Monday, March 12, 2012

မခို့တရို့ အာဏာရှင် ( အပိုင်း ၁ )


  •                '' အီမဲလ်ဒါ မားကို့စ် '' အကြောင်းကြားဖူးသူတိုင်းဟာ အဲဒီနာမည်ကြားတိုင်း ဈေးကြီးပေ့ဆိုတဲ့ ဖိနပ်အရံသုံးထောင်လောက် ဒိုင်းခနဲ မျက်စိထဲပေါ်လာတတ်တယ်။ အဲဒီနောက်တော့ လှပနူးညံ့တဲ့မျက်နှာ၊ ချိုသာတဲ့စကား၊ ညက်ညောတဲ့အပြုံးနဲ့ အမြဲတမ်းကျော့မော့ခမ်းနားစွားဝတ်ဆင်တတ်တဲ့ အဲဒီဖိနပ်တွေရဲ့အရှင်သခင် အမျိုးသမီးတစ်ယောက်ရဲ့ အသွင်လည်း လိုက်ပါလာပါတယ်။ ဒါတွေနဲ့အတူ ရက်စက်ခြင်း၊ကောက်ကျစ်ခြင်း၊ လှည့်စားတတ်ခြင်း၊ ဘယ်သူသေသေ ကတေမာရင် ပြီးရောဆိုတဲ့ အဲဒီအမျိုးသမီးရဲ့ ဆန့်ကျင်ဘက်က၀ိသေသနတွေကလည်း တစ်ခါတည်း ကပ်ပါလာပါတယ်။ သူ့အကြောင်းကို ကြားရတဲ့ ဆင်ခြင်တုံတရားရှိတဲ့လူတိုင်းဟာ အံသြမှင်သက်မှုနဲ့စက်ဆုပ်ရွံ့ရှာမှုတွေကို တပြိုင်နက်ခံစားရတတ်တယ်။ သူနဲ့ပတ်သက်ပြီးအတုယူစရာ ဘာမှမယ်မယ်ရရမရှိပါဘူး။ ဒါပေမယ့်လောကကြီးကလည်း ဆောင်ရန်တွေနဲ့ချည်း ဖွဲ့စည်းထားတာမဟုတ်တော့ ရှောင်ရန်တွေကိုလည်း သိအောင် တင်ပြပေးလိုက်ပါတယ်။ ပြီးတော့ သူကျင်လည်ခဲ့တဲ့နိုင်ငံရေးအခြေအနေတွေက မြန်မာပြည်မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်တစ်ချို့နဲ့ ဆင်လို့ပါ။

အမည်အပြည့်အစုံ   ............. အီမဲလ်ဒါ အာ မားကို့စ် Imelda R. Marcos
မွေးသက္ကရာဇ်          .............1929 July 2
ရာထူး                   ............ဆယ်ယောက်မြောက် ဖိလစ်ပိုင်သမ္မတ အာဏာရှင် ဖယ်ဒီနန်မားကို့စ် Ferdinand Marcos ၏ ဇနီး ဖြစ်ခဲ့။
                                         လက်ရှိ ဖိလစ်ပိုင် ကွန်ဂရက်စ် Congress တွင် အမတ် ( Congresswoman )
သမ္မတ ဖယ်ဒီနန် မားကို့စ်နဲ့
  •           '' အီမဲလ်ဒါ မားကို့စ် Imelda Marcos '' ဟာ သူ့အဖေမျိုးရိုးဖက်က အနောက်တိုင်းသွေးပါလို့လားတော့မသိဘူး။ ကျန်တဲ့ဖစ်လစ်ပိုင်တွေနဲ့မတူ ဖြူဝင်းလှပပြီး အရပ်က အာရှတိုက်သူတွေရှိလေ့ရှိတဲ့အရပ်ထက်ပိုမြင့်တဲ့ ငါးပေ ရှစ်လက်မလောက်ရှိတယ်လို့ဆိုတယ်။ Imelda Marcos ဆိုတာ စပိန်နာမည်အစစ်ပါ။ဖစ်လစ်ပိုင်ဟာ စပိန်လက်ထဲရောက်လိုက် အမေရိကန်လက်ထဲရောက်လိုက်ဂျပန်လက်ထဲကျလိုက်နဲ့ကိုလိုနီဖြစ်ခဲ့ဖူးတယ်။ဖိလစ်ပိုင်ရဲ့ပထမဆုံးနဲ့ အကြာဆုံးကိုလိုနီနယ်ချဲ့ဟာစပိန်ဖြစ်တယ်။ စပိန်ယဉ်ကျေးမှုလွှမ်းမိုးမှုထဲက အသိသာဆုံးကို ပြပါဆိုရင် ဖိလစ်ပိုင်သူဖိလစ်ပိုင်သားတွေရဲ့ နာမည်တွေပါဘဲ။ စပိန်သွေးပါသူရော မပါသူတွေပါ အများအားဖြင့် စပိန်နာမည်တွေကို ဒီနေ့ထိစွဲစွဲမြဲမြဲ သုံးကြတုန်းပါ ။ အမေရိကတိုက်ကို ရှာဖွေတွေ့ရှိခဲ့တဲ ကိုလံဘတ်စ်ကို မှတ်မိကြမယ်ထင်ပါတယ်။ ကိုလံဘတ်တစ်ယောက်အဲဒီရှာဖွေရေးခရီးကို သွားနိုင်အောင် ငွေကြေးထောက်ပံ့ပေးလိုက်တာ စပိန်တွေပါဘဲ။ အမေရိကတိုက်ကို တွေ့တော့ အာရှကို သွားဖို့ရေကြောင်းလမ်းတိုကို တွေ့သွားတယ်။ ဒါကြောင့် စပိန်ဘုရင်တွေဟာ အာရှဘက်က ဟင်းခတ်အမွှေးအကြိုင်ပိုးထည် စတဲ့သူတို့ဆီမှာမရှိတဲ့အရာတွေကို ၀ယ်ဖို့ရေကြောင်းနဲ့နယ်မြေသစ် ရှာဖွေရေးအဖွဲ့တွေကို အာရှဖက်ကို လွှတ်ခဲ့ပါတယ်။ အဲဒီထဲက တစ်ဖွဲ့ဟာ ၁၅၂၁ မှာ ဟင်းခတ်အမွှေးအကြိုင်နဲ့သယံဇာတ ပေါတဲ့ဖစ်လစ်ပိုင်ကျွန်းစုတွေကို ရောက်လာတယ်။ ဖစ်လစ်ပိုင်ကိုသိမ်းပိုက်ပြီး ၁၅၄၃ မှာ အဲဒီခေတ်က အရမ်းတန်ခိုးကြီးနေတဲ့ စပိန်ဘုရင် ဒုတိယမြောက် ဖစ်လစ် ( Phillips the Second  ) နာမည်ကို ဂုဏ်ပြုပြီး စပိန်လို Las Iglas Fillipinas ( ဖိလစ်ပိုင်ကျွန်းစုများ )လို့နာမည်ပေးလိုက်ရာကို စပြီး ဖိလစ်ပိုင် ဆိုတဲ့နာမည်ရလာတာပါ။ စပိန်တွေရဲ့နယ်ချဲ့ရည်ရွယ်ချက်မှာ ကက်သလစ်ခရစ်ယာန်ဘာသာ ပြန့်ပွားစေဖို့ဆိုတာလည်း ပါတော့ ကက်သလစ်သာသနာပြုတွေလည်း ရောက်လာခဲ့တယ်။ စပိန်အုပ်စိုးတဲ့နှစ်သုံးရာကျော်အတွင်းမှာ ဖိလစ်ပိုင်လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းဟာ ကက်သလစ်ခရစ်ယာန်တွေဖြစ်လာခဲ့တယ်။ '' အီမဲလ်ဒါ ''ရဲ့အဖေဘက်က ဘိုးဘေးဟာ ဖိလစ်ပိုင်မှာ သာသနာလာပြုတဲ့စပိန်ဘုန်းကြီးတစ်ပါးဖြစ်ပြီး တရုတ်သွေးပါတဲ့အမျိုးသမီးတစ်ဦးနဲ့အကြာင်းပါလို့ ဖိလစ်ပိုင်မှာဘဲ အခြေချနေထိုင်ခဲ့တယ်။ သူတို့နှစ်ယောက်ကနေ '' အီမဲလ်ဒါ '' ရဲ့ အဖေအပါအ၀င် သားသမီးသုံးယောက်ထွန်းကားခဲ့တယ်။
ငယ်စဉ်ကနဲ့ သက်လတ်ပိုင်းမှာ

