Tuesday, April 17, 2012
ဒေးဗစ်ကမ်မရွန်းတို့ မျိုးရိုး ဘာကြောင့်ဘုရင် မဖြစ်သလဲ....
၂၀၁၀ ရွေးကောက်ပွဲမှာ အသက် ၄၃ နှစ်နဲ့ ၀န်ကြီးချုပ်ဖြစ်လာတဲ့ David Cameron ဟာ ဗြိတိန်နိုင်ငံရဲ့ သမိုင်းတစ်ခုလုံးမှာ ဒုတိယအသက်အငယ်ဆုံး ၀န်ကြီးချုပ်ဖြစ်တယ်။ သူ့ထက်ငယ်သူကတော့၁၈၁၂ မှာ အသက် ၄၂ နှစ်နှင့်ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့Robert Banks Jerkinson ပါ။ လွန်ခဲ့တဲ့ အနှစ် ၂၀၀ လောက်ကပေါ့။ ဒါကြောင့် ကမ်မရွန်းဟာ ခေတ်သစ်သမိုင်းမှာဆို အငယ်ဆုံးဝန်ကြီးချုပ်ဖြစ်တယ်။
ယခုလက်ရှိ ဘုရင်မ ဒုတိယမြောက် အဲလိဇဘက်Elizabeth II
  •               ဗြိတိန်နိုင်ငံရဲ့ မင်းမျိုးမင်းနွယ်တွေ ဆက်စပ်မှုကို ဖော်ပြတဲ့ စာအုပ် Burke's Peerage က ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကမ်မရွန်ဟာ ဗြိတိန်နိုင်ငံမှာ လက်ရှိအုပ်ချုပ်နေတဲ့ ဘုရင်မကြီး ဒုတိယမြောက် အဲလိဇဘက် Elizabeth II နဲ့ ငါးဝမ်းကွဲ မောင်နှမတော်စပ်တယ်လို့ ဖော်ပြခဲ့တယ်။ အဲဒီလိုဘဲ ဗြိတိန်ရဲ့ မင်းမျိုးမင်းနွယ်မိသားစုတွေ ဆက်စပ်မှု  British Royal Genealogy ကို ဖော်ပြတဲ့ Debrett's စာအုပ်ကလည်း တစ်သံတည်းထွက် ဖော်ပြထားပါတယ်။ 
  •               ဒီလိုဆိုရင် ဘာကြောင့်ဒေးဗစ်ကမ်မရွန်းဟာ လက်ရှိမှာ မင်းမျိုးမင်းနွယ်တစ်ယောက်ဖြစ်မနေရတာလဲ။ ဒါကို သိဖို့ဆိုရင် ကမ်မရွန်းရဲ့ ဘိုးဘေးဖြစ်တဲ့ ဗြိတိန်နိုင်ငံကို ( ၇ ) နှစ် အုပ်စိုးသွားသူ ဘုရင် ''စတ္တထမြောက် ၀ီလီယံ King William IV '' နဲ့ သူရဲ့ တရားမ၀င် မိန်းမဖြစ်သူ '' ဒိုရာ '' တို့ နှစ်ယောက်ရဲ့ ဘ၀ကို ပြန်ကြည့်ရမှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၃၀၀ လောက်က ကိစ္စပါ။
  •                  ဒိုရာရဲ့ နာမည်အရင်းက ဒေါ်ရသီ ဘလန်းဒ် Dorothea Bland တဲ့။ သူ့ကို ၁၇၆၁ မှာ ဗြိတိန်နိုင်ငံရဲ့အုပ်ချုပ်မှုခံရတဲ့ အိုင်ယာလန်ကျွန်းမှာ မွေးခဲ့တယ်။ ဒိုရာဆိုတာကတော့ချစ်စနိုးခေါ်တဲ့နာမည်တို။ သူ့အဖေနာမည်က Francis Bland မို့လို့ သူ့နာမည်အရင်းက ဒေါ်ရသီ ဘလန်းဒ် Dorothea Bland ။ ဒါပေမယ့် သူ့အမေဟာ သူ့အဖေရဲ့ တရားမ၀င်မိန်းမမို့ ဒိုရာတို့ မောင်နှမတွေလည်း တရားမ၀င် သားသမီးတွေ ဖြစ်ခဲ့ရတယ်။ ဖြစ်ပုံက ဒီလိုပါတဲ့။ ဒိုရာရဲ့ အဖေနဲ့ အမေတို့ဟာ အသက်မပြည့်ခင် ချစ်ကြိုက်ပြီး ခိုးပြေးကြတာ။ ဒိုရာရဲ့ အဖေ Francis ရဲ့ ဇာတိရပ် ဒပ်ဘလင် Dublin မြို့ကို ခိုးပြေးကြပြီးတော့ ဘုန်းကြီးတစ်ပါးရှေ့မှာ လက်ထပ်ခဲ့ကြတယ်။ ဒါပေမယ့်Francis တို့ မိဘဘက်က ဂုဏ်ရှိ ပိုက်ဆံရှိတော့သဘောမတူဘူး။ အထူးသဖြင့် ဒိုရာရဲ့ အမေ Grace Philipps ဟာ ပြဇာတ်မင်းသမီးတစ်ယောက်ဆိုတော့ ဂုဏ်နိမ့်တယ်ဆိုပြီးတော့ပါ။ဖြစ်ချင်တော့ ဒိုရာတို့ အမေ Grace မှာ ညီအစ်မသုံးယောက်ရှိတာ သုံးယောက်လုံး ပြဇာတ်ကတဲ့ မင်းသမီးတွေဖြစ်တယ်။ အဲဒီအချိန်က ပြဇာတ်မင်းသမီးတွေကို လူတွေက အရမ်းအထင်သေးခဲ့ချိန်။ တခြားလူက အထင်သေးတာကို မပြောနဲ့ဦး ၊ ကိုယ့်မိသားစုကတောင် အထင်မကြီးတဲ့အလုပ်။ အရေးထဲ Grace တို့ရဲ့ အဖေ Rev.Dr. Philipps ဟာ ခရစ်ယာန်ဘုန်းကြီး ဖြစ်တယ်။ ပိုက်ဆံမရှိပေမယ့် ဂုဏ်ကိုတော့ ဂရုစိုက်သေးသူ ဖြစ်တယ်။ သမီးသုံးယောက်လုံးကလည်း ဘာကံပါမှန်းကို မသိဘူး။ ဇာတ်စင်ပေါ်မှာပဲ ပျော်ကြသတဲ့။
ဒိုရာရဲ့ အမေ ပြဇာတ်မင်းသမီး Grace Phillips
