲ့ အခြေအနေရောက်သွားသတဲ့။ ဒါပေမယ့်သူ့ရဲ့ နာမည်ကြီးမှုဟာ သူ့ကို ဆက်ခံတဲ့ သား ဖာဘယ်ဂျေးနဲ့ ယှဉ်ရင် ဘာဟုတ်ဦးမလဲ။ Faberge' eggs ဆိုတာ သား Peter Carl Faberge' လက်ထက်မှ ဖြစ်လာတဲ့ အနုပညာလက်ရာဖြစ်တယ်။
Faberge' ရဲ့ အိစ်တာကြက်ဥများကို အိစ်တာမှာလက်ဆောင်ပေးဖို့လုပ်တာပေမယ့် ဘာသာရေးကို ပုံဖော်တာ ဒီတစ်ခုဘဲရှိတယ်။ ကျန်တာတွေအားလုံးက လောကီအကြောင်းအရာတွေကို ပုံဖော်တာချည်း။ ဒီကြက်ဥကို ခရစ်တော်၏ ပြန်လည်ရှင်သန်ထမြောက်ခြင်း Resurrection Egg လို့ခေါ်တယ်။ အထဲမှာ ခရစ်တော် ရှင်သန်ထမြောက်လာပုံကို ပုံဖော်ထားတယ်။
  •              တိုတိုပြောရရင်တော့သားဖြစ်သူ Peter Car Fabege' လက်ထက်မှာ ဇာဘုရင်မိသားစုက ဖာဘေဂျေးပန်းထိမ်လုပ်ငန်းကို '' ဇာဘုရင်ရဲ့ အထူးခန့်အပ်ထားတဲ့ ပန်းထိမ် Goldsmith by special appointment to the Imperial Crown '' ဆိုတဲ့ ဘွဲ့ကို ပေးခဲ့တယ်။ သူ့လက်ရာတွေကို နန်းတော်က ပြတိုက်ကြီးထဲမှာ ရုရှားအနုပညာလက်ရာတွေကို ကိုယ်စားပြုဖို့ထည့်ပြခိုင်းခဲ့တယ်။

  •             ဖာဘယ်ဂျေးပထမဆုံးလုပ်ပေးရတဲ့ ကြက်ဥက ဇာဘုရင်မ မာရီယာ Maria Feodorovna အတွက်။ မာရီယာဟာ ဇာတိက ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့က မင်းသမီးဖြစ်တယ်။ ရုရှားဘုရင် အလက်ဇန်းဒါးနဲ့ရတော့ လျောင်နောက်ဆံထုံးပါ ရုရှားမှာ လိုက်နေရတယ်။ သူ့တို့ နှစ်ယောက်ဟာ ခရစ်ယာန်ချင်းတူပေမယ့် ဂိုဏ်းချင်းကွဲတော့ ယောက်ျားရဲ့ ခရစ်ယာန်ဂိုဏ်းကို ပြောင်းခဲ့ရတယ်။ မာရီယာတို့လို ဥရောပမြောက်ပိုင်းသားတွေ ကိုးကွယ်တာက လူသယ်ရေနစ်ဇင် Lutheranism ဆိုတဲ့ ဂိုဏ်း။ ၁၆ ရာစုမှာ စပြီး ဒီဂိုဏ်းပေါ်လာတာ အခုဆို တကမ္ဘာလုံးနီးပါး အဲဒီဂိုဏ်းဝင်တွေရှိပြီး ဥရောပမှာဆို ဒိန်းမတ်၊ နော်ဝေး၊ ဖင်လန်၊ အက်စတိုးနီးယား၊ လတ်ဗီးယား၊ ဂျာမနီစတဲ့ ဥရောပမြောက်ပိုင်းနဲ့ အနောက်ပိုင်း တစ်ခုလုံးနီးပါး အဲဒီဂိုဏ်းကို ကိုးကွယ်တယ်။ ရုရှားကတော့ Orthodox ခရစ်ယာန်ဂိုဏ်းကို ကိုးကွယ်တယ်။ ရုရှားဇာဘုရင်ရဲ့ မိဖုရားဟာ Orthodox ခရစ်ယာန်ဂိုဏ်းဝင်ဖြစ်ရမယ်လို့ စည်းကမ်းချက်ကလည်း ရှိလေတော့သူ့ခမျာ ဂိုဏ်းပြောင်းလိုက်ရပြီး နာမည်ကိုပါ ရုရှားနာမည် Maria Feodorovna ဆိုပြီးပြောင်းလိုက်တယ်။ ရုရှားစာတတ်အောင်သင်ရတယ်။ ယောက်ျားချစ်အောင်လုပ်ရတာကလည်း မလွယ်ပါလားဟ။ သူ့အစားမောပါ့။