  •                ဇာတ်ရည်လည်အောင် ''အီမဲလ်ဒါ" မိဘတွေအကြောင်းကို နည်းနည်း ပြောလိုပါတယ်။ အီမဲလ်ဒါရဲ့အမေက အသားညိုပြီး အီမဲလ်ဒါလို မျက်နှာလုံးဝိုင်းဝိုင်းလေးရှိပေမယ့် သိပ်အလှကြီးထဲကတော့မဟုတ်ရှာဘူး။ပြီးတော့မိဘမဲ့မို့ကက်သလစ်သီလရှင်တွေအုပ်ချုပ်တဲ့ကွန်ဗင့် Convent ( ခရစ်ယာန်သီလရှင်ကျောင်း ) မှာ ကြီးပြင်းရသူကလေးပါ။ အရေးထဲမှာ သူဟာဘုန်းကြီးတစ်ပါးရဲ့တရားမ၀င်သမီးလို့သတင်းကထွက်လေတော့ သီလရှင်ကျောင်းမှာ ဗိုင်းကောင်းကျောက်ဖိသွန်သင်ခြင်းခံရတဲ့ချွေးမလောင်းကို လာရှာသူတွေကြားမှာ မျက်နှာငယ်ခဲ့ရတယ်။ လိမ္မာပေမယ့် ပိုက်ဆံမဲ့၊ဂုဏ်မဲ့ဆိုတာသိတိုင်း ချွေးမလာရှာသူတွေဟာ တစ်ချိုးတည်းလစ်ပြေးကြတာဘဲ ။နောက်ဆုံးတော့ ကျိုးနွံ့တဲ့ သူ့ကို မိန်းမဆုံးပြီးစ ပူပူနွေးနွေး မုဆိုးဖိုလေးတစ်ယောက်ရဲ့ မိဘတွေက သဘောကျသွားတယ်။ ဒါပေမယ့်မုဆိုးဖိုလွတ်လွတ်ကျွတ်ကျွတ်ကိုတောင် မရရှာပါဘူး။ ကလေးငါးယောက်အဖေပါတဲ့။ ဇာတ်နာပုံက သူနဲ့အဲဒီကလေးငါးယောက်အဖေရဲ့ မင်္ဂလာဆောင်ပွဲကို မနီလာManila မြို့တော်က ဘုရားကျောင်းတစ်ခုမှာ မနက်ခုနစ်နာရီမှာလုပ်ဖို့စီစဉ်ထားပြီးသား။ တကယ်ဆောင်မယ့်နေ့လည်းရောက်ရော သူ့ကို မနက်သုံးနာရီကတည်းလာနှိုးပြီး အစီအစဉ်ပြောင်းသွားပြီ ဆိုပြီး မင်္ဂလာကို လူနည်းနည်းနဲ့ ကသုတ်ကရက်ဆောင်လိုက်ကြတယ်။ နောက်မှသိရတာက သူ့ယောက်ျားလောင်းမုဆိုးဖိုမှာ တိတ်တိတ်ပုန်းရှိနေတဲ့မိန်းမက မင်္ဂလာပွဲကို တနည်းနည်းနဲ့လာနှောက်ယှက်ရင် မိသားစုအရှက်ကွဲမှာစိုးလို့တဲ့။ စကတည်းကယဉ်သကိုဆိုတဲ့ဒီအိမ်ထောင်ရေးဟာနောက်ပိုင်းမှာလည်း ခေါင်းကိုက်စရာတွေတစ်ပုံတစ်ပင်နဲ့ပါ။ သူက ကွန်ဗင့်ကျောင်းထွက်ပီပီ ပိပိရိရိကြိုးကြိုးစားစားအိမ်ထောင်ထိန်းသိမ်းပြီး ကြင်ကြင်နာနာနေပြပေမယ့် သူ့ရဲ့လင်ပါသားသမီးတွေဟာ သူ့ကိုလူလို့မထင်ဘဲ အခိုင်းအစေတစ်ယောက်လိုသဘောထားခဲ့တယ်။ ယောက်ျားကလည်း အေးစက်စက်နဲ့ တုံဏှိဘာဝေလုပ်ရင်လုပ်၊ မလုပ်ရင် တစ်ချိန်လုံး ဆန့်ကျင်ဘက်လုပ်နေတဲ့သားသမီးတွေဖက်က ပါတယ်။ အိမ်ထောင်ရေးမသာယာတာကြာတဲ့နောက် သူစိတ်ဆင်းရဲလို့ကွန်ဗင့်ကျောင်းကိုပြန်ဖို့လုပ်ပါတယ်။ဒါပေမယ့်သီလရှင်ကြီးတွေက ဒါဟာအိမ်ထောင်ရေးမှာ မဖြစ်မနေလုပ်ရမယ့်အနစ်နာခံမှုတွေဘဲ ၊ သူတို့လည်း ဘာမှ မတတ်နိုင်ပါဘူး တဲ့ ။ဒီလိုနဲ့နေသွားလိုက်တာ အီမဲလ်ဒါ အပါအ၀င် ကလေးခြောက်ယောက် ထွက်လာပါတော့တယ်။ သူ့ကလေးခြောက်ယောက်ကိုသူဟာ အတတ်နိုင်ဆုံးပျော်အောင် ထားခဲ့တယ်။စိတ်ဆင်းရဲမှုတွေတစ်ပြုံတစ်ခေါင်းကြားက ပြုစုစောင့်ရှောက်ခဲ့တယ်။ဒါပေမယ့်ကလေးတွေဟာ သိတတ်စ ကတည်းက သူ့အမေရဲ့ဝမ်းနည်းဖွယ်အဖြစ်ကို မြင်ရတော့မခံချင်စိတ်ကနေ ဒီဘ၀ကနည်းမျိုးစုံနဲ့လွတ်အောင်လုပ်မယ့်ဆိုတဲ့ပြင်းပြတဲ့စိတ်ဆန္ဒတွေကိန်းအောင်းနေခဲ့တယ်လို့ဆိုပါတယ်။