  •           ဒါနဲ့ Grace နဲ့ Francis တို့ ခိုးရာလိုက်တော့ ဆွေကြီးမျိုးကြီးလည်းဖြစ်  ပိုက်ဆံလည်းရှိတဲ့ Francis တို့ဘက်က တစ်ခါတည်း အမွေပြတ်လုပ်ပစ်လိုက်တယ်။  Francis ရဲ့ အဖေဟာ အတော်လေး နာမည်ရှိတဲ့ လူကုံထံတရားသူကြီး Judge Nathaniel Bland ဆိုသူ ဖြစ်တယ်။ အမွေဖြတ်ခံလိုက်ရတဲ့ ပူပူနွေးနွေး လင်မယားနှစ်ယောက်ဟာ တကယ့်လက်တွေ့ဘ၀မှာ အခက်အခဲတွေ အမျိုးမျိုးတွေ့ခဲ့ရတယ်။ အရင်က သူဌေးသား Francis ဟာ သူ့မိန်းမ Grace ကတဲ့ ပြဇာတ်အဖွဲ့မှာဘဲ တောက်တိုမယ်ရလုပ်ရင်း ဘ၀ရပ်တည်မှုရှာခဲ့ရတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်ဟာ ဒုက္ခ သုက္ခတွေ ကြားထဲကဘဲ ပျော်ပျော်ရွှင်ရွှင်နေခဲ့ကြပြီးတော့ ဒိုရာ အပါအ၀င် ကလေး ၉ ယောက်ရခဲ့တယ်။ အင်း....ဒုက္ခရောက်လို့ပေဘဲနော့...နို့မဟုတ်ရင် ဘယ်လောက်တောင် ထွက်လာဦးမလဲမသိ ။ အဲဒီနောက်တော့ Francis ရဲ့အဖေ တရားသူကြီးက သူ့သားရဲ့ အိမ်ထောင်ဟာ သူ့ရဲ့ ခွင့်ပြုချက်လည်းမပါ အသက်လည်း မပြည့်ဘဲ မင်္ဂလာဆောင်ထားတဲ့ အိမ်ထောင်ရေးဆိုပြီး လက်ထပ်ထားတာကို တရားမ၀င်အောင် လုပ်ပစ်ခဲ့တယ်။  တိုတိုပြောရရင်တော့ ဒိုရာတို့အဖေ Francis နဲ့ အမေ Grace တို့ ကွဲသွားပြီး Francis ဟာ သဌေးသမီးတစ်ယောက်နဲ့ ယူသွားခဲ့တယ်။ သူ့ပစ်ထားခဲ့တဲ့ Grace နဲ့ သားသမီးကိုးယောက်အတွက် ပိုက်ဆံတော့ ထောက်ပေးခဲ့တယ် ။ ဒါပေမယ့်Francis ဟာ သူ့ကိုသူ မလုံဘူးတဲ့။ သူစွန့်ပစ်ခဲ့မိတဲ့ မိသားစုအကြောင်းကို တွေးလေ စိတ်မကောင်းဖြစ်လေနဲ့ နောက်ဆုံးမှာ စိတ်ဆင်းရဲဒဏ်ကို မခံနိုင်လို့ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးသွားခဲ့တယ်။ ဒီတော့ သူ့ထောက်ပံ့မှုကို မရတော့တဲ့ ဒိုရာတို့ဟာ ပိုပြီး ဆင်းရဲသွားပါတယ်။
 ငယ်စဉ်က ဒိုရာ
  •                ဒီတော့ ဒိုရာရဲ့ အမေ Grace ဟာ သူ့သမီးတွေကို ပြဇာတ်ခုံပေါ်ကို ဆွဲတင်ပါတယ်။ ပထမဆုံး ပွဲထုတ်ခံရတာကတော့ ဒိုရာရဲ့ အစ်မ Hester ပါ။ ဒါပေမယ့် မျှော်လင့်သလို ဖြစ်မလာဘဲ ပထမတစ်ညမှာတင် စင်ပေါ်မှာ ကြောက်ဒူးတုန်နေတာနဲ့ အောက်ကို လူတွဲပြီး ချလာရသတဲ့။ ဒီတော့ ဒေါသဖြစ်နေတဲ့ ပြဇာတ်မန်နေဂျာ Daly က ဒိုရာကို သုံးကြည့်မယ်လို့ Grace ကို ပြောတယ်။ Grace ဟာ ပထမတော့ သဘောမတူပါဘူး။ '' အို....ဒိုရာက ယောက်ျားလျာ tomboy လေးပါ ။ တစ်ချိန်လုံး ခုန်ပေါက်ပြေးလွှားနေပြီး ဘယ်ယောက်ျားလေးထက်မဆို ပိုမြင့်အောင် ခုန်နိုင်တယ်ဆိုတာကို ကြွားနေတာ။ ကြည့်ရတာလည်း ဘိုသီပတ်သီနဲ့ ...မဖြစ်ပါဘူး '' လို့ ဆိုသတဲ့။ ဒီတော့ ပြဇာတ်မန်နေဂျာ Daly က '' အလုပ်ကို အလုပ်က သင်ပါလိမ့်မယ် '' လို့ ဆိုပြီး ဒိုရာကို ဇာတ်ခုံပေါ် တင်ပေးခဲ့တယ်။ တိုတိုပြောရရင်တော့ ဒိုရာဟာ အဲဒီတစ်ညတည်းနဲ့ ပြဇာတ်ခုံပေါ်မှာ နေရာရလာခဲ့တယ်။ ပြဇာတ်လောကမှာ အလှဆုံးခြေထောက်တွေ ပိုင်ရှင်လို့ နာမည်ကြီးလာတယ်။ သူကပြရတာကလည်း သူ့နဲ့လိုက်တဲ့ breeches role ဆိုတဲ့နေရာ။ breeches role ဆိုတာ ဘောင်းဘီကို ဒူးလောက်ကျပ်ကျပ်ဝတ်ပြီး ယောက်ျားလေးတစ်ယောက်လို သရုပ်ဆောင်ကရတာဖြစ်တယ်။
Breeches role လို့ခေါ်တဲ့ ဒူးလောက်ဘောင်းဘီဝတ် ယောက်ျားလေး စတိုင်လ်နဲ့ကပြရတဲ့အခန်းမှ ဒိုရာ
  •             ဒိုရာရဲ့ သရုပ်ဆောင်မှုဟာ ပရိသတ်အသည်းကို သိမ်းကြုံးလှုပ်ယူနိုင်စွမ်းခဲ့တယ်။ တဖက်ကလည်း သူ့ကို မနာလိုသူ၊ ခြေထိုးခံလိုသူ အပြိုင်အဆိုင်တွေ များစွာကို တွေ့လာခဲ့ရတယ်။ ဇာတ်စင်မန်နေဂျာ Daly ဆိုတာကလည်း ကောင်းတဲ့သူမဟုတ်။ မင်းသမီးအသစ်ကလေးတွေကို သိမ်းသွင်းပြီး ဖျက်ဆီးတတ်သူ။ ဒီလိုနဲ့ ငယ်ရွယ်တဲ့ဒိုရာဟာ စားနေကျ ကြောင်ဖား Daly ရဲ့ မာယာကို မရှောင်နိုင်ဘဲ အသက် ၂၀ မှာ Daly နဲ့ တရားမ၀င် ကလေးတစ်ယောက်ရခဲ့တယ်။
                      ဒီအထိကို နာမည်တွေ ရှုပ်နေမှာစိုးလို့ ဒီလို ပြန်ရှင်းလို့ရပါတယ်။
  • ဒေးဗစ်ကမ်မရွန်းတို့မျိုးရိုးကို ဖြစ်စေတဲ့ စုံတွဲ .....................ဘုရင် စတုတ္ထမြောက် ၀ီလီယံ William IV of the United Kingdom + ပြဇာတ်မင်းသမီး ဒိုရာ ( ခေါ် ) ဒေါ်ရသီ ဘလန်းဒ် Dorothea Bland
  • ဒိုရာရဲ့ အမေ ( သူလည်း ပြဇာတ်မင်းသမီး )........................ Grace Philipps
  • ဒိုရာရဲ့ အဖေ သူဌေးသား ကပ်ပတိန်.................................Francis Bland