Faberge' ပထမဆုံး Easter Egg လုပ်ပေးရတဲ့ ဇာဘုရင်မ Maria Feodorovna
Maria Feodorovna

  •            ၁၈၈၅ မှာ ဇာဘုရင် အလက်ဇန်းဒါးဟာ သူ့မိဖုရားကို အိမ်ထောင်သက်အနှစ် ၂၀ ပြည့်လက်ဆောင်ပေးချင်လို့ Peter Carl Faberge' ကို အိစ်တာကြက်ဥလုပ်ပေးဖို့ခိုင်းတယ်။ဖာဘေဂျေးလုပ်ပေးတဲ့ ပထမဆုံး ကြက်ဥဟာ ကြည့်လိုက်ရင် တကယ့်ကြက်ဥနဲ့တူလို့ခပ်ရိုးရိုးပုံပါ။ အပြင်ဘက်ကို ကြက်ဥအခွံနဲ့တူအောင် ရွှေပေါ်မှာ စဉ့်enamel သုတ်ထားတယ်။ စဉ့်ဆိုတာ ဖန်မှုန့် powered glass ကိုအပူပြင်းပြင်းနဲ့ ကျိုထားတာ။ လိုတဲ့အရောင်ထည့်လို့ရပြီး ပြောင်ချောတဲ့မျက်နှာပြင်လုပ်ဖို့သုံးတာများတယ်။ ဖာဘေဂျေးဟာ သူ့ပစ္စည်းတွေကို ရွှေငွေ၊ပလက်တီနမ်၊ရတနာတွေနဲ့ စဉ့်အရာင်မျိုးစုံ သုံးပြီးလုပ်လေ့ရှိတယ်။ ပြောင်ချောနေတဲ့ ကြက်ဥအခွံကို ဖွင့်လိုက်တော့ အထဲမှာ ရွှေနဲ့လုပ်ထားတဲ့ကြက်ဥနှစ်ပေါ်လာတယ်။ ကြက်ဥနှစ်ကို ဖွင့်လိုက်တော့ပတ္တမြားမျက်လုံးလေးတွေနဲ့ရွှေကြက်လေးတစ်ကောင်ထွက်လာတယ်။ ရွှေကြက်လေးရဲ့ တောင်ပံကိုဖွင့်လိုက်တော့ရွှေနဲ့စိန်ရောလုပ်ထားတဲ့ သရဖူလေးနဲ့ဆွဲသီးလေးတစ်ခုထပ်ထွက်လာတယ်။ အဲဒါပါဘဲ။ ဖာဘေးဂျေးရဲ့စတိုင်က သူလုပ်တဲ့ ကြက်ဥတိုင်းဟာ ဖွင့်လိုက်ရင် အံသြစရာ surprise တစ်ခုထွက်လာရမယ်။ အနုစိတ်ရမယ်။ အဲဒါဟာ ဖာဘယ်ဂျေးကြက်ဥတွေရဲ့ အစ။ ပထဆုံးလုပ်တဲ့ အဲဒီကြက်ဥနာမည်က Hen Egg တဲ့။ ( Egg ကို ကြက်ဥလို့အဆင်ပြေအောင် ဘာသာပြန်လိုက်တယ်။ ကြက်ဆိုတာ မပါပြန်တော့လည်း တစ်မျိုးကြီး၊ Egg လို့ အင်္ဂလိပ်လိုဘဲ ရေးရတာလည်း ထောက်တောက်တောက်မို့ D: )
 Hen Egg
  •                ဇာဘုရင်မဟာ အဲဒီကြက်ဥကို မြင်တော့ အရမ်းကို ကြွေသွားတယ်။ ဒိန်းမတ်က သူ့အဒေါ်မှာလည်း အဲလို အိစ်တာကြက်ဥမျိုးရှိတယ်တဲ့။ သူငယ်ငယ်က သူ့အဒေါ်ရဲ့ ကြက်ဥကို အရမ်းလိုချင်ခဲ့တာဆိုဘဲ။ ဖာဘယ်ဂျေးရဲ့ ကြက်ဥဟာ သူ့ရဲ့ အိမ်လွမ်းစိတ်ကို သက်သာသွားစေတယ်တဲ့ ။ ဒါနဲ့ဘဲ နှစ်တိုင်းနှစ်တိုင်း အိစ်တာရောက်ရင် ဇာဘုရင်ဟာ မိန်းမကို ပေးဖို့တစ်မျိုး၊ အမေကို ပေးဖို့တစ်ဖုံ ဖာဘယ်ဂျေးဆီက ကြက်ဥတွေမှာတော့တာဘဲ။ ဒီထုံးစံဟာ အနှစ်သုံးဆယ်လောက်ကို ကြာရှည်ခဲ့တာ ဇာဘုရင်ရဲ့သက်ဦးဆုံပိုင်စနစ်ကို ဖြုတ်ချလိုက်တဲ့ ၁၉၁၇ အောက်တိုဘာ အရေးအခင်းဖြစ်တော့မှဘဲ ရပ်သွားတော့တယ်။