သမ္မတကတော် ဖြစ်ပြီးနောက်
  •                    အီမဲလ်ဒါကိုမွေးပြီးနောက်ပိုင်း သူ့အဖေရဲ့ရှေ့နေလုပ်ငန်း ကျဆင်းပြီး သူတို့မိသားစုဟာ အထည်ကြီးပျက်ဘ၀ကို ရောက်နေခဲ့ပါပြီ။ သူ့တို့အိမ်က ပစ္စည်းတွေကို ကိုယ်တိုင် ထုတ်ရောင်းရင် သူ့ယောက်ျားနာမည်ပျက်မှာစိုးလို့ အီမဲဒါ အမေဟာ ကွန်ဗင့်ကျောင်းကတဆင့်ရောင်းခဲ့ရတယ်။ မြို့တော် မနီလာ Manila ရဲ့အထက်တန်းလွှာမှာ အီမဲလ်ဒါ အမေဟာ သူ့ယောက်ျားနာမည်ကို နည်းအမျိုးမျိုးနဲ့ ကာကွယ်ရင်း အိမ်ထောင်ဦးစီးဖြစ်မှန်းမသိဖြစ်ခဲ့ရတယ်။ အိမ်ကြီးထဲက ဖအေတူမအေကွဲ သားသမီး ၁၁ ယောက်ကြားမှာ စိတ်ဆင်းရဲကြီးစွာနဲ့ စားဝတ်နေရေးကို ဖြေရှင်းရင်း အသက် ၃၆ နှစ်မှာ အီမဲလ်ဒါ အမေတစ်ယောက် နမိုးနီးယားရောဂါနဲ့သေရရှာပါတယ်။ သူနဲ့ရင်းနှီးသူတွေကတော့ သူသေရတာ စိတ်ဆင်းရဲလို့ ဆိုတယ်။ သူသေပြီးနောက် သူ့ယောက်ျားရဲ့စည်းစိမ်ဟာ ဘာမှမကျန်သလောက်ဘဲ။ အိမ်ကလည်း အပေါင်ထားတာဆုံးခါနီးလောက်ဆိုတော့ ရောင်းလိုက်ရပြီး အီမဲလ်ဒါတို့အဖေဟာ ကလေးတွေကို ခေါ်ပြီး မနီလာမြို့တော်ကြီးနဲ့ မိုင် ၃၆၀ လောက်ဝေးတဲ့သူ့ဇာတိမြို့ကလေးက သူအမွေရထားတဲ့ အုန်းခြံမှာ သွားနေရတယ်။ မိထွေးသေမှ မိထွေးရဲ့ကောင်းခဲ့ပုံကို သဘောပေါက်တဲ့ အီမဲလ်ဒါ ရဲ့ ဖအေတူမအေကွဲ မောင်နှမတွေဟာ နောင်တရပြီး အီမဲလ်ဒါတို့ မောင်နှမခြောက်ယောက်နဲ့ နည်းနည်းပြန်လည်သင့်မြတ်ခဲ့တယ်။


  •            အီမဲလ်ဒါ ငယ်စဉ်က မနီလာမြို့တော်ကြီးက သမ္မတစံအိမ်ကြီးနားမှာ ကြီးပြင်းခဲ့တယ်။ သမ္မတစံအိမ်ကြီးဘေးက ဖြတ်သွားတိုင်း ငေးငေးကြည့်ရတာ အမောပေါ့ ။အမေဆုံးပြီး အဖေရဲ့ ဇာတိမြို့ကလေးမှာ လိုက်နေရင်း အချိန်တန်တော့ ဘွဲ့ရတယ်။ ဖြူဝင်းလှပ ပြီး သွယ်သွယ်လျလျ အီမဲလ်ဒါ ဟာ သူ့အသက် ၁၈ နှစ်ကစပြီး သူတို့ဆိပ်ကမ်းမြို့ကလေးရဲ့အလှဘုရင်မ၊ နောက်တော့သူ့တို့မြို့နယ်ရဲ့ အလှမယ်၊ နောက်တော့ Miss Phillipines ဖြစ်လာတယ်။ သူ့အစ်ကိုဝမ်းကွဲ နိုင်ငံရေးသမားတစ်ယောက်ဟာ အေမဲလ်ဒါရဲ့ အလှနဲ့လူတွေကို ဆွဲဆောင်နိုင်မှာကို သိတော့သူ့အိမ်လူစည်အောင် အီမဲလ်ဒါကို မနီလာမြို့က သူ့အိမ်မှာ ခေါ်ထားလိုက်ပါတယ်။ အီမဲလ်ဒါဟာ အစက တေးသီချင်းတွေရောင်းတဲ့ဆိုင်မှာလုပ်တယ်။ သူဟာ ရုပ်ချောရုံတင်မက အသံကလည်း တကယ် ကောင်းပါတယ် ။သူသီချင်းပြတာဆိုတာကို အရမ်းကြိုက်ကြတဲ့အတွက် ဆိုင်မှာ ၀ယ်သူတွေနဲ့အမြဲပြည့်နေတတ်တယ် ။ဒါပေမယ့် နောက်တော့ အထည်ကြီးပျက် သူ့အဖေက သိသွားပြီး ဂုဏ်နိမ့်တယ်ဆိုပြီးကန့်ကွက်တာနဲ့ မနီလာမြို့က ဘဏ်တစ်ခုမှာ အလုပ်ပြောင်းလုပ်တယ်။ အဲဒီအချိန်က သီချင်းဆိုသင်တန်းတွေတက်လိုက်တာဟာလည်း နောက်ပိုင်းမှာ အတော်လေး အသုံးတဲ့ခဲ့ပါတယ်။ အဲဒီနောက် မဂဇင်းမျက်နှာဖုံးတွေမှာ ခဏခဏပါလာပြီး မနီလာ Manila မြို့တော်ရဲ့ အလှမယ်ဖြစ်လာပြန်တယ်။ သူ့အစ်ကိုဝမ်းကွဲအိမ်မှာနေရင်းနဲ့ နိုင်ငံရေးသမားတွေနဲ့ ရင်းနှီးပြီး နိုင်ငံရေးနဲ့ အကျွမ်းဝင်ခဲ့တယ်။
သမ္မတ ဖယ်ဒီနန်မားကို့စ်နဲ့အတူ ( သက်လတ်ပိုင်းရွယ် )

  •                 ၁၉၅၃ မှာ ကွန်ဂရက်စ် အမတ် ဥစ္စာပေါရုပ်ချော Ferdinand Marcos နဲ့တွေ့တယ်။ အီမဲလ်ဒါ ရဲ့အပြောကတော့ ဖယ်ဒီနန်ဟာ သူနဲ့တွေ့ပြီး နာရီဝက်အကြာမှာ သူ့ကို လက်ထပ်ခွင့်တောင်းသတဲ့။ ဒီလိုနဲ့ ၁၁ ရက်ကြာပိုးပန်းခြင်းခံရပြီးနောက် မနီလာမြို့က ဘုရားကျောင်းတစ်ခုမှာ အီမဲလ်ဒါတစ်ယောက် ဖယ်ဒီနန်နဲ့လက်ထပ်လိုက်ပါတယ်။ ဟိုးအရင်က အီမဲလ်ဒါရဲ့ အမေ ကသုတ်ကရက်နဲ့ မင်္ဂလာဆောင်ခဲ့ရတဲ့ ဘုရားကျောင်းပါဘဲ။ အီမဲလ်ဒါတစ်ယောက် ပိုက်ဆံမရှိအထည်ကြီးပျက်ဘ၀က လွတ်ပြီ။ ငယ်ငယ်က သူ့အမေရဲ့ စိတ်ဆင်းရဲစရာ အနှိမ်ခံဘ၀ကို မြင်ခဲ့ရလို့ဘဲလား၊ ဒါမှမဟုတ် သူ့အဖေကရှေ့နေလုပ်ပြီး ငွေကောင်းကောင်းမရှာတတ်လို့ ကျပ်ကျပ်တည်းတည်း ကြီးပြင်းလာရသူ ဖြစ်တာကြောင့်ဘဲလား မသိ ။ သူ့ရဲ့ရည်မှန်းချက်ဟာ အတိုင်းအဆမရှိ ပြင်းထန်ခဲ့တယ်။ သူများထက်လောဘကြီးသူ၊ ကိုယ့်ကောင်းဖို့ဆို သူများခေါင်းပေါ်တတ်နင်းဖို့ ၀န်မလေးသူ ဖြစ်လာတယ်။ နိုင်ငံရေးရည်မှန်းချက်ကြီးတဲ့ သူ့ယောက်ျားရဲ့ နိုင်ငံရေးခရီးမှာ ဘေးကနေသူ့ယောက်ျားရဲ့ မျက်စိ၊နား ဖြစ်ခဲ့တယ်။ ဖိလစ်ပိုင်တနံတလျားကို ခရီးသွားပြီး သူယောက်ျားအတွက် မဲဆွယ်ပေးခဲ့တယ်။ သီချင်းဆိုပြတန်ပြ၊ သူများမင်္ဂလာဆောင်တွေကို ကမကထလုပ်ပေးလိုလုပ်ပေး၊ နှစ်ချင်းခံမယ့်သူတွေကို ကူညီလိုကူညီနဲ့နည်းအမျိုးမျိုးနဲ့ပရိသတ်ကြိုက်အောင်လုပ်ခဲ့တယ်။ ဒါပေမယ့်ဒါတွေဟာသူနောက်ပိုင်းအာဏာတည်မြဲအောင်လုပ်မယ့်ကိစ္စတွေနဲ့ယှဉ်ရင်အသေးအမွှားလေးတွေပါ။ ၁၉၆၆ မှာ ဖယ်ဒီနန်မားကိုစ်ဟာ  ဖိလစ်ပိုင်ရဲ့ ၁၀ ယောက်မြောက်သမ္မတဖြစ်လာပြီး ကလေးဘ၀က သမ္မတစံအိမ်ကို ငေးကြည့်ခဲ့ရတဲ့ အီမဲလ်ဒါတစ်ယောက် သမ္မတကတော် အီမဲလ်ဒါမားကိုစ် Imelda Marcos အနေနဲ့ အဲဒီစံအိမ်ကြီးထဲကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပါတော့တယ်။