  • Francis ရဲ့ အဖေ တရားသူကြီး.........................Judge Nathaniel Bland
  • ဒိုရာရဲ့ အစ်မ ( ပြဇာတ်မင်းသမီး )..........................Hester Philipps
  • ဒိုရာတို့ပြဇာတ်မန်နေဂျာ (နောက်ပိုင်းမှာ ဒိုရာကို ဖျက်ဆီးပြီး တရားမ၀င်ကလေးတစ်ယောက်ရစေသူ )......Richard Daly
( မှတ်ချက် ။ ဒီနာမည်တွေမှာ ဒိုရာနဲ့ဝီလီယံနာမည်ကို မှတ်မိရင် ရပါပြီ။ ကျန်တာတွေက အရေးမကြီးပါ။ )
  •                ဒိုရာဟာ ပြဇာတ်မန်နေဂျာ Daly နဲ့ ဇာတ်လမ်းပြတ်ပြီးတဲ့နောက် အနုပညာနာမည်ကို Mrs.Jordan လို့ယူလိုက်တယ်။ လင်ယောက်ျားမရှိဘဲ ကလေးတစ်ယောက်နဲ့ မတင့်တယ်တာမို့ ယောက်ျားရှိတဲ့ပုံစံကို ဖမ်းပြီး နာမည်ရှေ့မှာ Mrs. ဆိုတာကို ထည့်ခဲ့တာ။ ဒိုရာဟာ အရင်က အိုင်ယာလန်ကျွန်းသူဖြစ်ပြီး အင်္ဂလန်ကို လာရာမှာ အိုင်းရစ်ရှ် ပင်လယ် Irish Sea ကို ဖြတ်ကျော်လာရသူ။ Irish Sea ကို ယေရှုခရစ်တော်ကို နှစ်ချင်းခံရာ အစ္စရေးနဲ့ပါလက်စတိုင်းကြားက ဂျော်ဒန်မြစ် Jordan River နဲ့ခိုင်းနှိုင်းလေ့ရှိကြတာမို့ ဒိုရာဟာ Mrs. Jordan ဆိုတဲ့နာမည်ကို ယူခဲ့တာလို့ ဆိုတယ်။
အင်္ဂလန်နဲ့ အိုင်ယာလန်ကြားက ပင်လယ်ကို အိုင်းရစ်ရှ် ပင်လယ် Irish Sea လို့ခေါ်တယ်။
  •        ငယ်ရွယ်တဲ့ ဒိုရာဟာ မင်းသမီးဘ၀မှာ အတည်မဟုတ်တဲ့ အချစ် ဇာတ်လမ်းလေးတွေနဲ့ ကြုံခဲ့ရတယ်။ သူကထားသွားလိုက် ၊သူ့ကို ထားသွားလိုက်နဲ့ နောက်ဆုံး Fords ဆိုတဲ့ ရှေ့နေတစ်ယောက်က သူ့ကို အတည်ယူပါမယ်လို့ ဆိုလို့ ယုံစားပြီး Fords နဲ့ အတည်တကျ နေခဲ့တယ်။ Fords နဲ့ ကလေး ၃ ယောက်ရခဲ့တယ်။ ဒါပေမယ့် Fords ဟာ ပေးထားတဲ့ ကတိကို မတည်ခဲ့ဘူး။ သူဟာ ဒိုရာကို သ၀န်တိုစိတ်နဲ့ ချစ်သလောက် လက်ထပ်ဖို့ကို တော့ အကောင်အထည်မဖော်ခဲ့ဘူး။ ကိုယ်တိုင်က တရားမ၀င် သမီးဖြစ်ခဲ့တဲ့ ဒိုရာဟာ သူ့သားသမီးတွေကို သူ့လိုအဖြစ်မျိုးနဲ့ မကြုံစေချင်လို့ အဖေ ခံမယ့် သူတစ်ယောက် အရမ်းကို လိုချင်ခဲ့တယ်။ တရားမ၀င်သားသမီးတွေရဲ့ ညှိုးငယ်ရမှု၊ သူများရဲ့ မထီလေးစားလုပ်တာခံရမှုတွေကို သူစိတ်ကုန်နေပြီ။ ဒီလိုစောင့်စားရင်းနဲ့ Fords နဲ့ ရတဲ့ သား ၁ ယောက် သမီး ၂ ယောက်မှာ သားကလေး ဆုံးသွားခဲ့တယ်။ ဒီလိုနဲ့ ပြဇာတ်မန်နေဂျာ Daly နဲ့ ရတဲ့သမီးတစ်ယောက်၊ Fords နဲ့ ရတဲ့ သမီး ၂ ယောက်၊ ပေါင်းရင် တရားမ၀င် သမီးသုံးယောက်နဲ့ ဒိုရာကျန်ခဲ့ပါတယ်။
 ဒိုရာရဲ့ ပြဇာတ်အခန်းမှ ပုံတစ်ခု
  •             Fords တစ်ယောက် သူ့ကို ဘယ်တော့မှ တရားဝင်ယူမှာ မဟုတ်ဘူးဆိုတာ သဘောပေါက်သွားတဲ့ အချိန်မှာ ဒိုရာဟာ Fords ကို ထားခဲ့လိုက်တော့တယ်။ သူ့ရဲ့ ငယ်ရွယ်ပျိုမျစ်မှုတွေကို ဘယ်တော့ ယူမယ်မှန်းမသိတဲ့လူဆီမှာ ကုန်ဆုံးသွားလို့ မဖြစ်ဘူး ဆိုတာကို သိခဲ့တယ်။ စောင့်ရင်းစောင့်ရင်း ကိုယ်က အသက်ကြီးသွားချိန်မှာ Fords ကသာ တစ်ယောက်ယောက်နဲ့ ကောက်ကာငင်က တရားဝင် ယူလိုက်ရင် သူနဲ့ သူ့သားသမီးတွေဟာ လက်ဗလာနဲ့ ကျန်ခဲ့မယ် ဆိုတာကို ဒိုရာစဉ်းစားမိတယ်။ ဘယ်ဥပဒေကမှ သူတို့ကို အကာအကွယ်ပေးမှာ မဟုတ်ဘူးဆိုတာကိုလည်း သိတယ်။ Fords ဟာ သူ့ကို ပေါ်တင်ပေါင်းခဲ့တာ၊ တွေ့သမျလူဆီမှာ ဒိုရာဟာ သူ့မိန်းမ လို့ ကြေငြာခဲ့တယ်။ သ၀န်တိုစွာ ချစ်ပြတယ်။ ဒိုရာရဲ့ ပိုက်ဆံနဲ့ ငှားထားတဲ့ စီးတော်ယာဉ်ပေါ်မှာ ခန့်ခန့်ကြီးလိုက်ပါလေ့ရှိတယ်။ ဒါပေမယ့် ဒိုရာကို ပိုးပန်းတုန်းက ယူပါမယ် လို့ ပေးထားခဲ့တဲ့ ကတိကိုတော့ ဘယ်တော့ မှအကောင်အထည်မဖော်ခဲ့ဘူး။  ငယ်ရွယ်ထက်မြက်တဲ့ နာမည်ကြီးတဲ့ ဒိုရာအတွက် အတည်ယူမယ့်သူရှားပေမယ့် ယောက်ျားတွေကတော့ မရှားလှပါဘူး။ Fords နဲ့ပြတ်လို့ မကြာခင်မှာဘဲ သူဟာ ဘုရင့်သားဖြစ်သူ မြို့စား ၀ီလီယံနဲ့ ချစ်ကြိုက်ခဲ့တယ်။
 The Romp ပြဇာတ်မှ ဒိုရာ