  •               အလက်ဇန်းဒါးနဲ့ မာရီယာတို့မှာ သားသမီး ၆ ယောက်ထွန်းကားတယ်။ အကြီးဆုံး ထီးမွေနန်းမွေဆက်ခံသူသားနာမည်က နစ်ကိုလပ်စ် Nicholas တဲ့။ သူ့ဘိုးဘေးတွေထဲမှာ နစ်ကိုးလပ်စ်နာမည်နဲ့ ရှိခဲ့ပြီးသားမို့ ကို သူ့ကို ဒုတိယမြောက် နစ်ကိုးလပ်စ် Nicholas the Second လို့ခေါ်ကြတယ်။
ဇာဘုရင်အလက်ဇန်းဒါး၏ မိသားစု
  •                နစ်ကိုးလပ်စ် ငယ်ငယ်တုန်းက သူ့အဖိုး ဇာဘုရင်ကြီးကို မလိုသူတွေက လုပ်ကြံသွားတယ်။ လူရှေ့သူရှေ့မှာ သူ့အဖိုးအသတ်ခံရတာကို မျက်ဝါးထင်ထင်မြင်လိုက်ရပြီးတဲ့နောက် သူဟာ ဘုရင်လုပ်ဖို့ကို ကြောက်နေခဲ့တယ်။ အဖိုးရဲ့မသေခင် သွေးအလိမ်းလိမ်းဖြစ်နေပုံကို မျက်စိထဲက မထွက်ဘူး။ သူကိုယ်တိုင်ကလည်း တိုင်းပြည်အုပ်ချုပ်ရေးကို စိတ်မ၀င်စားဘူး။ သူ့အဖေအလက်ဇန်းဒါးက အကြီးလုပ်ပြီး တစ်ခြားသားသမီးတွေလောက်က မသွက်တဲ့ သူ့ကို '' မိန်းကလေးပုံစံနဲ့ကွာ။ ဒီပုံနဲ့ ဘယ်လိုလုပ် ဇာဘုရင်လုပ်မှာလဲ '' လို့ ခဏခဏမချင့်မရဲ ပြောလေ့ရှိသတဲ့။ သူ့အဖိုးသေပြီး သူ့အဖေဘုရင်ဖြစ်တော့ သူလည်း အော်တိုမက်တစ် အိမ်ရှေ့မင်းသားဖြစ်လာတာပေါ့။ ဒါနဲ့ အဲဒီခေတ်က မင်းညီမင်းသားတွေသွားတဲ့ Grand Tour ကို မသွားချင်သွားချင်နဲ့ သွားခဲ့ရတယ်။ Grand Tour ဆိုတာ မင်းညီမင်းသားတွေ၊ သူဌေးသားတွေ ဆိုင်ရာ ဆိုင်ရာ တာဝန်တွေကို မထမ်းဆောင်ခင် သွားတဲ့နိုင်ငံခြားလေ့လာရေးခရီးကို ခေါ်တာ။ ဒေသန္တရဗဟုသုတလည်း ရှာရင်း၊ တခြားနိုင်ငံတွေက အနုပညာလက်ရာတွေကိုလည်း ကြည့်ရင်း ပြင်ပလောကကို သိအောင်၊ လူရည်လည်အောင်သွားတဲ့ ခရီးမျိုးဆိုပါတော့။ ဖြစ်ချင်တော့နိကိုးလပ်စ်ဟာ လူပျိုပေါက်လေးဖြစ်နေတဲ့ မင်းသားပီပီ ကိုယ်လုပ်တော်ကလည်း ရှိနေပြီ။ နန်းတွင်းမှာ အတော်ဆုံး ကချေသည်မလေးနဲ့ခွာမရအောင်ဖြစ်နေတယ်။ အဲဒီကချေသည် မမလေးကိုဘဲ လက်ထပ်မယ်လို့ထိပါ ပြောနေတော့ သူ့မိဘတွေက တစ်ချက်ခုတ်နှစ်ချက်ပြတ်ဆိုပြီး အတင်း နိုင်ငံခြားခရီးကို လွှတ်လိုက်တယ်။ နစ်ကိုးလပ်စ်ရဲ့ လေ့လာရေးခရီးဟာ ဥရောပတင်မက အီဂျစ်၊ အိန္ဒိယ၊ ဂျပန်ဘက်ထိရောက်တယ်။ အဲဒီ ရေလမ်းခရီးရှည်ကြီးကို ဂုဏ်ပြုပြီး ဖာဘယ်ဂျေးဟာ ဟောဒီကြက်ဥပုံရတနာကို လုပ်ပေးခဲ့တယ်။
