Tuesday, March 13, 2012

“အမေဒေါ်စု” လူထုကိုတစ်ကယ်ချစ်ရင်…(ရေးသူ့အမြင် )

မတ်လ ၁၃၊ ၂၀၁၂ ၊ (YPI) မွန်မွန်မြတ်ရေးသားသည်။
မတ် ၁၃ ၂၀၁၂။ ရန်ကုန် (YPI) -“ရှင်ဘယ်နေရာမှာပဲနေနေ၊ ရှင့်နိုင်ငံရေးအမြင်က ဘယ်လိုပဲရှိရှိ အရေးမကြီးပါဘူး၊ ကျွန်မတို့ရဲ့ အရေးကြီးတဲ့ဆွေးနွေးပွဲတွေကိုသာ အခုချက်ခြင်း စလိုက်ကြရအောင်”
ငါးလနီးပါးကြာမြင့်ခဲ့တဲ့ ၂၀၀၈ သမ္မတမဲဆွယ်ပွဲကာလက ဟီလာရီကလင်တန် ပြောခဲ့ဖူးတဲ့စကားဖြစ်တယ်။
သူမကြွေးကြော်ခဲ့တာက “I’m in. And I’m in to win” ကျွန်မ ၀င်ပြိုင်မယ် အောင်ပွဲခံဖို့ ကျွန်မ၀င်ပြိုင်တယ် လို့အဓိပါယ်ရတဲ့စကားပဲဖြစ်ပါလိမ့်မယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့မဲဆွယ်စည်းရုံးရေးခရီးစဉ်တွေမှာတော့ “အမေဒေါ်စု ပြန်လာပြီ” ဆိုတဲ့ လားရှိုးသိန်းအောင်ရဲ့လက်ရာ သီချင်းတစ်ပုဒ်ကို အမြဲဖွင့်နေကျပါ။ ဒါပေမယ့် မဲဆွယ်စည်းရုံးပုံခြင်း မတူကွဲပြားတာတွေကတော့အများကြီးပေါ.။
ဟီလာရီကလင်တန်ရဲ့အောင်နိုင်ရေးအဖွဲ့မှာ အလုပ်လုပ်ခဲ့ကြတဲ့ အကြံပေးတွေ နိုင်ငံရေးလှုပ်ရှားသူတွေထဲမှာ တော်တော်များများဟာ Madeleine Albright တို့ Richard Holbrooke တို့လို ဒိတ်ဒိတ်ကြဲ ၀ါရင့်ထိပ်တန်းနိုင်ငံရေးသမားတွေ ဖြစ်ကြတဲ့အပြင် ထက်ဝက်ကျော်ကျော်လောက်ဟာ အမျိုးသမီးတွေဖြစ်တယ်။
မဲဆွယ်ပွဲမန်နေဂျာတွေ မီဒီယာတာဝန်ခံတွေ ပေါ်လစီချမှတ်သူတွေ ခန့်ထားတဲ့ သူ့ရဲ့အောင်နိုင်ရေးအဖွဲ့ဟာ အမေရိကန်သမ္မတဟောင်း George W. Bush ရဲ့အောင်နိုင်ရေးအဖွဲ့လိုမျိုး အင်အားကြီးမားခဲ့တယ်လို့ သတင်းစာတွေကရေးခဲ့ကြဘူးတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့အောင်နိုင်ရေးအဖွဲ့မှာလည်း ကော်မတီငါးခုဖွဲ့စည်းထားပြီး နိုင်ငံရေးအစဉ်အလာရှိသူအတော်များများပါဝင်ကြပါတယ်။ ဒါပေမယ့် အောင်နိုင်ရေးခရီးစဉ်တစ်ခုထဲမှာတောင်မှ ဘယ်နေရာကိုသွားမယ် ဘာလုပ်မယ်ဆိုတာ အချိန်မှီ သတင်းထုတ်ပြန်နိုင်ခြင်းမရှိတဲ့အတွက် စမ်းတ၀ါးဝါးသွားခဲ့ရတာတွေ အများကြီးပါပဲ။