ဖယ်ဒီနန် မားကိုစ်နဲ့မင်္ဂလာပွဲမှာ/ သမ္မတအိမ်တော်
                 အီမဲလ်ဒါဟာ ဖိလစ်ပိုင်ရဲ့သမိုင်းမှာ အလှဆုံးနဲ့ အသက်အငယ်ဆုံး သမ္မတကတော်ဖြစ်တယ်။ သမ္မတကတော်ဖြစ်ပြီးနောက်သူဟာ အရင်ထက်ပိုပြီးမဂဇင်းမျက်နှာဖုံးတွေမှာပါလာတတ်တယ်။လူသိများလာတယ်။ တခြားနိုင်ငံက ခေါင်းဆောင်တွေကြားထဲမှာ လူရာဝင်လာခဲ့တယ် ။ လေးနှစ်ကြာပြီးနောက် ရွေးကောက်ပွဲထပ်လုပ်တော့ ဖယ်ဒီနန်ဟာ သမ္မတ အဖြစ် ပြန်အရွေးခံခဲ့ရတယ်။ ဒီတစ်ခါတော့ မဲလိမ်ခြင်း မဲခိုးခြင်းအားဖြင့်ပါ။
ရွှေလက်တွဲလျှက်

                ပထမအကြိမ်သမ္မတဖြစ်လာတော့ ဖယ်ဒီနန်ဟာ လမ်းတွေဖောက် တံတားတွေဆောက် အခွန်တွေတိုးကောက် နဲ့ နိုင်ငံဖွံဖြိုးရေးကို လုပ်ပြပြီး သူ့အစိုးရလက်ထက်မှာ ကျောင်းတွေအများဆုံးဖွင့်၊ တံတားတွေအများဆုံးဆောက်နိုင်ခဲ့တယ်ဆိုပြီး ကြွေးကြော်ခဲ့တယ်။ တစ်ဖက်မှာတော့ သူ့ရဲ့ လာဘ်စားမှု ၊ အုပ်ချုပ်ရေးမှာ မမျှတမှု အပုတ်နံ့ဟာ တအဲ့အဲ့နဲ့ ထွက်လာနေပါတယ်။ ဒုတိယအကြိမ် ရွေးကောက်ပွဲမှာ မဲလိမ်မဲခိုးပြီးသမ္မတ ပြန်ဖြစ်လာတော့ အစိုးရတွင်းလာဘ်စားမှုဟာပိုကြီးလာတယ်။ တိုင်းပြည်စီးပွားရေးစောက်ထိုးကျပြီး လူတန်းစားကွာဟာမှုဟာပိုဆိုးလာပါတယ်။ ဆင်းရဲတွင်းပိုနက်လာတဲ့ပြည်သူတွေကြားမှာ ရာဇ၀တ်မှုနှုန်းကလည်း ပိုမြင့်လာတာမဆန်းပါဘူး။ စီးပွားရေးလုပ်ငန်းရှင်တွေ သူဌေးတွေကို မုန်းတဲ့ နည်းမျိုးစုံနဲ့နှောက်ယှက်တတ်တဲ့ကွန်မြူနစ်တွေကလည်း ပါတီဖွဲ့ပြီး တစခန်းထပါတယ်။ တောင်ပိုင်းက စစ်သွေးကြွမွတ်စလင်ခွဲထွက်ရေးသမားတွေကလည်း ထကြွကြတယ်။ ဒီလိုနဲ့ဂယောက်ဂရက်တွေကြားမှာ ဖယ်ဒီနန်ရဲ့ ရှစ်နှစ်ဆိုတဲ့ သမ္မတသက်တမ်း ၂ ခုပြီးဆုံးသွားတယ်။ ငါသမ္မတ ၂ ခါဖြစ်ပြီးပြီဘဲ ဆိုပြီး ဖယ်ဒီနန်တစ်ယောက် အေးအေးဆေးဆေးထွက်သွားတယ်ထင်ပါသလား။ အခြေခံဥပဒေအရ လူတစ်ယောက်ဟာ သမ္မတသက်တမ်း ၂ ခါသာ တာဝန်ယူခွင့်ရှိတော့ သူနောက်တစ်ကြိမ်ရွေးကောက်ပွဲမှာ ထပ်ပြိုင်လို့မရတော့ပါဘူး။ဒီတော့ တိုင်းပြည်အတွင်း မငြိမ်မသက်မှုတွေကို အကြောင်းပြပြီး မာရှယ်လော Martial Law ထုတ်ပြန်လိုက်ပါတော့တယ်။