Memory of Azov
  •             ကြက်ဥကို ဖွင့်လိုက်တော့ ဒီခရီးရှည်အတွက် နစ်ကိုးလပ်စ်သုံးခဲ့တဲ့ ရုရှားရေတပ်သင်္ဘောအသေးစားလေးထွက်လာတယ်။ တကယ့်သင်္ဘောနာမည် Azova ဆိုတာကို ယူပြီး Memory of Azov Egg လို့ အဲဒီကြက်ဥကို နာမည်ပေးခဲ့တယ်။ အရမ်းကို အသေးစိတ်တဲ့လက်ရာဖြစ်ပေမယ့် နစ်ကိုးလပ်စ်ရဲ့ အကြိုက်ဆုံးတွေထဲမှာတော့ မပါခဲ့ဘူး။အကြောင်းကတော့သူ့ကောင်မလေးကို ထားခဲ့ပြီး မသွားချင်ဘဲ သွားရပါတယ်ဆိုမှ ဂျပန်ပြည်ရောက်တော့ နစ်ကိုးလပ်စ်ဟာ လုပ်ကြံမှုတစ်ခုကနေသီသီလေး လွတ်ခဲ့တယ်။ ဒီတော့ ဒီကြက်ဥဟာ သူမသွားချင်တဲ့ခရီးလမ်းကိုသာမက လုပ်ကြံခံရတာကိုပါ သတိရစေတဲ့အတွက်ဖြစ်တယ်။
နစ်ကိုးလပ်စ်မင်းသားနဲ့ကြိုက်ခဲ့တဲ့ နန်းတွင်းကချေသည် Mathilde Kschessinska
  •                 နစ်ကိုးလပ်စ်ဟာ ခရီးကပြန်လာတော့ ကချေသည်မလေးနဲ့ ဇာတ်လမ်းပြတ်ပြီး အဲလစ်စ် လို့ ခေါ်တဲ့ ဂျာမန်မင်းသမီးတစ်ပါးနဲ့ မိုးမမြင်လေမမြင်ကြိုက်သွားတယ်။ သူ့ကိုမှ မရရင် မဖြစ်ပါဘူးဆိုတဲ့ အခြေအနေရောက်သွားတယ်။ သူပဲ အညိုးညိုး ။ အဲလစ်စ်ကလည်း သူ့ကို ပြန်ကြိုက်ရှာပါတယ်။ ဒါပေမယ့် နစ်ကိုးလပ်စ်အဖေဇာဘုရင်ကြီးက ယူဖို့အထိကိုတော့ အားမပေးဘူး။ ရုရှားတွေဟာ ပြင်သစ်ကို ချစ်သလောက် ဂျာမန်ကိုတော့ အင်တင်တင်။ သိပ်မရောချင်ကြဘူး။ အကြောင်းကတော့ ၁၈၆၄ မှာ ဂျာမန်ကလောင်နာမည်နဲ့ စာရေးဆရာတစ်ယောက်က ရုရှားပိုင်တဲ့ ပိုလန်နိုင်ငံကို ကိုယ်ပိုင်အုပ်ချုပ်ရေး ပေးသင့်တယ်၊ ပြီးတော့ ဘောတစ်ပင်လယ်နားတစ်ဝိုက်က ရုရှားပိုင်နယ်တွေမှာ ခန့်ထားတဲ့ ဂျာမန်မင်းမျိုးမင်းနွယ်တွေရဲ့ အခွင့်အရေးတွေကို ဆက်ပေးသင့်တယ်လို့ ရုရှားသတင်းစာတစ်စောင်မှာ ရေးလိုက်ရာက စတာဘဲ။ အဲဒီဆောင်းပါးကို မကျေနပ်တဲ့ ရုရှားနာမည်ကြီး ဂျာနယ်လစ်စ် တစ်ယောက်က ပြန်ပြီး ချေပရေးသားရာကနေ တခြားရုရှားစာရေးဆရာတွေလည်း ပါလာတယ်။ အဲဒီကစလို့ ဂျာမန်တွေအပေါ်မကျေနပ်တာတွေကို မီခိုးတောက်လျှောက်ရေးရာက ဂျာမန်ဆန့်ကျင်ရေးစိတ်ဓါတ်တွေ ပြင်းထန်လာကြတယ်။ ဒီတော့ နစ်ကိုးလပ်စ်ရဲ့ အဖေက သူ့သားနဲ့ ဂျာမန်မင်းသမီးယူမှာကို လုံးဝဘ၀င်မကျဘူး။ သူက ပိုပြီးတန်ခိုးထွားတဲ့ ပြင်သစ်ပြည်က အိမ်ရှေ့စံမင်းသမီးတစ်ယောက်ကို ချွေးမတော်ချင်တယ် ။ ပြင်သစ်မင်းသမီးက အဘိုးကြီး သူ့ကို ချိန်နေတာသိပေမယ့် သူက ကက်သလစ် ခရစ်ယာန်မို့ ဂိုဏ်းမပြောင်းချင်ဘူး။ ဇာဘုရင်မဆိုတာကလည်း Orthodox ခရစ်ယာန်ဖြစ်ကို ဖြစ်ရမယ်လေ။ ဒါနဲ့ပြင်သစ်မင်းသမီးက သိပ်လိုလားဟန်မပြတော့ နစ်ကိုးလပ်စ်ရဲ့ အဖေကြီးဟာ ပရပ်ရှားပြည်က မင်းသမီးတစ်ယောက်ကို နားဖောက်ပြန်တယ်။ ဟိုကလည်း ကျမရဲ့ ပရိုတက်စတန့် ခရစ်ယာန်ဂိုဏ်းကနေ ဘယ်ဂိုဏ်းကိုမှ မပြောင်းနိုင်ပါဘူး လို့ အပြတ်ငြင်းလွှတ်လိုက်တာနဲ့ နောက်ဆုံးတော့ ဇာဘုရင်ကြီးဟာ ချွေးမလောင်းကို လူကြီးသမီးတွေထဲက ရှာတာကို လက်လျှော့သွားတယ်။ ဒါနဲ့ နစ်ကိုးလပ်စ်နဲ့ သူ့ရည်းစားဂျာမန်မင်းသမီး အဲလစ်စ်တို့ဟာ ၁၈၉၄ မှာ စေ့စပ်ကြောင်းလမ်းတယ်။
ဇာဘုရင့်မိဖုရားဖြစ်လာမယ့် ဂျာမန်မင်းသမီး အဲလစ်စ် Alex
  •             ဒါပေမယ့် အဆင်ပြေပြေ ပျော်ရမယ်မကြံသေးဘူး။ နစ်ကိုးလပ်စ်ရဲ့ အဖေ ဇာဘုရင်ကြီးဟာ အသည်းအသန်နေမကောင်းဖြစ်ပြီး လျောသွားပါလေရောတဲ့။ အသက် ၄၉ နှစ်သာရှိသေးတဲ့အဖေ ဒီလို သူတို့ကို စောစောစီးစီးထားသွားလိမ့်မယ့်လို့ မထင်တဲ့ နစ်ကိုးလပ်စ်အတွက်ကတော့ ရွှေတောင်ကြီးပြိုတာဘဲ။ သူက ဘုရင်လုပ်ဖို့ ကြောက်နေသူ။ ဘာမှလည်း ပြင်ပြင်ဆင်ဆင် မလုပ်လိုက်ရဘဲ အသက် ၂၆ နှစ်နဲ့ဘုရင်လုပ်ရတော့မယ်ဆိုတော့ အတော်လေး စိတ်ညစ်သွားခဲ့တယ်။ '' ငါဘာမှလည်း မသိသေးဘူး။ ခုနေဘုမသိဘမသိနဲ့ အုပ်ချုပ်မင်းလုပ်ရရင် ရုရှားပြည်တော့ ငါးပါးမှောက်တော့မှာဘဲ။ ဒါဆို ငါလည်း မလွယ်ကြောဘဲ ''  လို့ တွေးပြီး ချွေးပြန်နေချိန်မှာ မင်းသမီး အဲလစ်စ်ဟာ သူ့အနားကနေ အမြဲအားပေးခဲ့တယ်။ သူတို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် အတော် ချစ်ကြတာဆိုဘဲ။ အဲလစ်စ်သာ အနားမှာ မရှိရင် နစ်ကိုးလပ်စ်ဟာ အသက် ၂၆ နှစ်နဲ့ ဘုရင်တက်လုပ်ရမှာကို ဘယ်လိုမှ ဟန်ကိုယ့်ဖို့ လုပ်နိုင်ခဲ့မှာ မဟုတ်ဘူး လို့ ဆိုတယ်။ သူတို့နှစ်ယောက်အကြောင်းကို ဖတ်ရင်းနဲ့ မြန်မာပြည်က သီပေါမင်းနဲ့ စုဖုရားလတ်တို့ ဇာတ်လမ်းကို သတိရမိတယ်။ အကုန်လုံးတော့ ဘယ်တူနိုင်ပါ့မလဲလေ။ ဒါပေမယ့် တစ်ယောက်နဲ့ တစ်ယောက် အရမ်းချစ်တာရယ်၊ စိတ်ဓါတ်ပျော့ပျောင်းတဲ့ ရှင်ဘုရင်နဲ့ ဘေးကနေအားပေးခဲ့တဲ့ မိဖုရားရယ် အဖြစ်ချင်း ဆင်တယ်။ မိဖုရားက ဘုရင်ကို အားပေးပေမယ့် ပေးလိုက်တဲ့အကြံဥာဏ်တွေက သိပ်အသုံးမတည့်တာရယ်၊ နောက်ဆုံးမှာ သူတို့လင်မယား ထီးနန်းကို စွန့်ရပြီး ကလေးတွေနဲ့အတူ နယ်နှင်ဒဏ်ပေးခံရတာ အကျယ်ချုပ်ကျတာ အဲဒါတွေလည်း ဆင်တာဘဲ။ အဲ..