အမေရိကန်လို ကမ္ဘာ့ထိပ်တန်းနိုင်ငံကြီးတစ်ခုရဲ့မဲဆွယ်ပွဲမှာ အလုပ်လုပ်ကြပုံတွေနဲ့ ဗမာပြည်က နေပူဖုန်ထူအောက်က မဲဆွယ်ပွဲတွေအကြောင်း နှိုင်းယှဉ်ပြောဖို့ရာ မဆီလျော်လှပါဘူး။ စီမံခန့်ခွဲမှုအရာ နိုင်ငံရေးပရိယာယ်ကြွယ်ဝမှုအရာတွေမှာ အမေရိက မဲဆွယ်ပွဲတွေကို မယှဉ်နိုင်ပေမယ့် လူထုထောက်ခံမှုအရာမှာတော့ လေ့လာသူတွေအံ့အားသင့်သွားရလောက်အောင် တစ်ခဲနက်ထောက်ခံခဲ့ကြတာကိုတွေ့ရတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့သူ့ကိုထောက်ခံသူတွေကို အမရပူရ မဟာဂန္ဓာရုံကျောင်းထဲမှာ မမျှော်လင့်ပဲတွေ့မြင်ခဲ့ရတဲ့ပြင်သစ်လူမျိုးခရီးသွားတစ်ယောက်ကတော့ စကားမဆိုနိုင်ပဲ စိတ်လှုပ်ရှားမှုကြောင့်မျက်ရည်တွေတွေကျနေတာကိုသာ တွေ့ခဲ့ရပါတယ်။
အလွတ်တမ်းပြင်သစ်သတင်းထောက် ဂျရုမ်းက သူ့နိုင်ငံမှာတွေ့ဖူးနေကျ မဲဆွယ်ပွဲတွေနဲ့ နိုင်ငံရေးသမားတွေအပေါ်လူထုကဆက်ဆံပုံတွေကို သူလိုက်ပါခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့မွန်ပြည်နယ်အောင်နိုင်ရေးခရီးစဉ်နဲ့နှိုင်းယှဉ်ပြီး ပြောခဲ့တယ်။
“ငါတွေ့ဖူးတဲ့မဲဆွယ်ပွဲတွေမှာတော့ လူထုက သူတို့မကြိုက်တဲ့နိုင်ငံရေးသမားဆို ကြက်ဥနဲ့ပေါက်တာတို့ မောင်းထုတ်တာတို့တွေ့ဖူးတယ်။ အခု ခရီးစဉ်တစ်လျောက်လုံး လူတွေက ဆိုင်းတွေဗုံတွေနဲ့ကခုန်ပြီးကြိုကြတာ၊ ကရင်တွေ ပအို့တွေလို လူမျိုးစုငယ်တွေကပါမကျန် ပျော်ပျော်ပါးပါးကြိုနေကြတာမြင်ရတာ သိပ်စိတ်လှုပ်ရှားဖို့ကောင်းတယ်”
ဂျရုမ်းတွေ့ဖူးနေကျ နိုင်ငံရေးသမားတွေနဲ့ကွာခြားတာက ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုကို ဘာကတိက၀တ်မှမပေးပဲ မဲဆွယ်ခဲ့ခြင်းပဲဖြစ်တယ်လို့ပြောခဲ့ပါတယ်။
ဗမာပြည်တနံတလျား နေရာပေါင်း နှစ်ဆယ်ကျော် မဲဆွယ်ဖို့သွားရောက်ခဲ့ပြီးဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်ဟာ တစ်ကောင်ထဲပြေးတဲ့မြင်းတစ်ကောင်လိုဖြစ်နေပေမယ့် သူသွားတဲ့နေရာတိုင်းမှာ ထောင်သောင်းချီတဲ့လူထုရဲ့ဒီမိုကရေစီ မွတ်သိပ်မှုကို ငြိမ်းငြိမ်းချမ်းချမ်းဖေါ်ထုတ်နိုင်အောင်၊ အကြောက်တရားတွေနဲ့ထုံထိုင်းငိုက်မြည်းနေရာက နိုးကြားလာအောင် လှုပ်နှိုးနိုင်ခဲ့ပါတယ်။
လူပင်လယ်ကြီးတွေတစ်ခုပြီးတစ်ခု သူတစ်ယောက်တည်းလက်ပစ်ကူးခတ်လာခဲ့တယ်။
မန္တလေးက အောင်ပင်လယ်ကွင်းကိုရောက်တဲ့အခါမှာတော့ သူအတော် လက်ပမ်းကျနေခဲ့ပြီဆိုတာ ဘယ်သူမှမငြင်းနိုင်ပါဘူး။ လှိုင်းလုံးတွေလိုဖြစ်နေတဲ့လူပင်လယ်ကြီးကိုကြည့်ရင်း လှိုင်းမူးသူဖြစ်သွားခဲ့တာကသက်သေပါပဲ။