  •           မာရှယ်လောဆိုတာ တိုင်းပြည်မငြိမ်မသက်ဖြစ်ရင် အစိုးရက ထိန်းလို့မရတော့ရင် စတဲ့အရေးတကြီးကိစ္စတွေမှာ စစ်တပ်သုံးပြီး လူထုကို ငြိမ်အောင် နှိမ်နင်းတာဖြစ်ပါတယ်။ သမ္မတပြန်လုပ်ချင်တဲ့ဖယ်ဒီနန်ဟာ တိုင်းပြည်မငြိမ်တာကို အကြောင်းပြ၊မာရှယ်လောထုတ်ပြီး အခြေအနေကို အပူတပြင်းထိန်းလိုက်ရတဲ့ပုံစံနဲ့ အာဏာသိမ်းလိုက်တယ်။ ဆန့်ကျင်သူမှန်သမျကို ထောင်ထဲထည့်တယ်။ကွန်ဂရက်စ် ( ဥပဒေပြုရာနေရာ ပါလီမန် )ကို ဖျက်သိမ်းပြီး သူ့ကို ဆန့်ကျင်တဲ့ မီဒီယာတွေအားလုံးကို ပိတ်လိုက်တယ်။ ရှိပြီးသား အခြေခံဥပဒေကိုပါ ဖျက်သိမ်းပြီး သူစိတ်ကြိုက်ပြန်ရေးစေပါတယ်။ ထောင်ထဲရောက်လိုရောက် နိုင်ငံခြားထွက်ပြေးလိုထွက်ပြေး အသတ်ခံရတဲ့သူခံရ နဲ့သူ့ကို ဆန့်ကျင်သူတွေ သောင်းနဲ့ချီပြီး ပျောက်သွားပါတယ်။ သူ့ကို ဆန့်ကျင်သူတွေမရှိတော့တဲ့နောက် သူ့စိတ်ကြိုက်ရေးတဲ့ အခြေခံဥပဒေအသစ်နဲ့ ဖယ်ဒီနန်တစ်ယောက် မဟေသီ အီမဲလ်ဒါ ကို လက်တွဲလို့ နောက်ထပ် ၁၄ နှစ် ပျော်ပျော်ကြီးထပ်အုပ်ချုပ်ပါတယ်။ အမေရိကန်ကလည်း ဖယ်ဒီနန်ကို ထောက်ခံပေးပါတယ်။ အကြောင်းကတော့ အမေရိကန်ဟာ ကွန်မြူနစ်စနစ်ပြန်လည်ဦးမော့လာမှာကို မလိုလားဘူး။ ဒီတော့အမေရိကန်ကန်အစိုးရကသာ သူ့ကို ထောက်ခံရင် ဖိလစ်ပိုင်က ကွန်မြူနစ်တွေကို အပြတ်ချေမှုန်းပစ်ပါ့မယ် လို့ ဖယ်ဒီနန်က ကတိပေးပြီး အမေရိကန်ရဲ့ထောက်ခံမှုကို ရခဲ့တယ်။
 မာရှယ်လောကာလ
  •                      အီမဲလ်ဒါ ဟာ မာရှယ်လောကာလ ဖြစ်တဲ့ ၁၉၇၂ က ၁၉၈၁ အတွင်းမှာ ပိုပြီးတန်ခိုးထွားလာခဲ့တယ်။ မနီလာမြို့ တော်ဝန်ရာထူး၊ တရုတ်၊ ဆိုဗီယက် စတဲ့နိုင်ငံတွေရဲ့ ရာသက်ပန်သံအမတ်ရာထူး၊ အထွေထွေဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးစသည်ဖြင့် ရာထူးကြီးတွေကို ယူခဲ့ပြီး လူတွေကြားထဲကို ပိုထွက်ပြလာပါတယ်။ တကယ့်ကို မျက်နှာဖုံးစွပ် အုပ်ချုပ်ရေးတစ်ခုပါဘဲ ။ သူ့တို့ကို ဆန့်ကျင်သူ ထောင်ပေါင်းများစွာကို နည်းအမျိုးမျိုးနဲ့ သုတ်သင်ပါတယ်။ တစ်ဖက်မှာတော့ သူဟာ ပုံပြင်ထဲက သဘောဖြူ အူစင်း မင်းသမီးလေးချောလေး တစ်ပါးလို ပုံကို ဖမ်းခဲ့တယ်။ ပွဲတိုင်းမှာ သူနဲ့ သူယောက်ျားဟာ လိုက်ဖက်ညီတဲ့အားကျစရာ စံပြ စုံတွဲ ပုံစံနဲ့ အမြဲတမ်း ပြည်သူတွေကို ပြုံးရွှင် ကြင်နာပြတတ်တယ်။ ဒါပေမယ့် ပြည်သူတွေရဲ့ အမုန်းကို ဖုံးလို့ဖိလို့မရပါဘူး။ တစ်ခါတော့ အီမဲလ်ဒါဟာ တီဗီကတိုက်ရိုက်လွှင့်နေတဲ့ ပွဲတစ်ခုမှာ စင်ပေါ်တက်လာစဉ်မှာ လူတစ်ယောက်က ၀င်ပူးပြီး ဒါးနဲ့ထိုးလို့ မသေပေမယ့် အီစိမ့်နေအောင် ခံစားလိုက်ရတယ်။ ဒဏ်ရာရသွားတဲ့ လက်နဲ့လက်မောင်းကို ၇၅ ချက်လောက်ချုပ်လိုက်ရတယ်။ လုပ်ကြံတဲ့လူကိုတော့ လုံခြုံရေးရဲတွေက အသေပစ်သတ်လိုက်ပါတယ်။
   သားသမီးများနဲ့ စံပြစုံတွဲ ပုံစံ
  •                     မာရှယ်လောကာလမှာဘဲ ဖယ်ဒီနန်ဟာ တိုင်းပြည်ဘဏ္ဍာငွေကို မတရားအလွဲသုံးစားပိုလုပ်လာပြီး ရှိသမျှအတိုက်အခံကို သတ်ဖို့စစ်တပ်ကို အမိန့်ပေးထားတယ်။ ဒီမာရှယ်လောကာလမှာ ဖယ်ဒီနန်တို့ အလွဲသုံးစားလုပ်လိုက်တဲ့ငွေ ဒေါ်လာ သန်း တစ်သောင်းလောက်ဟာ ဒီနေ့အထိ ဘယ်ဆီရောက်လို့ ဘယ်ဆီပျောက်နေမှန်း အစရှာလို့မရသေးပါ။ အဲဒီငွေအလွဲသုံးစားမှုကြောင့် ဖိလစ်ပိုင်ရဲ့စီးပွားရေးစောက်ထိုးကျပြီး အရှေ့တောင်အာရှစီးပွားရေးနယ်ပယ်မှာ နောက်ကောက်ကျခဲ့ရပါတယ်။ ကျောင်း၊တက္ကသိုလ်၊ဆေးရုံ၊ ဆိုင် စတဲ့နေရာတွေမှာ သမ္မတ ဖယ်ဒီနန်ရဲ့ သမ္မတ၀တ်စုံနဲ့ပုံကို ချိတ်ရင်ချိတ် မချိတ်ရင် အပိတ်ခံရတဲ့အထိ လူတွေ သူ့ကို မကိုးကွယ် ကိုးကွယ်တဲ့ပုံပေါက်အောင် အတင်းလုပ်ခဲ့တယ်။ မီဒီယာတွေကို အပိုင်စီးပြီး သူ့အစိုးရကောင်းကြောင်းတွေကိုသာ လွှင့်ခြင်းအားဖြင့် ၀ါဒဖြန့်ခဲ့တယ်။ ၀ါဒဖြန့် ဆိုင်းဘုတ်ကြီးတွေ နေရာအနှံ့ထောင်ပြီး သူ့အစိုးရ တိုင်းပြည်ကောင်းကြောင်းလုပ်နေတယ် ဆိုတာကို ပြည်သူတွေခေါင်းထဲဝင်အောင် မှိုင်းတိုက်ခဲ့တယ်။ စီးပွားရေးတွေကို အပိုင်စီးပြီး အစိုးရလက်အောက် သို့မဟုတ် ( မြန်မာပြည်မှာဆို ဦးတေဇတို့မက်စ် ဇော်ဇော်တို့လို) ခရိုနီ cronies တွေလက်အောက်မှာ ထားခဲ့တယ်။
 