သီပေါမင်းတို့မိသားစုကမှ ဇာဘုရင်မိသားစုထက်ကံကောင်းသေးတယ်။ ပြည်နှင်ဒဏ်ခံရပေမယ့် သူများသတ်လို့ မသေလိုက်ရဘူး။ ဇာဘုရင်မိသားစုကတော့ အတော်ကို ကံဆိုးတာပါ ။ တစ်မိသားလုံး အကျယ်ချုပ်မှာ ကိုယ့်လူမျိုး ကွန်မြူနစ်တွေကဘဲ သတ်လို့သေတယ်။ မသေခင်လည်း အမျိုးမျိုးစော်ကား မော်ကားလုပ်ခံရတယ်။ ဒီလို သမိုင်းတွေကို ပြောပြလို့လည်း ဖာဘယ်ဂျေးရဲ့ ကြက်ဥတွေဟာ လေလံပစ်တိုင်း မ၀ယ်နိုင်ရင်တောင် လာကြည့်တဲ့လူတွေ မနည်းဘူး။
 နောက်ဆုံးမှာ တစ်မိသားစုလုံး တစ်ပြိုင်နက် အသတ်ခံရမယ့် ဇာဘုရင် နစ်ကိုးလပ်စ်တို့မိသားစု
  •            ဇာတ်လမ်းကို ဆက်ပြောရရင် မင်္ဂလာဆောင်အပြီးမှာ အဲလစ်စ်က နစ်ကိုးလပ်စ်ကို ဟောဒီကြက်ဥလေး လက်ဆောင်ပေးခဲ့တယ်။ နာမည်က Rosebud တဲ့။ ကြက်ဥကို ဖွင့်လိုက်တော့ အထဲက အ၀ါရောင် စဉ့်ရည်သုတ် နှင်းဆီပန်းဖူးလေး ထွက်လာတယ်။ နှင်းဆီပန်းဖူးလေးကို ဖွင့်လိုက်တော့ စိန်၊ ပတ္တမြားတို့နဲ့ လုပ်ထားတဲ့ သရဖူလေးရယ်၊ ပတ္တမြားလုံးချောဆွဲသီးလေးရယ် ထွက်လာတယ်။ နှင်းဆီဖူးလေးက ဘုရင်သစ်နစ်ကိုးလပ်စ်ရဲ့ လက်ထက်မှာ ပွင့်လန်းတိုးတက်လာမယ့်ရုရှားပြည်ကြီးရယ်၊ သူတို့နှစ်ယောက်ရဲ့ အချစ်ရယ်ကို ရည်ရွှန်းပြီး သရဖူကတော့ နစ်ကိုးလပ်စ် နန်တက်တာကို ရည်ရွှန်းတယ်လို့ဆိုတယ်။
 Rosebud Egg
  •            မင်္ဂလာဆောင်ပြီးလို့ အတူနေနေပေမယ့် နန်းတက်ပွဲကိုကျတော့ အခမ်းအနားနဲ့ နောက် ၂ နှစ်အကြာ ၁၈၉၆ မှာမှ ကျင်းပတယ်။ ခရင်မလင်နန်းတော်ဝင်းကြီးထဲက ဘုရားကျောင်းကြီးထဲမှာလုပ်တဲ့ နန်းတက်ပွဲဟာ ကြီးကျယ်ခမ်းနားလှတယ်။ မင်းတစ်ပါးသေမှ လုပ်ရတဲ့ပွဲကိုး။ ပြည်သူတွေကို ကျွေးမွေးဖို့ပျော်ပွဲရွင်ပွဲလုပ်ဖို့ဆိုပြီးတော့ မော်စကိုမြို့စွန်က ဧရာမကွင်းကြီးတစ်ကွင်းမှာ စီစဉ်ထားတယ်။ အဲမှာ စတွေ့တာဘဲ။ နန်းတက်ပွဲဆိုတော့ လက်ဆောင်တွေရတော့မယ်၊ အလကားစားရတော့မယ်ဆိုပြီး အနီးအနားမြို့က ဆင်းရဲသားတွေရော မြို့ထဲကလူတွေပါ စုပြုံလာကြသတဲ့။ တကယ်တော့ လာတဲ့လူတွေဟာ သနားဖို့ကောင်းပါတယ်။ မင်းမျိုးမင်းနွယ်တွေနဲ့ လက်တစ်ဆုပ်စာလူတန်းစားသာကောင်းစားပြီး တိုင်းပြည်ရဲ့ စက်မှုဖွံ့ဖြိုးရေးတွေမှာ အဓိကပါဝင်ကြတဲ့ ပြည်သူတွေကတော့ အငတ်ငတ်အပြတ်ပြတ်တွေ ဖြစ်နေချိန်။ ဒီလို အခမ်းအနားမျိုးကို သူတို့ အရမ်းကို မျှော်လင့်တယ်။ နန်းတက်ပွဲနေ့ မနက်ငါးနာရီလောက်ကတည်းက အဲဒီကွင်းဟာ လူထောင်ပေါင်းများစွာနဲ့ တရုံးရုံး ဖြစ်နေပြီ။ အစားအသောက်တောင် မကျွေးရသေးခင် ရုတ်ရုတ်သဲသဲတွေစဖြစ်တော့တာဘဲ။ ရောက်လာတဲ့လူတွေဟာ သူတို့လို လာတဲ့လူထုလူတပ်ကို ကြည့်ပြီး ငါတို့တော့ ရလိုက်တော့မှာမဟုတ်ဘူး ဆိုတဲ့ စိုးရိမ်စိတ်နဲ့ အတင်း တိုးဝှေ့ကုန်ကြတယ်။ တာဝန်ချထားတဲ့ ၁၈၀၀ သော ရဲတွေကလည်း မထိန်းနိုင်ဖြစ်လာတယ်။ မထိန်းနိုင်လေ ပိုဆိုးလေနဲ့ နောက်ဆုံး ၀ရုန်းသုံးကားတွေဖြစ် အလဲလဲအပြိုပြိုနဲ့တစ်ချို့ကလည်း ကြောက်ပြီး ထွက်ပြေးမှ လူနင်းခံရနဲ့ နောက်ဆုံး စာရင်းချုပ်တော့လာတဲ့လူတစ်သိန်းလောက်မှာ လူ ၁၃၈၉ ယောက်သေတယ်။ ၁၃၀၀ လောက် ဒဏ်ရာရတယ်။ ဆေးရုံတွေ ပြည့်လျှံကုန်တယ်။ အဲဒီကွင်းကြီးနာမည်က  Khodynka  မို့ အဲဒီအဖြစ်ဆိုးကို The Khodynka Tragedy လို့ ခေါ်ကြတယ်။
နစ်ကိုးလပ်စ်နဲ့ အဲလစ်စ် တို့ရဲ့ နန်းတက်ပွဲပုံနဲ့ နန်းတက်ပွဲလာသော ဆင်းရဲသားများသေကြေတဲ့ The Khodynka Tragedy ပုံ
  •                နစ်ကိုးလပ်စ်ဟာ ဒီသတင်းကို ကြားပေမယ့်သတင်းပို့တဲ့အရာရှိတွေရဲ့ပေါ့ပေါ့တန်တန်အပြောကြောင့် နန်းတက်ပွဲကို ဆက်လုပ်ခဲ့တယ်။ ပွဲပြီးလို့အလုံးစုံကို သိတော့လင်မယာနှစ်ယောက်လုံး အတော်လေးတုန်လှုပ်သွားတယ်။ ဖြစ်ချင်တော့ အဲဒီနေ့ညနေမှာ ပြင်သစ်သံအမတ်ရဲ့ ကပွဲကိုသွားတက်ပေးရဦးမယ်။ လူတွေဘယ်လောက်သေတယ်၊ ဒဏ်ရာရတယ်ဆိုတဲ့ အခြေအနေမှန်ကို သိတော့ သူဟာ ကပွဲကို မသွားတော့ဘူးလို့ လုပ်သေးတယ်။ ဒါပေမယ့် သူ့ဦးလေးက ပြင်သစ်ရုရှားဆက်ဆံရေးကို ထိခိုက်နိုင်တယ်ဆိုပြီး အတင်းသွားခိုင်းတာနဲ့ သွားလိုက်တယ်။ ဒီလောက် သေကြေနေတဲ့အချိန်မှာ သူက ဘာမှမဖြစ်သလိုနဲ့ ကပွဲသွားတယ်ဆိုတော့ ပြည်သူတွေက သူ့ကို ဘယ်လိုထင်မလဲ စဉ်းစားသာကြည့်ပေတော့။သူ့ဟာသူ '' စိတ်ထဲက မကောင်းပါဘူး '' ဘဲ ဆိုဆို '' အနော်က စိတ်မပါဘဲသွားရတာပါဘဲ '' ပြောပြော ကိုယ်ပိုင်ဆုံးဖြတ်ချက်မရှိတာလည်း လူသိသွားတယ်။ ပြည်သူရဲ့အမြင်မကြည်လင်မှုကိုလည်း ဘုရင်ဖြစ်တာမှ မကြာသေး ရောက်ရောက်ချင်းဆောက်နဲ့ထွင်းဆိုသလို ခံလိုက်ရတယ်။ သြော်...