သူဘာကြောင့်များဒီလောက်ထိပင်ပင်ပန်းပန်းတစ်ယောက်တည်းလက်ပစ်ကူးနေရပါလိမ့်…။ ၄၈နေရာလုံးက အမတ်လောင်းတွေအနိုင်ရဖို့အတွက် တစ်မြို့ဝင်တစ်ရွာထွက် စည်းရုံးရေးတွေ သူကိုယ်တိုင်ဆင်းမှကိုဖြစ်မှာလား။
ဒါမှမဟုတ် နိုင်ငံခြားကကွန်ဖရန့်တွေကို သူပြောမယ့်မိန့်ခွန်းကိုဗီဒီယိုရိုက်ပြီးပေးပို့သလိုမျိုး၊ ဝေးလံခေါင်သီတဲ့နေရာတွေကို ကိုယ်တိုင်မသွားရောက်ပဲ ဗီဒီယိုကနေတစ်ဆင့် လူထုကို မိန့်ခွန်းပြောလို့မရနိုင်ဘူးလား။ လူထုနဲ့တွေ့ဆုံပွဲတွေကို ဗီဒီယိုကွန်ဖရန့်လိုမျိုးလုပ်လို့ရော မရနိုင်ဘူးလား။
ဒါတွေဟာတစ်ကယ်တော့ အောင်နိုင်ရေးအဖွဲ့ကလူတွေစဉ်းစားပြီးသားကိစ္စတွေဖြစ်ကောင်းလည်း ဖြစ်နိုင်ပါတယ်။
ဧပြီတစ်ရက်နေ့ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ ၄၈နေရာလုံးကိုရောက်အောင်သွားမယ်ဆိုရင်တော့ ရလာနိုင်တဲ့ ရလာဒ်တွေအပြင် ဘေးထွက်ဆိုးကျိုးတွေကိုပါထည့်တွက်ရတော့မှာပါ။
ရလာဘ်တွေကတော့ အရှေ့မှာသွားထားခဲ့တဲ့ ခရီးစဉ်ပေါင်းများစွာမှာ မြင်တွေ့ခဲ့ရတဲ့ အတိုင်းပဲ ထောင်သောင်းချီတဲ့လူထုရဲ့ဒီမိုကရေစီ မွတ်သိပ်မှုကို ငြိမ်းချမ်းသောနည်းနဲ့ဖေါ်ထုတ်ကြတဲ့ လူထုတွေ့ဆုံပွဲတွေပါ။ ဒါတွေဟာ လာမဲ့ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် NLDပါတီ အတွက် အလားအလာကောင်းတွေလည်းဖြစ်နေပါတယ်။ ရေတိုတိုက်ပွဲအတွက်တော့ အင်မတန်ကောင်းတဲ့ ရလာဒ်တွေပါပဲ။
ဒါပေမယ့် ရေရှည်မှာ ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေက ဘာတွေဖြစ်မလဲ…။ အဓိကစဉ်းစားရမယ့်ကိစ္စက သုံးခုရှိပါတယ်။ အစားထိုးဖို့ရာခက်ခဲတဲ့ လူထုခေါင်းဆောင်တစ်ယောက်ရဲ့ လုံခြုံရေး၊ ကျန်းမာရေး နဲ့ အရေးပေါ်အခြေအနေတွေပါ။
ဒေါ်အောင်ဆန်းစုကြည်ဟာ ကုန်းလမ်းရော ရေလမ်းရော လေကြောင်းလမ်းကိုပါအသုံးပြုပြီးသွားနေတဲ့အပြင် သူ့ယာဉ်တန်းဟာ အဝေးပြေးလမ်းမပေါ်မှာ အမြဲလိုမြန်နှုန်းမြှင့်မောင်းနှင်နေတာဖြစ်လို့ အချိန်မရွေးယာဉ်မတော်တဆမှုတြွေဖစ်လာနိုင်တဲ့ အလားအလာရှိပါတယ်။
အလားတူပဲ သူ့ယာဉ်တန်းနောက်ကို ကမူးရှုးထိုးလိုက်ကြတဲ့ အဖွဲ့ဝင်တွေ၊ မီဒီယာသမားတွေ နဲ့ထောက်ခံသူတွေမှာလည်း တစ်နေ့မဟုတ်တစ်နေ့ ကြုံတွေ့နိုင်တဲ့ အန္တရာယ်ပါ။
အသက် ၆၇နှစ်ပြည့်တော့မယ့် အမျိုးသမီးကြီးတစ်ဦးအတွက် အင်မတန်ပြင်းထန်တဲ့နေပူရှိန်အောက်မှာ မရပ်မနားခရီးသွားဖို့နဲ့တစ်မြို့ဝင်တစ်ရွာထွက် စကားပြောဖို့ဆိုတာ ၀န်နဲ့အားမမျှတလွန်းတဲ့ တာဝန်ထမ်းဆောင်မှုကြီးတစ်ခုဖြစ်ပါတယ်။
အထူးသဖြင့် မန္တလေး-နေပြည်တော် ခရီးစဉ်လိုမျိုး တစ်နေ့တည်းနဲ့ မနက်၈နာရီကနေ ည၈နာရီအတွင်းမှာ နေရာပေါင်းခြောက်နေရာလောက်အရောက်သွားပြီး လူထုတွေ့ဆုံပွဲတွေ လုပ်ပစ်လိုက်တာမျိုးက စိတ်ရောကိုယ်ပါ မတန်တဆအားစိုက်ရတဲ့ အလုပ်တွေပဲဖြစ်ပါတယ်။
စိတ်ခွန်အားအင်မတန်ကောင်းတဲ့သူမို့ မလဲမပြိုခံနိုင်ရည်ရှိကောင်းရှိခဲ့မယ်ဆိုပေမယ့်၊ စကားပြောတဲ့အခါမှာ တစ်ခွန်းနဲ့တစ်ခွန်းကြားမှာ လေဆက်ပြတ်သွားတာ၊ အသံတွေပြာလာတာ၊ အပြုံးတွေလျော့ရဲသွားတာ၊ အသားအရောင်တွေဖျော့တော့လာတာတွေဟာ ခံနိုင်ရည်ကျဆင်းလာတဲ့လက္ခဏာတွေပဲဖြစ်တယ်။
ခရီးစဉ်တိုင်းမှာ ကျန်းမာရေးစောင့်ရှောက်မှုအတွက်လိုက်ပါလာကြတဲ့ ဆရာဝန်အဖွဲ့ပါပေမယ့် မန္တလေးတိုင်းခရီးစဉ်နောက်ပိုင်းမှာတော့ အောင်နိုင်ရေးယာဉ်တန်းထဲမှာ အရေးပေါ်လူနာတင်ယာဉ်ကိုပါ လိုက်ပါစေတာဟာ ကောင်းမွန်တဲ့ပြင်ဆင်မှုတစ်ခုပါပဲ။
နေပူကျဲကျဲအောက်က မဲဆွယ်ပွဲမှာတွေ့ရတဲ့ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
ဒေါ်အောင်ဆန်းစုကြည်ဟာ သူလုပ်ပိုင်ခွင့်ရတဲ့ ကာလတိုလေးတစ်ခုအတွင်းမှာ ရှိသမျှအလုပ်တွေကို သိမ်းကြုံးလုပ်ရင်း သူ့ပါတီအတွက်ရော နိုင်ငံအတွက်ရော လူထုအတွက်ပါ “တာဝန်ကျေသူ” တစ်ယောက်ဖြစ်အောင်လုပ်နေပေမယ့်၊ သူ့အောင်နိုင်ရေးကော်မတီအနေနဲ့တော့ ဘေးထွက်ဆိုးကျိုးတွေနဲ့ချိန်ဆပြီး၊ အလွန်အကျွံအလုပ်လုပ်တာမျိုးမဖြစ်အောင်ထိန်းကျောင်းဖို့တာဝန်ရှိပါတယ်။
မကြာမီ ရက်နှစ်ဆယ်ကျော်အတွင်း ရောက်လာတော့မယ့် ကြားဖြတ်ရွေးကောက်ပွဲကိစ္စတစ်ခုတည်းကိုပဲကြည့်ပြီး အရိုးကြေကြေ အရေခမ်းခမ်း အလုပ်လုပ်နေမယ်ဆိုရင်တော့၊ ကြားဖြတ်ရွေးကောက်ပွဲအပြီး လွှတ်တော်ထဲမှာ မလွဲမသွေ ကြုံတွေ့လာရမယ့် နိုင်ငံရေးအားပြိုင်မှုတွေနဲ့ ရေရှည်မှာ ရင်ဆိုင်လာရမယ့် နိုင်ငံတည်ဆောက်ရေး ပြဿနာတွေကို ကြံ့ကြံ့ခံဖို့ ခွန်အားချည့်နဲ့ကောင်းချည့်နဲ့သွားနိုင်ပါတယ်။