  •                မြို့စား ၀ီလီယံရဲ့ အကြောင်းနည်းနည်းပြောပါရစေ။ တကယ်တော့ သူက ဘုရင့်သားတော် အစစ်ပါ။  တတိယမြောက် ဂျော့ရှ် George III နဲ့ သူ့မိဖုရား ချာလော်တီိ Charlotte တို့က မွေးတာပါ။ ဒါပေမယ့်မွေးချင်း ၁၅ ယောက်မှာ သုံးယောက်မြောက်မို့လို့ ထီးနန်းဆက်ခံခွင့်မှာ သူဟာ မျှော်လင့်ချက်အတော်နည်းသူ။ သူ့ရှေ့မှာ အစ်ကိုနှစ်ယောက်တောင်ရှိတယ်။ ပြီးတော့အဲဒီအစ်ကိုတွေက ကလေးရခဲ့ရင်လည်း အဲဒီကလေးတွေဟာ ထီးနန်းဆက်ခံခွင့်ဥပဒေအရ ၀ီလီယံရဲ့ရှေ့မှာ ရှိတယ်။ ၀ီလီယံဟာ ငယ်စဉ်က မင်းမျိုးမင်းနွယ်တွေရဲ့ ထုံစံအတိုင်း အိမ်မှာဘဲ ဆရာတွေ private tutors နဲ့ အနီးကပ် စာသင်ခဲ့တယ်။ အသက် ၁၃ နှစ်မှာကတည်းက တော်ဝင်ရေတပ်မှာ အဆင့်နိမ့်အရာရှိတစ်ယောက်ဖြစ်လာခဲ့တယ်။ အဲဒီကနေစပြီး သူ့ ငယ်ရွယ်စဉ် ဘ၀တစ်လျှောက်လုံး ရေတပ်မှာ အမှုထမ်းခဲ့တယ်။ ဒါကြောင့်သူ ဘုရင်ဖြစ်လာချိန်မှာ သင်္ဘောသားဘုရင် Sailor King လို့တောင် နာမည်ရခဲ့တယ်။ သူဟာ ဆယ်ကျော်သက်အသက်အရွယ်ကတည်းက စစ်ပွဲတွေကို လိုက်ပါခဲ့ဖူးတယ်။ အသက် ၂၀ မှာ ကပ်ပတိန်ဖြစ်ပြီး နိုင်ငံခြားတွေမှာ တာဝန်ချခြင်းခံရတယ်။ လူငယ်ပေမယ့် စစ်တပ်ထဲမှာ အမိန့်နာခံတတ်သူလို့ နာမည်ရခဲ့တယ်။၊ ရည်မှန်းချက်လည်း ကြီးသူဖြစ်တယ်။
ဝီလီယံငယ်စဉ်က သူ့အစ်ကိုတစ်ယောက်နဲ့ပုံ
  •                 သူဟာ အရွယ်ရောက်တော့ သူအစ်ကို ၂ ယောက်လိုဘဲ မြို့စား Duke ဖြစ်ချင်တယ်။ ဗြိတိန်နိုင်ငံမှာ အဲဒီအချိန်ကတည်းက ပါလီမန်ဆိုတာရှိတယ်။ ဘုရင်အုပ်ချုပ်ပေမယ့် ဘုရင်က ပါလီမန်ထဲက အတိုက်အခံတွေကို ထည့်စဉ်းစားရတဲ့ အခြေအနေတွေရှိတယ်။ မြို့စားဖြစ်ချင်ပြီး ပါလီမန်ထဲကို ၀င်ခွင့်ရဖို့ ၀ီလီယံဟာ သူ့အဖေကို တောင်းဆိုခဲ့တယ်။အဖေဘုရင်ကြီးက အင်တင်တင်လုပ်နေတာနဲ့ သူ့ဟာသူ ပါလီမန်မှာ အရွေးခံမယ်လို့ ခြိမ်းခြောက်တယ်။ ဒီတော့ အဖေဘုရင်ဟာ ၀ီလီယံသာ သူ့သဘောနဲ့ သူအရွေးခံရင်တော့ သူ့ကို ဆန့်ကျင်တဲ့ အတိုက်အခံဘက်ထဲကို ရောက်သွားမှာစိုးတဲ့အတွက် သူကိုယ်တိုင်ဘဲ မြို့စားဘွဲ့ကို ပေးလိုက်တယ်။ အဲဒီမြို့စားဘွဲ့နာမည်က Duke of Clarence and St.Andrews တဲ့။ အဲဒီ Clarence ဆိုတဲ့နာမည်လေးကို မှတ်ထားလိုက်ပါ။ ဘာကြောင့်လည်းဆိုတော့ သူနဲ့ဒိုရာတို့ရခဲ့တဲ့တရားမ၀င် သားသမီးတွေအားလုံးရဲ့မျိုးရိုးနာမည်ဖြစ်လာလို့ပါဘဲ။
 ၀ီလီယံ
  •         ဒိုရာနဲ့ဝီလီယံတို့အတူနေပြီးနောက် လန်ဒန်အနောက်တောင် အရပ်က မင်းမျိုးမင်းနွယ်တွေနေတဲ့ Bushy House  ဆိုတဲ့ အိမ်မှာ ၁၇၉၇ ကတည်းက ပြောင်းနေခဲ့ကြတယ်။ ကလေးတွေတစ်ယောက်ပြီး တစ်ယောက်မွေးလာလို့ မိသားစုကြီးလာတဲ့အတွက် ဘုရင်က သူတို့ကို အဲဒီအိမ်ကြီးကို ပြောင်းပေးလိုက်တာဖြစ်တယ်။ သူတို့နှစ်ယောက် အနှစ် ၂၀ အတူနေခဲ့တဲ့ ကာလက ၁၄ နှစ်ဟာ အဲဒီ Bushy House မှာဖြစ်တယ်။ သူတို့ နှစ်ယောက်ရခဲ့တဲ့ ကလေး ( ၁၀ ) ယောက် ထဲက အများစုကို Bushy House မှာ မွေးတာလို့ ဆိုတယ်။ ၀ီလီယံဟာ ဘုရင့်သားတော်ပေမယ့် သိပ်ပြီး အရေးမပါလှသူမို့ ပြဇာတ်မင်းသမီးနဲ့ အတူနေတာကို ဘုရင်က သိပ်ရေးကြီးခွင်ကျယ်မလုပ်ခဲ့ဘူး။ တစ်ဖက်ကကြည့်ရင် တော်ဝင်မိသားစုအဖို့ အဆင်တောင် ပြေချင်ချင်ရယ်ပါ။ ဒိုရာဟာ မင်းမျိုးမင်းနွယ်မဟုတ်တော့ သူ့အတွက် အသုံးစရိတ်ဟာ တော်ဝင်မင်းသမီးတစ်ယောက်လို မကြီးဘူး။ ပြီးတော့ သူကိုယ်တိုင်ကလည်း ပိုက်ဆံရှာတတ်သူမို့ မင်းသားရဲ့ ပိုက်ဆံကိုသာ ထိုင်သုံးနေစရာမလိုဘူး။ ၀ီလီယံဟာ ဘုရင့်သားပေမယ့် '' ငါသုံးချင်သလောက် ပိုက်ဆံသုံးမယ် '' လို့ စိတ်တိုင်းကျ သုံးလို့ရတာမဟုတ်ဘူး။ အင်္ဂလန်ရဲ့ ဘုရင်စနစ်ဟာ ရုရှားလို တိုင်းပြည်က သက်ဦးဆံပိုင်ဘုရင်တွေလောက် အာဏာမရှိဘူး။ ဘာကြောင့်လဲဆိုတော့ရုရှားကဲ့သို့တိုင်းပြည်တွေက ဘုရင်စနစ်ဟာ absolute monarchy လို့ခေါ်တဲ့ အာဏာအပြည့်အ၀ရှိတဲ့ ဘုရင်စနစ် ဖြစ်တယ်။ ဗြိတိန်ရဲ့ ဘုရင်စနစ်ကတော့ constitutional monarchy ဆိုတဲ့ စနစ်ဖြစ်တယ်။ ဘုရင် monarch တွေဟာ constitution ဆိုတဲ့ အခြေခံဥပဒေအတွင်းမှာဘဲ ပါဝါရှိတယ်။ အခြေခံဥပဒေကို လိုက်နာရတယ်။ ဥပဒေပြုရာပါလီမန်ရှိတယ်။ ဒီတော့ မင်းညီးမင်းသား၊ ဘုရင့်မိသားစုတွေရဲ့ အသုံးစရိတ်ကိုလည်း ဘယ်လောက်ဆိုပြီး ပါလီမန်က ကန်သန့်ထားတာရှိတယ်။ မင်းသားဘ၀နဲ့အကြာကြီးနေခဲ့ရတဲ့ ၀ီလီယံဟာ ကြီးမားတဲ့ မိသားစုရဲ့ စရိတ်အတွက် ဒေါ်ရသီရဲ့ ပြဇာတ်ကလို့ရတဲ့ ပိုက်ဆံအပေါ်မှာလည်း မှီခိုခဲ့ရတယ်။
