Sunday, April 1, 2012

ထွန်းလင်းတောက်ပလာတော့မည့် ခေါင်းဆောင်လေးများ Kyaw Thu

ထွန်းလင်းတောက်ပလာတော့မည့် ခေါင်းဆောင်လေးများKyaw Thu

လွန်ခဲ့သောတစ်လခန့်က ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်၊ ကျုံကူတိုက်ကျောင်းမှ ဦးဇင်း ဦးဆန္ဒာဓိကသည် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ကြွရောက်လာပြီး ကျုံကူကျေးရွာရှိ ကလေး သူငယ်များ၏ အနာဂတ်အတွက် ပညာသင်ကြားရေးနှင့်ပါတ်သက်ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ၊ အတွင်းရေးမှူးဒေါ်ရွှေဇီးကွက် နှင့်အုပ်ချုပ်ရေးမှူး ဒေါ်ဧရာမောင်မောင် တို့နှင့် အကြံဥာဏ်၊ အကူအညီများ လာရောက်တောင်းခံဆွေးနွေးခဲ့ရာ ဦးကျော်သူမှ နယ်ခံ၊ ဒေသခံ ပရဟိတစိတ်ဓါတ်ဖြင့် ပညာဒါနပေးလိုသောဆရာ/မများရှိရန် အရေးကြီးကြောင်း၊ ပညာ လိုလားသော ကလေးငယ်များ ရှိသော်ငြားလည်း သင်ကြားပြသမည့် ဆရာ/မများမရှိလျှင် ပညာရေးအတွက် စိုးရိမ်စရာဖြစ်ကြောင်း၊ ပညာသင်ကြားပေးမည့် ဆရာ/မများသည်လည်း ပရဟိတစိတ်ဓါတ် ထက်သန် သော ဆရာ/မများဖြစ်ရန် အရေးကြီးကြောင်း ပြောကြားလျှောက်ထားခဲ့ရာ ဦးဇင်း ဦးဆန္ဒာဓိကမှ ဘုန်းဘုန်းတို့ ဤကိစ္စအား မဖြစ်ဖြစ်အောင် စွမ်းဆောင်မည်ဖြစ်ကြောင်း ပြန်လည် ပြောကြားခဲ့သည်။

၃၁.၃.၂၀၁၂ ရက်(စနေနေ့) တွင် ဦးဇင်းဆန္ဒဓိက နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ရွှင်လန်း တက်ကြွစွာ ရောက်ရှိလာခဲ့သည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် ကျုံကူကျေးရွာ၊ ကျုံကူတိုက် ကျောင်းဆရာတော်ဘဒ္ဒန္တ၀ိစိတ္တသာရ(နယ်လှည့်ဓမ္မကထိက)၏ သြ၀ါဒ လမ်းညွှန်ပေးမှု နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အကြံပြုချက်များကို လက်တွေ့အကောင်အထည် ဖော်နိုင်မည် ဖြစ်ကြောင်းကို ပြောကြားကာ ကျုံကူကျေးရွာရှိပညာရေး ချို့တဲ့နေသော ကလေးငယ်များအတွက် ပညာဒါနပြုလုပ်သင်ကြားပေးသော ဆရာ/မ (၅)ဦး နှင့် အင်္ဂလိပ်စာ သင်ကြားပေးသော သံဃာတော် (၁)ပါး နှင့် ပညာရေးကိစ္စရပ်အား အကောင်အထည်ဖော် သင်ကြားပေးနေကြောင်းကို ဓါတ်ပုံများဖြင့် ပြသခဲ့သည်။ သူငယ်တန်းကျောင်းသား ဦးရေ(၃၀)၊ ပထမတန်း(၁၅)ဦး၊ ဒုတိယတန်း(၁၈)ဦး၊ တတိယတန်း(၁၈)ဦး၊ စတုတ္ထတန်း(၁၀)ဦး စုစုပေါင်း ကျောင်းသား ကလေးငယ် ပေါင်း(၉၁)ဦး နှင့် အင်္ဂလိပ်စာ သင်ကြားတက်ရောက်နေသော ကျောင်းသားများမှာ ပထမ/ဒုတိယတန်း(၉၂)ဦး၊ တတိယ/စတုတ္ထတန်း(၉၇)ဦး၊ အလယ်တန်း(၆၀)ဦး၊ အထက်တန်း(၂၁)ဦး စုစုပေါင်း(၂၇၀)ဦးတို့သည် ပညာရေးကို လိုလား၍ သင်ကြားနေကြသောကလေးငယ်များ ဖြစ်ကြသည်ကို သိရှိခဲ့ရသည်။

ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အများပြည်သူတို့ကို ကူညီဖေးမပေးနေရသော နာရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍများတွင် ပါဝင်နေသော ပညာရေး ထောက်ပံ့မှု၊ မြှင့်တင်မှု ဖြစ်သည့်အတွက် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်၊ ကျုံကူကျေးရွာ၊ ကျုံကူတိုက်ကျောင်း ဆရာတော် ဘဒ္ဒန္တ၀ိစိတ္တသာရ (နယ်လှည့်ဓမ္မကထိက)၏ သြ၀ါဒလမ်ညွှန်ပေးမှုဖြင့် တပည့် ဦးဆန္ဒာဓိက ဦးစီးဖွင့်လှစ်ပေးထားသော ပညာရေးချို့တဲ့သော ကလေးသူငယ်များအတွက် ဘုန်းတော်ကြီးသင်ပညာရေး ဘ/ပ ကျောင်းအတွက် ပညာသင်ကြား ရာတွင် အထောက်အပံ့ ဖြစ်စေ သည့် ဗလာစာအုပ် (၂၃)ဒါဇင် အုပ်ရေ (၂၇၆) ၊ ခဲတံ(၄၀၀)၊ 4 Skills အင်္ဂလိပ်စာအုပ်များကို ပထမအကြိမ်အဖြစ် လှူဒါန်းပေးခဲ့ပါသည်။ ထိုကဲ့သို့ ပညာရေးချို့တဲ့နေသော အနာဂတ် ခေါင်းဆောင် များ ဖြစ်လာကြမည့်ကလေးငယ်များအတွက် ထွန်းလင်းတောက်ပလာမည့် အနာဂတ် မြန်မာပြည်၏ ခေါင်းဆောင်ကောင်းများ ပေါ်ပေါက်လာစေမည့် ပညာဒါနအဖြစ် လှူဒါန်းမှုပြုလုပ်လိုပါက ဧရာဝတီ တိုင်းဒေသကြီး ဖျာပုံမြို့နယ် ကျုံကူကျေးရွာရှိ ကျုံကူတိုက်ကျောင်းသို့လည်းကောင်း၊ သွားလာရေး ခက်ခဲမှုရှိပါက နာရေးကူညီမှုအသင်း(ရန်ကုန်) အမှတ်(၁၃/က) ဗိုလ်မှူးဗထူးလမ်း၊ (၄၂)ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့ ၊ ဆက်သွယ်ရန်ဖုန်း ၀၁-၅၈၀၁၃၃၊ ၀၁-၅၈၁၃၆၃ သို့လာရောက် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ပညာဒါနအဖြစ်နှိုးဆော်လိုက်ရပါသည်။

No comments:

Post a Comment