  •                 ဒီကာလအတွင်းမှာ သူကို ဖြုတ်ချဖို့ကြိုးစားသူတွေပေါ်ခဲ့ပေမယ့် ဘယ်သူမှ မအောင်မြင်ခဲ့ပါဘူး။ အဲဒီထဲက အထင်ရှားဆုံးအတိုက်အခံခေါင်းဆောင်ကတော့ နီနို အကီနို Ninoy Aquino ဆိုတဲ့ ကွန်ဂရက်စ် အမတ်တစ်ယောက်ပါ။ စစ်အာဏာရှင်ဖယ်ဒီနန်ကို အတိုက်အခံလုပ်ဝံ့သူဆိုပြီး နီနို တစ်ယောက် ဆင်းရဲတွင်းနက်လို့မကျေမနပ်ဖြစ်နေတဲ့ လူထုရဲ့အားကိုးရာ ဖြစ်လာတယ်။ ဒါပေမယ့် ကြာကြာမခံပါဘူး။ ဖယ်ဒီနန်ရဲ့ရန်ကြောင့် နောက်ဆုံးတော့''ကျန်းမာရေးကြောင့် အမေရိကားကို ဆေးကုဖို့'' တဲ့ အကြောင်းပြချက်နဲ့ နိုင်ငံရေးခိုလှုံသွားခဲ့ရတယ်။
နီနို အကီနို Ninoy Aquino
  •                  ဒါပေမယ့် နိုင်ငံရေး အခြေအနေပိုဆိုးလာပြီး လူထုကလည်း သူ့ကို မျှော်နေတာကြောင့် ၁၉၈၃ မှာ နီနိုက ဖိလစ်ပိုင်ကို ပြန်လာတော့မယ်လို့ ကြေငြာပါတယ်။ စစ်တပ်အတွင်းက အမြှော်အမြင်ရှိတဲ့ အခြေအနေမှန်ကို နားလည်သူတစ်ချို့ကတော့ မတတ်သာလို့သာ ဖယ်ဒီနန်လက်အောက်မှာနေရတယ်။ မကျေနပ်ကြပါဘူး။ အမျိုးမျိုးဆန့်ကျင်ဖို့ကြိုးစားပေမယ့်လည်း ဖယ်ဒီနန်ကို ဘယ်လိုမှ မလှန်နိုင်ခဲ့ကြဘူး။ နီနိုတစ်ယောက် ဒီလောက်အန္တရာယ်များတဲ့ သားရဲတောထဲကို ပြန်လာမယ်ဆိုတော့ သူ့ကို စစ်တပ်ထဲက ဖယ်ဒီနန်နောက်လိုက်တွေက '' လာရဲလာကြည့် '' ဆိုပြီး ဓါးကြိမ်းကြိမ်းနေပေမယ့် နီနိုကတော့ သေချိန်တန်လို့ဘဲလား မသိ လုံးဝတားလို့မရပါဘူး။ ဖိလစ်ပိုင်အတွက်ဆို သေပျော်ပါတယ် ဆိုပြီး ပြန်ချလာတာ လေယာဉ်ပေါ်က ဆင်းဆင်းချင်းကို လုပ်ကြံခံလိုက်ရလို့ အဲဒီနေရာမှာတင် ပွဲချင်းပြီး သေပါတယ်။နီနိုကို ပစ်တဲ့သေနတ်သမားဟာလည်း အဲဒီနေရာမှာတင် ဘယ်ကပစ်လိုက်တဲ့ ကျည်ဆံမှန်းမသိတဲ့ ကျည်ဆံထိပြီး  ပွဲချင်းပြီးသေသွားပါတယ်။ နီနိုကို သတ်တဲ့ သူဘယ်သူလဲ ဆိုတာနဲ့ နီနိုကို လုပ်ကြံသူကို နှုတ်ပိတ်လိုက်တာ ဘယ်သူလဲ ဆိုတာ ဒီနေ့အထိပေါ်မလာပါဘူး။ နီနို သေတော့ ဖိလစ်ပိုင်တွေဟာ ပို ပြီး ဆောက်တည်ရာမရဖြစ်ပြီး ဖယ်ဒီနန်အစိုးရကို ပိုပြီး အယုံအကြည်မဲ့လာတယ်။ အခြေအနေမငြိမ်သက်တာ ပိုဆိုးလာတယ်။ ဖယ်ဒီနန်တစ်ယောက်အသဲအသန်နေမကောင်းဖြစ်နေပြီဆိုတဲ့ သတင်းကလည်း စစ်တပ်ထဲမှာ သူ့အာဏာလျော့ကျစပြုလာတယ်။
လေယာဉ်ပေါ်၌ Ninoy Aquino ကိုဝမ်းသာအားရနှုတ်ဆက်နေသူတစ်ဦး၊ လေယာဉ်ပေါ်မှဆင်းဆင်းချင်း နီနို လုပ်ကြံခံရပုံ ( အဖြူ )၊နီနို ကို လုပ်ကြံသူ ( အပြာ ) ပါတခါတည်း နှုတ်ပိတ်ခံရပုံ

  •            အီမဲလ်ဒါ ဟာ ဒီအတောအတွင်းမှာ အထူးသံအဖွဲ့ကို ခေါင်းဆောင်ပြီး ကမ္ဘာအရပ်ရပ်ကို ခရီးထွက်ခဲ့တယ်။ ထွက်တဲ့နေရာတိုင်းမှာ ဘုရင်မတစ်ပါးကြွလာသလို လိုတာထက်ပိုတဲ့နောက်လိုက်နောက်ပါတွေ တပြုံတခေါင်းနဲ့ အခမ်းနားဆုံးသွားခဲ့တယ်။ ဒေါ်လာသန်းပေါင်းများစွာကုန်တဲ့ ခရီးစရိတ်တွေကို ကြည့်ပြီး လူတွေက ဝေဖန်ရင် သူသွားလုပ်ပေးလို့သာ တရုတ်နဲ့ လစ်ဗျားနိုင်ငံက ရေနံကို ဈေးပေါပေါနဲ့ ၀ယ်နိုင်တာပေါ့ လို့ အကြောင်းပြတတ်တယ်။ 
  အခြားနိုင်ငံများမှ မင်းမျိုးမင်းနွယ်များနဲ့အီမဲလ်ဒါ ( ညာဖက်နားက အ၀ါရောင်နဲ့)/ မနီလာမြို့မှ အောက်ခြေလူတန်းစား
  •           သူ့ကိုယ်သူ ဖိလစ်ပိုင်မှာ အလှဆုံး၊ အချမ်းသာဆုံး၊ တော်ဝင်အဖြစ်ဆုံးလို့ခံယူထားပြီး နိုင်ငံအရပ်ရပ်က ခေါင်ဆောင်တွေ ကဒါဖီအစ၊ ဆပ်ဒန်ဟူစိန် အဆုံး သူ့နန်တော်မှာ ခေါ်ပြီး ဧည့်ခံတတ်တယ်။ သူ့လို လှလှပပ ခမ်းခမ်းနားနား မ၀တ်တဲ့ သမ္မတ ကတော်တွေကို ကဲ့ရဲ့ရှုံချတတ်တယ်။
၂၀၁၁ အောက်တိုလက အသတ်ခံလိုက်ရတဲ့ လစ်ဗျားအာဏာရှင် ကဒါဖီနဲ့အတူ ငယ်စဉ်က
  •           သူရဲ့ ဖြုန်းတီးမှုများထဲက တစ်ချို့ကို ပြရရင် ၁၉၈၃ မှာ နယူယော့မြို့၊ ရောမမြို့ (အီတလီရဲ့ မြို့တော် ) နဲ့ ကိုပင်ဟေဂင် ( ဒိန်မတ်နိုင်ငံ မြိုတော် )တို့ကိုသွားပြီး ရှော့ပင် တစ်ခါ ထွက်လိုက်တာ ဒေါ်လာငါးသန်းလောက်ကုန်သွားတယ် ( လွန်ခဲ့တဲ့ အနှစ်သုံးဆယ်လောက်က '' ဒေါ်လာငါးသန်း '' တန်ဖိုးကို မှန်းကြည့် )။ သူ့ရဲ့ ပင်လယ်ကမ်းနားက စံအိမ်တော်အတွက် သြစတေးလျက ဖြူပေ့ဆိုတဲ့ သဲကို လေယာဉ်စင်းလုံးလွှတ်ပြီး ယူခိုင်းတယ်။အမေရိကန်နိုင်ငံ အထင်ကရနေရာတွေမှာ ဒေါ်လာသန်းရာနဲ့ချီတဲ့ တိုက်ခန်းတွေဝယ်ခဲ့တယ်။ လန်ဒန်မြို့၊ ရောမမြို့၊နယူးရော့မြို့တွေမှာလည်း အိမ်တွေဝယ်ခဲ့တယ်။ဟိုးအရင်ခေတ်က အီတလီပန်းချီဆရာတွေ ဆွဲတဲ့ အရမ်းတန်ဖိုးကြီးတဲ့ ရှားပါးပန်းချီကားတွေကို ၀ယ်စုဆောင်းခဲ့တယ်။ လှပေ့ဆန်းပေ့ဈေးကြီးပေ့ဆိုတဲ့ လက်ဝတ်ရတနာတွေကို နေရာအနှံမှာ ၀ယ်ခဲ့ပါတယ်။ ဖိလစ်ပိုင်ထုတ်ဖိနပ်တွေကို ကမ္ဘာမှာ လူသိများအောင်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖိနပ်အရံပေါင်း သုံးထောင်လောက် တပြိုင်နက်ထဲမှာ စီးခဲ့တယ်။ တကယ်တော့ သူ့ဖိနပ်အများစုကို အီတလီနဲ့ ပြင်သစ်မှာ အထူးမှာယူ ချုပ်လုပ်တာ ဖြစ်တယ်။ ၀မ်းနည်းစရာကောင်းတာကတော့ ဖိလစ်ပိုင်သာမန်ပြည်သူတစ်ယောက်ရဲ့ တစ်နှစ်လုပ်စာဟာ သူစီးတဲ့ ဖိနပ်တစ်ရံစာလောက်ပဲ ရှိတာပါ။ သူ့ဖြုန်တီးမှုတွေကို ဝေဖန်သူများကိုတော့ သူက ဖိလစ်ပိုင်နိုင်ငံတော်ကြီးရဲ့ ပြယုဂ်တစ်ခု၊ အလင်းရောင်တစ်ခုအနေနဲ့ စံပြအဖြစ်နေဖို့ သူ့ရဲ့ တာဝန်ဖြစ်တယ် လို့ ပစ်ရက်စရာမရှိအောင် ပြောတတ်တယ်။
ဖိလစ်ပိုင်တွင် ကျင်းပသော Miss Universe ရွေးပွဲမှ အီမဲလ်ဒါ ( ယာ )