ဝီလီယံနဲ့ ဒိုရာတို့ရဲ့ အနှစ် ၂၀ အတူနေခဲ့တဲ့ကာလက ၁၄ နှစ်ဟာ Bushy House မှာ ဖြစ်တယ်။
ယခု ပြုပြင်ထိန်းသိမ်းထားတဲ့ Bushy House
  •           ၀ီလီယံဟာလည်း မင်းသားပီပီခေသူတော့ မဟုတ်ဘူး။ ဒိုရာနဲ့ မတွေ့ခင်တုန်းက မိန်းမတစ်ယောက်နဲ့ ရထားတဲ့ ကလေးတစ်ယောက်ရှိခဲ့တယ်။ အဲဒီကလေးဟာ အရွယ်ရောက်တော့ ရေတပ်မှာ အမှုထမ်းရင်းနဲ့ မာဒါဂါစကား Madagascar ဆိုတဲ့ အာဖရိကက ကျွန်းနိုင်ငံမှာရေနစ်ပြီးဆုံးသွားခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ဒိုရာနဲ့ နေရတဲ့ဘ၀ကိုတော့ ၀ီလီယံဟာ ကျေနပ်ခဲ့တယ်လို့ဆိုတယ်။ ဒိုရာဟာ မိခင်ကောင်းတစ်ယောက်၊ မယားကောင်းတစ်ယောက် ဖြစ်တယ်။ သူ့ကို အရမ်းချင်ခင် ဂရုစိုက်ခဲ့ပေမယ့် နိုင်ငံရေးကိစ္စတွေမှာ ၀င်မပါဘဲ သူ့ဟာသူခပ်အေးအေးနေခဲ့တယ်လို့ ဆိုတယ်။
ဒိုရာ
  •           ဒီလောက်တောင် အကြာကြီးနေ၊ ကလေးတွေရပြီးမှ ဘာကြောင့်တရားဝင်မယူရသလဲဆိုတာကတော့ အကြောင်း ၂ ရပ်ရှိတယ်။ တစ်ကြောင်းကတော့ ၁၇၇၂ မှာ ၀ီလီယံရဲ့ အဖိုး ဒုတိယမြောက် ဂျော့ရှ် George II လက်ထက် ထုတ်ပြန်ခဲ့တဲ့  '' တော်ဝင်မိသားစုလက်ထပ်ဥပဒေ Royal Marriages Act 1772 '' ဆိုတဲ့ဥပဒေကြောင့်ဖြစ်တယ်။ ဘုရင် George II က ဆင်းသက်သူမှန်သမျဟာ မင်းမျိုးမင်းနွယ်ကလွဲရင် အပြင်လူနဲ့ မယူရ။ ယူချင်ရင် လက်ရှိအုပ်ချုပ်နေသူ ဘုရင်ရဲ့ ခွင့်ပြုချက် ပါရမယ်။ တကယ်လို့ ဘုရင်က သဘောမတူဘူးဆိုရင် အဆိုပါ စုံတွဲဟာ အသက် ၂၅ နှစ်ပြည့်ပြီးသူများဖြစ်ပါက ပါလီမန်အဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ဘုရင့်အကြံပေးအဖွဲ့Privy Council ကို တစ်နှစ်ကြိုတင်လျှောက်ထားနိုင်တယ်။ တစ်နှစ်ပြည့်လို့ ဘုရင့်အကြံပေးအဖွဲ့က သဘောမတူဘူးလို့ ဆုံးဖြတ်ရင်၊ ဘုရင်ကိုယ်တိုင်ကလည်း သဘောမတူရက်နဲ့မှ လက်ထပ်ရင် ရာဇ၀တ်မှုမြောက်တယ် တဲ့။ 
            နောက်တစ်ချက်က ၀ီလီယံဟာ ဘုရင်ဖြစ်ဖို့ မျှော်လင်ချက်အရမ်းနည်းသူဖြစ်တယ်။ ထီးနန်းဆက်ခံခွင့် အစဉ် line of succession to the throne မှာ သူဟာ တတိယမြောက်။ သူ့အဖေဘုရင်ကြီးသေရင် ဆက်ခံမယ့်အစ်ကို နှစ်ယောက်တောင် သူရှေ့ကရှိတယ်။ တကယ်လို့ အဲဒီအစ်ကိုတွေကသာ သားသမီးမွေးခဲ့မယ်ဆိုရင် အဲဒီသားသမီးတွေက ၀ီလီယံထက်အရင် ဆက်ခံခွင့်ရှိတယ်။ ဒီတော့ သူဟာ အစက ထီးနန်းကို သိပ်မမျှော်ဘဲ မင်းသားဘ၀နဲ့ ပါလီမန်တက်လိုက်၊ အိမ်မှာ ကလေးတွေတပြုံကြီးနဲ့ အဖေလုပ်လိုက်နဲ့ နေလာခဲ့တယ်။ မီဒီယာတွေက ကလေးတွေများတဲ့ သူတို့စုံတွဲကို သတိထားမိတာမျိုးတော့ရှိပါတယ်။ သတင်းစာမှာ ကလေးများတဲ့သူတို့စုံတွဲ အကြောင်းကို ရုပ်ပြောင်ကာတွန်းတွေ ပါလာတတ်တယ်။ဒါပေမယ့် ၀ီလီယံလို သိပ်အရေးမပါတဲ့ မင်းသားက ပြဇာတ်မင်းသမီးနဲ့ အတူနေတာကို ရေးကြီးခွင်ကျယ်လုပ်ပြီးတော့ ပြောတာမျိုးတော့မဟုတ်ပါဘူး။
              ဒိုရာတစ်ယောက်ကတော့အဲဒီအချိန်မှာ တရားဝင်ဇနီးတစ်ယောက်အဖြစ် တရားဝင်သားသမီးတွေနဲ့ အတူနေရဖို့ဘ၀ အိမ်မက်ကို လက်လျှော့လိုက်ပါပြီ။သူက ၀ီလီယံနဲ့ ကလေးတွေကို တော်တော်ချစ်သတဲ့။ ၀ီလီယံဟာ သူ့ဘ၀အတွက် နောက်ဆုံးယောက်ျားဖြစ်တယ်။
မျောက်ရှုံးအောင်ဆော့တဲ့ ကလေးသုံးကောင်ပါတဲ့ တွန်းလှည်းကို တွန်းလာတဲ့ပုပုဖိုင့်ဖိုင့်နှုတ်ခမ်းထော်ထော် မျက်ပေါက်ကျဉ်းကျဉ်းနဲ့ ၀ီလီယံပုံ။ ဘေးမှာတော့ ပြဇာတ်စာသားတွေကို အသေကျက်မှတ်ရင်းလိုက်လာတဲ့ ဒိုရာ။ သတင်းစာ ကာတွန်း။