ဘယ်သူမှ မတွေးရဲ တွေးမကြည့်ချင်ကြပေမယ့် NLD ပါတီအနေနဲ့ရဲရဲကြီးပြင်ဆင်ထားရမယ့် အရေးပေါ်အခြေအနေတစ်ရပ် ရှိကိုရှိပါတယ်။
ဒေါ်အောင်ဆန်းစုကြည်များမရှိခဲ့ရင် NLD ပါတီအနေနဲ့ နိုင်ငံရေးကို ဘယ်လိုဆက်လုပ်ကြမလဲဆိုတာကိုပါ။
သူ့ပါတီမှာ သူ့လိုတာဝန်ကျေတဲ့သူ များများစားစားမှ ရှိပါ့မလားဆိုတာ ရင်လေးဖွယ်ကိစ္စတစ်ရပ်ဖြစ်ပါတယ်။
ကမ္ဘာကျော်သတင်းစာဆရာ အင်ဒရူးမာရှယ်ကတော့ သူကိုယ်တိုင်လိုက်ပါ သတင်းရယူခဲ့တဲ့ မွန်ပြည်နယ်ခရီးစဉ်ကိုကြည့်ပြီးအခုလိုသုံးသပ်ခဲ့ပါတယ်။
“ဒေါ်အောင်ဆန်းစုကြည် မပါဝင်မယ့် NLD မဲဆွယ်ပွဲမျိုးကို တွေးကြည့်ရမှာတောင်အင်မတန်ခက်တယ်။ လူထုက သူ့အပေါ်တုံ့ပြန်ပုံက တစ်ကယ့်ကိုအံ့မခန်းပဲ။ ဒါပေမယ့် လူထုက သူ့အပေါ်ထားတဲ့ ချစ်ခင်ကြည်ညိုမှုတွေဟာ ဒီကြားဖြတ်ရွေးကောက်ပွဲအတွက်တင်မကပဲ လာမယ့်၂၀၁၅ ရွေးကောက်ပွဲမှာပါ NLD ပါတီကိုထောက်ခံမယ့် မဲတွေ တစ်ကယ်ပဲဖြစ်လာမှာလားဆိုတာတော့ စိတ်ဝင်စားစရာပဲ”
အင်ဒရူးမာရှယ်ဟာ တိုင်း(မ) မဂ္ဂဇင်းမှာ မြန်မာပြည်နိုင်ငံရေးနဲ့ပါတ်သက်တဲ့ ဆောင်းပါးရှည်တွေ အစဉ်တစိုက်ရေးသားခဲ့ဖူးသလို ရိုက်တာသတင်းဋ္ဌာနရဲ့ ထိုင်းနိုင်ငံနဲ့အင်ဒိုချိုင်းနားဒေသဆိုင်ရာ အထူးသတင်းထောက်အနေနဲ့လက်ရှိတာဝန်ထမ်းဆောင်နေသူဖြစ်တယ်။
“NLD ပါတီအတွက်တော့ ရှေ့ဆက်လျှောက်ရမယ့် ခရီးကြမ်းတွေရှိသေးတယ်။ အဲဒီခရီးကြမ်းမှာ အမေစုဆိုတဲ့ ပုဂ္ဂိုလ်စွဲတစ်ခုထက်ပိုတဲ့ အောင်မြင်မှုတွေရှိလာဖို့ လိုအပ်လိမ့်မယ်” လို့သူ့အမြင်ကိုပြောကြားခဲ့ပါတယ်။
“အမေဒေါ်စု” လူထုကိုတစ်ကယ်ချစ်တယ်ဆိုရင်တော့ NLD ပါတီကိုရော နိုင်ငံရေးအသိအမြင်နိုးကြားလာတဲ့လူထုကိုပါ ကိုယ့်ခြေထောက်ပေါ်ကိုယ်မြဲမြဲမြံမြံ ရပ်တည်နိုင်တဲ့အချိန်အထိရောက်အောင် ကျန်ရှိတဲ့သက်တမ်းကို ပါးပါးနပ်နပ်ခြွေခြွေတာတာသုံးပြီး အလုပ်လုပ်မှသာ တစ်ကယ်ချစ်ရာရောက်မှာဖြစ်တယ်ဆိုတာကိုတော့ သတိချပ်သင့်ပါတယ်။
ပြီး။
(ဤ ဆောင်းပါးသည် ရေးသူ့အမြင်သက်သက်သာဖြစ်ပါသည်။ YPI ၏ သဘောထားအမြင်ကို ကိုယ်စားပြုခြင်းမရှိပါ။)https://www.facebook.com/notes/yangon-press-international/

No comments:

Post a Comment