  •          သူ့ယောက်ျားစစ်အာဏာရှင် ဖယ်ဒီနန်နဲ့သူကိုယ်တိုင်ဂုဏ်တက်ဖို့အတွက် အကုန်အကျများတဲ့ အခန်းအနားတွေကို တစ်သီကြီးလုပ်ခဲ့တယ်။ ဥပမာပြောရရင် ၁၉၇၄ မှာ အာရှမှာ ပထမဆုံးနိုင်ငံအဖြစ် ကမ္ဘာ့အလှမယ် Miss Universe ရွေးပွဲကို ဖိလစ်ပိုင်မှာ အိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပခဲ့တယ်။အဲဒီအတွက် ထိုင်ခုံ တစ်သောင်းဆန့်တဲ့ ဇာတ်ရုံ ကြီး Folk Arts Theatre ကို သုံးလအတွင်း အပြီးဆောက်ခိုင်းခဲ့တယ်။ ဖစ်လစ်ပိုင်နိုင်ငံရဲ့ သမိုင်းကို ဖော်ဆောင်တဲ့ ပွဲတော်ကြီးတွေကို ကျင်းပတယ်။ တို့နိုင်ငံမှာ အရင်က ဦးခင်ညွှန့် လှေသဘင်ပွဲတော်တို့၊ မြင်းခင်းပွဲတော်တို့ ဆိုကရေးတီးပွဲတို့လုပ်ခဲ့သလိုပေါ့။ တကယ်တော့ ဒီပွဲတွေလုပ်တာဟာ အင်မတန်အကုန်အကျများပြီး စီးပွားရေးချွတ်ခြုံကျနေတဲ့နိုင်ငံရဲ့ဘဏ္ဍာသုံးပြီး လုပ်တာဖြစ်တယ်။ မျိုးချစ်စိတ်ဓါတ်ရှင်သန်အောင်လို့အကြောင်းပြပေမယ့် တိုင်းပြည်စီးပွားရေးကျ လူထုဆင်းရဲချိန်မှာလုပ်တာဟာ ၀ါဒဖြန့်တာကလွဲလို့ဘာရည်ရွယ်ချက်မှ မရှိပါဘူး။ အီမဲလ်ဒါဟာ ပြည်သူတွေငတ်နေတာနဲ့ ငတ်ပြတ်ရခြင်းရဲ့ အကြောင်းကို နည်းနည်းမှ မဟဘဲ၊ စိုက်ပျိုးရေးကဏ္ဍမှာ လိုနေတဲ့ ပြုပြင်မှု reforms တွေကို မလုပ်ဘဲ အဲဒီအချိန်က ခေတ်စားတဲ့ Green Revolution ဆိုတာကြီးကို ထလုပ်တယ်။ တကယ်တော့ Green Revolution ဆိုတာ ပိုးသတ်ဆေးတွေ ဓါတုဗေဒမြေသြဇာတွေနင်းကန်ကျွေးပြီး စိုက်ပျိုးခြင်းကို ပြောတာဖြစ်ပြီး ဆင်ဆင်ခြင်ခြင်မလုပ်ရင် ဆိုးကျိုးတွေ ဖြစ်တတ်တယ်။ အီမဲလ်ဒါဟာ အဲဒီစီမံကိန်းအတွက် Rockerfeller Foundation ၊ Ford Foundation စတဲ့နိုင်ငံခြားအဖွဲ့အစည်းတွေက ပံ့ပိုးငွေတွေရတော့ လုပ်တော့တာပါဘဲ ။ သူကိုယ်တိုင် အခမ်းအနားတွေမှာ ဟိုအပင်စိုက်ပြလိုက် ဒီအပင်ရေလောင်းပြလိုက်နဲ့ စွမ်းဆောင်ပြလိုက်တာ လယ်သမားတွေဆင်းရဲတွင်းကမတက်တဲ့အပြင် ဓါတုဗေဒဆေးတွေကြောင့် လယ်နဲ့ဆက်နေတဲ့ မြစ်ချောင်းအင်းအိုင်ကငါးတွေအပြုံလိုက်သေပြီး စိုက်ခင်းတွေပျက်စီးခဲ့ရတယ်။ ကြားထဲက ဓါတ်မြေသြဇာရောင်းတဲ့ ကုမ္ပဏီကြီးတွေ ချမ်းသာကုန်ပြီး လယ်သမားတွေအခြေအနေကတော့ပိုဆိုးလာပါတယ် ။တကယ်တော့ ဒီစီမံကိန်းဟာ ကောက်ရိုးမီးလို ကြာရှည်မခံတဲ့သူ့ရဲ စီမံကိန်းတွေအမျိုးမျိုးက တစ်ခုဘဲရှိသေးတယ်။အမြတ်အစွန်းများတဲ့သစ်ထုတ်လုပ်ရေးကို ပြန်လည်စိုက်ပျိုးထိန်းသိမ်းရေးလုပ်ခြင်းအလျှင်းမရှိဘဲ အတိုင်းအဆမရှိလုပ်ပစ်လိုက်တာ ၁၉၈၀ မှာ ဖိလစ်ပိုင်ရဲ့ သစ်တောတွေပြုန်းတီးကုန်လို့ သစ်ထုတ်လုပ်ရေးလုပ်ငန်းတစ်ခုလုံးကို ရပ်လိုက်ရတဲ့အထိဖြစ်ခဲ့တယ်။
 ရောမမြို့တွင်ဖိလစ်ပိုင်၏ အခြေခံလူတန်းစားများ
  •                ၁၉၇၂ က ဖယ်ဒီနန်ထုတ်ခဲ့တဲ့မာရှယ်လောဟာ ၁၉၈၁ မှာမှ ပြန်ရုပ်သိမ်းတယ်။  ၉ နှစ် မာရှယ်လောအောက်မှာ နေခဲ့ရတဲ့ ပြည်သူများရဲ့ ဘ၀ကို စဉ်းစားကြည့်ပါ။ ဆန့်ကျင်သူတွေများစွာ သေခဲ့တယ်။ များစွာ နိုင်ငံခြားကို ထွက်ပြေးရတယ်။ များစွာ ထောင်ကျခဲ့တယ်။ အီမဲလ်ဒါကတော့ ဖိနပ်သုံးထောင်လောက်ကို မရိုးအောင်စီး ပိုးဖဲကတီပါနဲ့မင်းသမီးတစ်ပါးလို ၀တ်ပြီး အထက်တန်းလွှာရဲ့ မှ အထက်တန်းလွှာမှာ ဟန်ပြလိုကောင်းဆဲ။
 