  •        ကလေးတပြုံကြီးနဲ့ သူတို့နှစ်ယောက် ဘ၀ဟာ ရရစားစားလို့ ပြောလို့ရတယ်။ ၀ီလီယံရဲ့ ပိုက်ဆံနဲ့ ဒိုရာရတဲ့ငွေပေါင်းတာတောင် တစ်လတစ်လ အလျှင်မမီနိုင်ဘူး။ တစ်ခါတော့ ကြွေးရှင် ဆေးရောင်းသူတစ်ယောက်ဟာ ဒိုရာကို အိမ်တိုင်ရာရောက် ကြွေးလာတောင်းတယ်။ ဒိုရာက မပေးနိုင်သေးလို့ တောင်းတောင်းပန်ပန်နဲ့ စောင့်ဖို့ပြောတယ်။ ဆေးဆရာကလည်း မစောင့်ချင်တော့ဘူး။ ဒါနဲ့ ဒိုရာဟာ အားနာနာ ကြံရမရနဲ့ '' ဒီလိုဆိုရင်လည်း ကျမရဲ့ အသက်ကိုသာ ယူသွားပါတော့ '' ဆိုပြီး သူအမြတ်တနိုးရေးထားခဲ့တဲ့ မှတ်စု memoirs စာအုပ်ထူကြီးကို ထိုးပေးဖူးသတဲ့။ ဒိုရာဟာ သူ့ရဲ့ စားအိုးကြီးတဲ့ မိသားစုသာမက သူ့ရဲ့ မောင်နှမတွေကိုလည်း ထောက်ပံရသေးတယ်။ သူ့ကို အကူအညီလာတောင်းတိုင်း မရှိဘူး လို့ မငြင်းတတ်ခဲ့ဘူး။ ၀ီလီယံမသိအောင်တစ်မျိုး သိအောင် တစ်ဖုံပေးရင် ၀ီလီယံနဲ့စကားများရပေါင်းများပြီ။
 Dora ရဲ့ပုံတူတစ်ခု
  •             ၁၈၀၆ လောက်ကစပြီး မင်းသားမှာ အကြွေးတွေပိလာခဲ့တယ်။ ဒိုရာရဲ့ စန်းအထဆုံးအချိန်ကလည်း ကျော်လွန်လာခဲ့ပြီ။ ဒီတော့ ၀ီလီယံဟာ ထွက်ပေါက်အတွက် ချမ်းသာတဲ့တော်ဝင်မင်းသမီးတစ်ယောက်ကို တရားဝင် လက်ထပ်ဖို့ရှာခဲ့တယ်။ ဒါပေမယ့် အစပိုင်းမှာ သူ့ကို ဘယ်သူမှ အဖက်မလုပ်ပါဘူး။ အဲဒီလိုရှာနေစဉ် ၁၈၁၁ မှာ ၀ီလီယံနဲ့ ဒိုရာရဲ့ အနှစ် ၂၀ နီးပါးရှိပြီဖြစ်တဲ့ အိမ်ထောင်လည်း  အပြီးကို ကွဲသွားပါတော့တယ်။ ဒိုရာက '' ပိုက်ဆံဟာ ၀ီလီယံကို ကြောက်စရာကောင်းတဲ့သူတစ်ယောက်အဖြစ် ဖန်တီးလိုက်ပြီ '' လို့ ဆိုသတဲ့။ ၀ီလီယံက သားသမီးစရိတ်ဆိုပြီး နှစ်စဉ် ထောက်ပံကြေးတော့ ပေးတယ်။ ဒါပေမယ့် အဲဒီ ထောက်ပံကြေးအတွက် ဒိုရာ ပြန်ပေးရတာကတော့ '' ဇာတ်ခုံပေါ်ကို မတက်တော့ပါဘူး '' ဆိုတဲ့ ကတိ။ ဒါပေမယ့် တချိန်မှာတော့ ဒိုရာဟာ ကတိကို ဖျက်ပြီး ဇာတ်ခုံပေါ်ကို ပြန်တက်ခဲ့ရတယ်။ အကြောင်းကတော့ သူ့ရဲ့ သားမက်တစ်ယောက် အရမ်းကို အကြွေးထူပြီး ဒုက္ခရောက်နေတာကို ကြည့်မနေနိုင်လို့ ကူဆပ်ပေးဖို့ဆိုပြီး ဇာတ်ပြန်ကခဲ့ရတာဖြစ်တယ်။ ဖြစ်ချင်တော့ အဲဒီသားမက်နဲ့ရထားတဲ့သူ့သမီးဟာ ၀ီလီယံနဲ့ ရတဲ့ သမီးမဟုတ်ဘဲ ၀ီလီယံနဲ့ မတွေ့ခင်က ရထားတဲ့ သမီးတစ်ယောက်ဖြစ်နေတယ်။ ဒါနဲ့ ၀ီလီယံက ဒေါသပုန်တွေထ ထောက်ပံကြေးကို ဖြတ်လိုက်ပြီး သားသမီးတွေ စောင့်ရှောက်ခွင့်ကို သူပြောင်းယူလိုက်ပါတယ်။ ပရိသတ်နဲ့ အဆက်အတော်ပြတ်ပြီးမှ ပြန်ကခဲ့တဲ့ ဒိုရာ၊ အသက်အရွယ်လည်း ထောက်လာပြီဖြစ်တဲ့ ဒိုရာတစ်ယောက်ကတော့ အရင်ကလို စန်းမျိုးမရှိတော့တာ ပြောစရာတောင် မလိုတော့ပါဘူး။ ဇာတ်မှာ အောင်မြင်အောင် မကနိုင်၊ အကြွေးကလည်း ထူသထက်ထူလာ၊ ထောက်ပံ့ကြေးကလည်း မရနဲ့ နောက်ဆုံးမှာ သူမဟာ ပြင်သစ်ကို ထွက်ပြေးရပါတယ်။ ၁၈၁၆ မှာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့နားမှာ ဒိုရာတစ်ယောက် ဆင်းရဲ့ချွတ်ချံကျပြီး ဆုံးပါးသွားခဲ့ရတယ်။ သေတော့ သူ့အသက်ဟာ ၅၅ နှစ်သာရှိပါသေးတယ်။ တရားမ၀င်သမီးအဖြစ်မွေးခဲ့တဲ့ ဒိုရာဟာ တရားဝင်ယူမယ့်ယောက်ျားတစ်ယောက်ကို သူ့တစ်သက် ရှာမတွေ့သွားခဲ့ဘူး။
  •            ၀ီလီယံဟာ သူ့အကြွေးတွေကို ကူဆပ်မယ့် သဌေးမင်းသမီးတစ်ယောက်ကို ရှာရင်းနဲ့ လုံးလည်လိုက်နေချိန် ၁၈၁၇ မှာ သူ့တူမ ချာလော်တီ Charlotte ဟာ ကလေးမွေးရင်း မီးတွင်းထဲမှာ ဆုံးသွားပါတယ်။ ဒါဟာ ၀ီလီယံအတွက်တော့ ဘုရင်ဖြစ်ဖို့ တစ်ဆင့်နီးသွားတာပါ။ ဘာကြောင့်လည်း ဆိုတော့ ချာလော်တီဟာ သူ့အစ်ကို အကြီးဆုံးက မွေးတာမို့ ထီးနန်းဆက်ခံခွင့်မှာ ၀ီလီယံရဲ့ ရှေ့မှာရှိတယ်။
မီးတွင်းထဲမှာ ဆုံးသွားတဲ့ Princess Charlotte of Wales။ သူမက ၀ီလီယံရဲ့ အစ်ကိုအကြီးဆုံးသမီး ဖြစ်တာကြောင့် ထီးနန်းဆက်ခံခွင့်မှာ ၀ီလီယံတို့အားလုံးထက် ရှေ့က ဖြစ်သည်။