ဒါနဲ့ ကြားဖူးတာတစ်ခုရှိတယ်။ ဘယ်နိုင်ငံမှာလဲ မသိဘူး။ ဘယ်တုန်းကလဲလည်း မမှတ်မိတော့ဘူး။ နာဂစ်ဆိုတဲ့ မုန်းတိုင်းကြီး ကျတော့မယ့်ဟာကို သိရက်နဲ့ ကိုယ်တိုင်ရေးဆွဲထားတဲ့အခြေခံဥပဒေကြီးအတည်ပြုဖို့ မဲပေးပွဲကို ခပ်တည်တည်နဲ့ လုပ်ခဲ့တဲ့ လူဂျီးတစ်ယောက်ရှိတယ် ဆိုဘဲ။ အဲဒီမုန်းတိုင်းကြီးလာမှာမသိတဲ့အတွက် ကြိုတင် မပြင်ဆင်လိုက်ရလို့ လူတွေသိန်းနဲ့ချီသေသတဲ့။ မရေမတွက်နိုင်အောင် ပျောက်သွားသတဲ့။ အင်း...ဒါဆို ရုရှားမှာ ဖြစ်တာက အသေးအဖွဲပါနော်။ နစ်ကိုးလပ်စ်ကလည်း အဲဒီ ဘဘကြီးနဲ့ ယှဉ်ရင် သိပ်မဆိုးသေးပါဘူး။ အဲဒါဘယ်နိုင်ငံလဲ၊ ဘယ်တုန်းကလဲလို့တော့ လာမမေးနဲ့ကွယ်။ အသက်ကြီးပြီဆိုတော့ တစ်ချို့ဟာတွေသိပ်မမှတ်မိချင်ဘူး။ အေပရယ်ဖူးလ်မှာ နိုင်သွားလို့ အပျော်လွန်ပြီး အတိတ်မေ့သွားတာလည်း ဖြစ်ချင်ဖြစ်မယ်။ ခွင့်လွတ်နော်။ တို့လူမျိုးကက ခွင့်လွှတ်တာ မြန်တာဘဲဟာလို့။ ခွင့်လွှတ်ပြီးရင်တော့ Hot တဲ့ News အဖြစ် ဂျာနယ်ထဲထည့်ပေးဖို့ မမေ့နဲ့ပေါ့။

  •                 အဲဒီ နန်းတက်ပွဲအတွက် ဖာဘယ်ဂျေးလုပ်ပေးတဲ့ ကြက်ဥက လန်ထွက်အောင် လက်ရာမြောက်ပါတယ်။ ဇာဘုရင်မ အဲလစ်စ်ရဲ့ နန်းတက်ဝတ်စုံရွှေရောင်ကို ညွှန်းပြီး ငှက်တောင်ပန်ဒီဇိုင်းကို ရွှေနဲ့အိနေအောင် ခတ်ထားတယ်။ကြက်ဥကို ဖွင့်လိုက်တော့ ဇာဘုရင်မကို နန်းတက်ပွဲကို ခေါ်လာပေးတဲ့ ရထားလုံးလေးထွက်လာတယ်။ လေးလက်မသာ အရှည်ရှိပေမယ့် အသေးစိတ်မှစိတ်။ အရွယ်အစားကလွဲရင် တကယ့်ရထားလုံးနဲ့ ချွတ်စွပ်ကို တူအောင်လုပ်ထားတယ်။ ကိုယ်ထည်က ရွှေနဲ့ စဥ့်ရောလုပ်ထားပြီး ရထားလုံးတံခါးလေးကို လည်း ဖွင့်လို့ပိတ်လို့ရတယ်။ ဘိန်းတွေကလည်း လည်လို့ရအောင်လုပ်ထားတယ်။ ဇာဘုရင်နဲ့ဇာဘုရင်မဟာ အဲဒါကို မြင်တော့ အိုးမိုင်ဂေါ့သွားသတဲ့။ အသေးစိတ်လွန်း၊ တူလွန်းလို့။ Coronation Egg လို့အမည်ရတဲ့ အဲဒီ နန်းတက်ပွဲ ကြက်ဥကို  ဖာဘယ်ဂျေးနဲ့ အဖွဲ့ဟာ ၁၅ လ တိတိ အချိန်ယူ လုပ်ခဲ့ရတယ်။
    ဒုတိယပိုင်း Note မှာရှိတယ်။

No comments:

Post a Comment