  •             ၀ီလီယံရဲ့ အရှေ့မှာ တရားဝင်သားသမီးမကျန်တော့တဲ့ အစ်ကို ၂ ယောက်သာ ကျန်ပါတော့တယ်။ အဲဒီအစ်ကိုတွေဟာ ကျန်းမာရေးကလည်း ချူချာသူတွေမို့ ၀ီလီယံတစ်ယောက် မင်းဖြစ်မယ့် အရိပ်အယောင်တွေ ရေးရေးလေး ပေါ်လာပါတယ်။ သူသာ အသက်ရှည်ရှည်နေနိုင်မယ်ဆိုရင်ပေါ့လေ။ ဒီကြားထဲမှာ သူဟာ သူ့ထက် အသက် ထက်ဝက်လောက်ငယ်တဲ့ ၂၅ နှစ်အရွယ် Adelaide ဆိုတဲ့ ဂျာမန်မင်းသမီးတစ်ယောက်နဲ့ အဆင်ပြေသွားပါတယ်။ ၁၈၁၈ မှာ ၀ီလီယံနဲ့ ဂျာမန်မင်းသမီးတို့ မင်္ဂလာဆောင်တယ်။ ဂျာမန်မင်းသမီးရဲ့ ပိုက်ဆံတန်ခိုးရဲ့ ၀ီလီယံရဲ့ အကြွေးတွေလည်း တဖြည်းဖြည်းကြေသွားခဲ့တယ်။
  •          ၁၈၂၀ မှာ ၀ီလီယံတို့ရဲ့ အဖေကြီးဖြစ်တဲ့ ဘုရင် George III နတ်ရွာစံပါတယ်။ ၀ီလီယံရဲ့ အစ်ကို အကြီးဆုံးက စတုတ္ထမြောက် ဂျော့ရှ် George IV ဆိုတဲ့ နာမည်နဲ့ နန်းတက်တယ်။ သြော်...စိတ်ကူးစိတ်သန်းရင့်သန်ပုံများ အဖေလည်း ဂျော့ရှ်၊ သားလည်း ဂျော့ရှ်တဲ့....အဲ...အဖိုးကလည်း ဂျော့်ရှ် .......။ ဒီနာမည်တွေနဲ့ဘဲ ပတ်လည်ရိုက်နေကြတယ်။ နောက်လူတွေ မှတ်မိလွယ်အောင် နာမည် လှလှဆန်းဆန်းလေးများ မမှည့်တတ်ကြဘူးလားကွယ်။ ဒီတော့ ၀ီလီယံဟာ ထီးနန်းဆက်ခံခွင့်မှာ ဒုတိယနေရာရောက်လာတယ်။ သူ့ရှေ့မှာ ဒုတိယအစ်ကိုဘဲကျန်တော့တယ်။ မယားငယ်ငယ်လေးနဲ့ ဘုရင်လုပ်ဖို့ကလည်း နီးလာတဲ့ဝီလီယံဟာ ကျန်းမာရေးကို အထူးဂရုစိုက်လာပါတယ်။ နာရီပေါင်းများစွာလမ်းလျှောက်၊ အစားအသောက်လည်း ဆင်ခြင်နဲ့နေလာလိုက်တာ ၁၈၂၇ မှာ သူ့ရဲ့ မကျန်းမာတဲ့ ဒုတိယအစ်ကို သေသွားတဲ့အတွက် ၀ီလီယံဟာ ထီနန်းဆက်ခံခွင့်မှာ ရှေ့ဆုံးနေရာကို ရောက်လာပါတယ်။ ၁၈၃၀ မှာ အစ်ကိုအကြီးဆုံးဖြစ်တဲ့ ဘုရင် George IV နတ်ရွာစံတယ်။ ဘုရင်ကြီးမှာ တရားဝင်သားသမီးတစ်ယောက်မှ မကျန်ခဲ့တဲ့အတွက် ၀ီလီယံဟာ သူမျှော်မှန်းထားသလို ဘုရင်ဖြစ်လာပါတယ်။ ဒါပေမယ့် သူဘုရင်ဖြစ်ချိန်မှာ သူ့အသက်လည်း ၆၄ နှစ်ရှိနေပါပြီ။ William IV ဆိုတဲ့ နာမည်နဲ့ သေတဲ့အထိ ၇ နှစ် အုပ်ချုပ်သွားခဲ့တယ်။
  • ၀ီလီယံနဲ့ ဂျာမန်မင်းသမီး
  •                 ၀ီလီယံနဲ့ ဂျာမန်မင်းသမီးတို့အိမ်ထောင်ရေးဟာ အကြမ်းဖျင်းပြောရရင် သာယာခဲ့ပါတယ်။ ၀ီလီယံ သေတဲ့အထိဆို အနှစ် ၂၀ လောက် ပေါင်းလိုက်ရတယ်။ ဒါပေမယ့် ဂျာမန်မင်းသမီးနဲ့ ရတဲ့ တရားဝင်သားသမီး ၂ ယောက်ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးသွားကြလို့ ၀ီလီယံဟာ ဘုရင်အဖြစ် နတ်ရွာစံတော့ သူ့ကို ဆက်ခံမယ့် သားသမီးမရှိပါ။ သူ့ရဲ့ ညီဖြစ်သူကလည်း ဆုံးသွားပြီမို့ အဲဒီညီရဲ့ သမီး ဗစ်တိုးရီးယား Victoria က အသက် ၁၈ နှစ်နဲ့ ဘုရင်မဖြစ်လာပါတယ်။ ဗစ်တိုးရီးယားဆိုတာ ဗြိတိန်နိုင်ငံကို အုပ်စိုးသွားသူများထဲမှာ နန်းသက်အရှည်ဆုံး အုပ်ချုပ်သူ ပါဘဲ ။ ဘုရင်မစဖြစ်တဲ့ အချိန်ကနေ နောက်ထပ် ၆၃ နှစ်နဲ့ ၇ လ အုပ်စိုးသွားခဲ့တယ်။ အခုလက်ရှိ ဗြိတိန်နိုင်ငံရဲ့ ဘုရင်မကြီး အဲလိဇဘက် Elizabeth II က အဲဒီ ဗစ်တိုးရီးယားးက ဆင်းသက်တဲ့ မျိုးဆက်ဖြစ်တယ်။ Elizabeth II ဟာ အခု ၂၀၁၂ မှာ နန်းသက် ၆၀ ပြည့်မှာ ဖြစ်တယ်။ တကယ်လို့သာ နောက်ထပ် ၄ နှစ်လောက် ဆက်အုပ်ချုပ်နိုင်ရင် Elizabath II ဟာ Victoria ကို ကျော်ပြီး နန်းသက် အရှည်ဆုံး ဘုရင်မ အဖြစ်နဲ့ စံချိန်ဝင်မှာ ဖြစ်ပါတယ်။
ဝီလီယံရဲ့တူမ ၁၈ နှစ်နဲ့ ဘုရင်မဖြစ်လာတဲ့ ဗစ်တိုးရီးယား Victoria
ဗစ်တိုးရီးယားဘုရင်မကြီးအသက်ကြီးစဉ်ကပုံ။
ယခုလက်ရှိအုပ်ချုပ်နေတဲ့ Queen Elizabeth II ငယ်စဉ်ကပုံ။ သူ့ဟာ ကနေဒါ၊ နယူဇီးလန်၊ သြစတေးလျား၊ သိရိလင်္ကာ၊ ပါကစ္စတန်၊တောင်အာဖရိကစတဲ့ ဓနသဟာယနိုင်ငံများ Commonwealth Countries များရဲ့ခေါင်းဆောင်လည်းဖြစ်တယ်။ ဒါသူ့ပုံပါတဲ့နယူးဇီလန်နိုင်ငံက တံဆိပ်ခေါင်းတစ်ခု။
Queen Elizabeth II ရဲ့ ယခုပုံ။ ၂၀၁၂ တွင်သူ အသက် ၈၆ နှစ်ပြည့်ပြီးနန်းသက် ကတော့ အနှစ် ၆၀ ။
  •                  ၀ီလီယံအတွက်ကတော့ ရယ်အားထက် ငိုအားသန်ခဲ့ရပါပြီ။ သူနတ်ရွာစံတော့ အသက်ရှင်လျှက် သူ့သားသမီး ၈ ယောက်တောင် ကျန်ပါတယ်။ ဒါပေမယ့် အားလုံး ဒိုရာနဲ့ရတဲ့ တရားမ၀င်တွေချည်းမို့ ထီးနန်းကို ဘယ်သူမှ မရလိုက်ဘူး။  ကလေးတွေရဲ့ မျိုးနွယ်ကို ၀ီလီယံရဲ့ မျိုးရိုးနာမည်ကို မယူဘဲ FitzClarence ဆိုတဲ့မျိုးရိုးနာမည်ကို ပေးခဲ့တယ်။ ၀ီလီယံတို့ရဲ့ အင်္ဂလိပ်နော်မန်လူမျိုးများရဲ့ စကားမှာ fitz ဆိုတာ သားသမီးလို့ အဓိပ္ပါယ်ရပြီး Clarence ဆိုတာကတော့ ၀ီလီယံမြို့စားဘ၀က ဂုဏ်ပုဒ်ဖြစ်တဲ့ Duke of Clarence ဆိုတာကို ယူထားတာပါ။ ဒီတော့ FitzClarence ဆိုတာ '' ကလဲရန့်စ် မြို့စား ရဲ့ သားသမီး Son of Clarence '' လို့ အဓိပ္ပါယ်ရပါတယ်။ ဒိုရာနဲ့ ရတဲ့ သားသမီး ၁၀ ယောက်ရှိခဲ့တယ်။ သား ( ၅ )ယောက် သမီး( ၅ ) ယောက်။ သမီးမိန်းကလေး ငါးယောက်ထဲက တတိယမြောက် ဖြစ်တဲ့ ၁၈၀၁ ခုနှစ်ဖွား အဲလိစဘက် Elizabath FitzClarence ဟာ အသက် ၁၉ နှစ်မှာ စကော့တလန်သား William Hay ဆိုသူနဲ့ အကြောင်းပါပြီး ယောက်ျားရဲ့ မျိုးရိုးနာမည်ကို ယူပြီး Elizabath Hay ဖြစ်လာပါတယ်။ သူတို့ ( ၂ ) ယောက်ကနေ အခုလက်ရှိ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကမ်မရွန်တို့မျိုးဆက်ကို မွေးခဲ့တာပါ။ ဒေးဗစ်ကမ်မရွန်းရဲ့ မျိုးရိုးဟာ တရားဝင်သာဖြစ်ခဲ့မယ်ဆိုရင် ထီးနန်းဆက်ခံခွင့်မှာ ယခုလက်ရှိဘုရင်မကြီး အဲလိဇဘက်တို့ထက် ပိုပြီး ရှေ့ရောက်တယ်ဆိုတာ စာဖတ်သူ သဘောပေါက်ပြီလို့ မျှော်လင့်ပါတယ်။ အထက်မှာ ပြောခဲ့တဲ့အချက်တွေကြောင့်အခုလက်ရှိ ဗြိတိန်က ဘုရင်မကြီး Elizabeth II နဲ့ ဒေးဗစ်ကမ်မရွန်းဟာ မောင်နှမငါးဝမ်းကွဲတော်တယ်လို့ မင်းမျိုးမင်းနွယ်တွေ ဆက်စပ်မှုကို ဖော်ပြတဲ့ စာအုပ်များက ဆိုပါတယ်။
                                       ..........................တကယ်လို့...................................
  • ၁၇၇၂ ခုနှစ်ထုတ် တော်ဝင် မိသားစုလက်ထပ်ဥပဒေ Royal Marriages Act 1772 ဆိုတာသာ မရှိခဲ့ရင်၊
  • ဒါမှမဟုတ် ၀ီလီယံမင်းသားသာ ဇယားနည်းနည်း အရှုပ်ခံပြီး ဘုရင်ဆီက ခွင့်ပြုချက်တောင်း သို့မဟုတ် ဘုရင့်အကြံပေးအဖွဲ Privy Council ကို တင်ပြပြီး ပြဇာတ်မင်းသမီးဒိုရာနဲ့ တရားဝင်လက်ထပ်ခဲ့ရင်
            အခုဆိုရင် ဒေးဗစ်ကမ်မရွန်းဟာ ဘုရင်ဖြစ်မယ်လို့ တပ်အပ်မပြောနိုင်ပေမယ့် တော်ဝင်မိသားစုထဲမှာတော့ ပါသွားမှာပါဘဲ.....။  ဒါဆိုရင် ဗြိတိန်နိုင်ငံရဲ့ လက်ရှိ ၀န်ကြီးချုပ်နေရာမှာ ဒေးဗစ်ကမ်မရွန်းဖြစ်ချင်မှ ဖြစ်မှာနော်။ ဒါဆို သင်္ကြန်တွင်းကြီး တို့အမေနဲ့လာတွေ့သွားတဲ့ ဗြိတိန်ဝန်ကြီးချုပ်ဟာလည်း ကမ်မရွန်းမဟုတ်ဘဲ တခြားတစ်ယောက်ဖြစ်ရင် ဖြစ်နေမှာဟု မရေမရာ အူကြောင်ကြောင်တွေးရင်း အဆုံးသတ်ပါသည်။
                                  Happy Myanmar New Year သူငယ်ချင်းတို့ရေ !!!
ဘုရင်ဝီလီယံကြောင့်အမျိုးတော်ရတဲ့ Queen Elizabeth II နဲ့ David Cameron
ဝန်ကြီးချုပ်အသစ်စက်စက်ဖြစ်တော့ထုံတမ်းစဉ်လာအတိုင်း ဘုရင်မကြီးကို သွားတွေ့တဲ့ ဒေးဗစ်ကမ်မရွန်း
Ref:
http://books.google.es/books?id=4qlUWvVCnwIC&pg=PA212&lpg=PA212&dq=%22Dorothy+Jordan%22+AND+%22Bushy+House%22&source=bl&ots=njv_1_XIIS&sig=5ttzHN4cEnPGTXvov1FyrnM1AWs#v=onepage&q=%22Dorothy%20Jordan%22%20AND%20%22Bushy%20House%22&f=false
http://books.google.it/books?id=kRGJhWpf2qcC&pg=PA177&redir_esc=y#v=onepage&q&f=false
http://books.google.it/books?id=dVIGcfOMwn8C&pg=PA81&redir_esc=y#v=onepage&q&f=false
http://en.wikipedia.org/wiki/William_IV_of_the_United_Kingdom
http://en.wikipedia.org/wiki/Royal_Marriages_Act_1772
http://en.wikipedia.org/wiki/Dorothea_Blandhttps://www.facebook.com/notes/spring-flowers/ဒေးဗစ်ကမ်မရွန်းတို့-မျိုးရိုး-ဘာကြောင့်ဘုရင်-မဖြစ်သလဲ/
No comments:
Post a Comment