  •           ဖယ်ဒီနန်တစ်ယောက် အသည်းအသန်နေမကောင်းတဲ့အချိန်မှာ သူဟာဖယ်ဒီနန်နေရာမှာ နည်းမျိုးစုံနဲ့ အစားထိုးအုပ်ချုပ်ခဲ့တယ်။ ဖယ်ဒီနန်သေရင် အီမဲလ်ဒါ ဟာ သူ့လူယုံ စစ်ဗိုလ်ချုပ်ကြီးတွေအကူအညီနဲ့ အာဏာသိမ်းမယ်လို့ ပြည်သူတွေကြားမှာ သတင်းထွက်ခဲ့တယ်။ မာရှယ်လောကို ရုပ်သိမ်းပြီး နှစ်နှစ် အကြာမှာ အမေရိကန်ရောက်နေတဲ့ အတိုက်အခံခေါင်းဆောင် နီနို ပြန်လာပြီး လေဆိပ်မှာ လုပ်ကြံခံရတော့ ပြည်သူတွေက အီမဲလ်ဒါနဲ့ ဖယ်ဒီနန်လက်ချက်လို့ တစ်ထစ်ချယုံကြည်ကြတယ်။ အီမဲလ်ဒါကတော့ သူ '' ဘာမှမသိပါဘူး၊ ဘာအကြောင်းကြောင့်နီနိုကို မုန်းရမှာလဲ '' ဆိုပြီးဆိုပြီး တွင်တွင်ငြင်းပါတယ်။ နောက်တော့ ဖယ်ဒီနန်က ပြည်သူတွေအရမ်းဒေါသထွက်နေတာကို ငြိမ်အောင် နီနိုကို လုပ်ကြံသူကို ဖော်ထုတ်ဖို့ ကော်မရှင်ဖွဲ့ပြီး သူ့မိန်းမအီမဲလ်ဒါကိုတောင် ခေါ်စစ်ပြလိုက်ပါသေးတယ်။ အားလုံးဇာတ်တိုက်ပြီသားဆိုတာ လူတိုင်းသိတယ်။

    မနီလာမြို့တော်က နီနို လုပ်ကြံခံရတဲ့လေဆိပ်ကို နီနိုကို ဂုဏ်ပြုတဲ့ အနေနဲ့ Ninoy Aquino Airport လို့ယခုခေါ်တွင်ပါတယ်။

                 နီနို အကီနို Ninoy Aquino သေတော့သူ့မိန်းမဖြစ်သူု Corazon Aquino ဟာ အမေရိကန်ကနေပြီး နီနိုရဲ့ အသုဘကို စီစဉ်ဖို့ပြန်လာခဲ့တယ်။ နီနိုရဲ့ နောက်ဆုံးခရီးကို ဒေါသဖြစ်နေတဲ့ ဆောက်တည်ရာမရတဲ့ဆင်းရဲတွင်းနက်နေတဲ့ ဖိလစ်ပိုင်လူ ၂ သန်းလောက်လိုက်ပို့ပြီး သူတို့ရဲ့ မှီခိုအားထားရာ နောက်ဆုံးအလင်းရောင်ဟာ Corazon Aquino ဖြစ်လာပါတော့တယ်။
Ninoy Aquino ၏ အလောင်းကို ကြည့်နေသာ Corazon Aquino နဲ့ အသုဘလိုက်ပို့သော လူ ၂ သန်းလောက်

  •               အမေရိကန်က အစက ဖယ်ဒီနန်ကို ထောက်ခံပေမယ့် ဒီလိုအဖြစ်ဆိုးတွေကြားမှာ ဆူပွက်နေတဲ့ ဖိလစ်ပိုင်ကို မြင်တော့ ကြားဖြတ်ရွေးကောက်ပွဲလုပ်ဖို့ ဖယ်ဒီနန်ကို တိုက်တွန်းတယ်။ ဒါနဲ့ဖယ်ဒီနန်ဟာ နောက်တစ်ကြိမ်အကြီးအကျယ်မဲခိုးဦးမယ့် ကြားဖြတ်ရွေးကောက်ကို လုပ်ဖို့သဘောတူလိုက်ပါတယ်။ဖယ်ဒီနန်တစ်ယောက် မဲခိုးလိုက်တာ ဘယ်လောက်တောင်သိသာလဲဆို မဲရေတွက်ပေးရလို့ရလာဘ်အမှန်ကို သိတဲ့ရွေးကောက်ပွဲကော်မရှင်ကကွန်ပြူတာပညာရှင် ၂၉ ယောက်ဟာ မကျေနပ်လို့ သူ့သဘောနဲ့သူထွက်သွားတဲ့အထိပါဘဲ။ ရွေးကောက်ပွဲကအတိုက်အခံအယောက် ၅၀ လောက်လည်း ထွက်သွားကြပါတယ်။ ဒီတစ်ခါလည်း ဖယ်ဒီနန်နိုင်ပြန်ပြီ။ သို့သော် တကယ်နိုင်တာ Corazon Acquino မှန်း ကလေးမေးတောင် သိပါတယ်။
Corazon Aquino( လုပ်ကြံခံလိုက်ရသော အတိုက်အခံခေါင်းဆောင် Ninoy Aquino မိန်းမ)

  •                 ဆူပွက်နေတဲ့ မီးတောင်ဟာ အချိန်တန်ရင် ပေါက်ကွဲတတ်တာသဘာဝဘဲလေ။ ဒီလိုနဲ့ မြန်မာနိုင်ငံမှာ ၁၉၈၈ အရေးအခင်း မဖြစ်ခင် ၂ နှစ်အလို ၁၉၈၆ မှာ ဖိလစ်ပိုင်မှာလည်း လူသန်းနဲ့ချီပါဝင်ခဲ့တဲ့ပြည်သူ့စွမ်းအင် အရေးအခင်းကြီး People Power Revolution ဖြစ်ပြီး နှစ်ပေါင်းများစွာအုပ်ချုပ်လာတဲ့အာဏာရှင်ဖယ်ဒီနန်မားကိုစ်နဲ့ အီမဲလ်ဒါမားကို့စ်ကို ဖြုတ်ချနိုင်လိုက်တယ်။ ဖယ်ဒီနန်နဲ့ အီမဲလ်ဒါတို့လင်မယားဟာ သူတို့ကလေး သုံးယောက်နဲ့အတူ လူရင်းတွေနဲ့ ညတွင်းချင်း အမေရိကန်က ဟာဝိုင်အီကျွန်းကို ထွက်ပြေးရပါတယ်။ အဲဒီနောက် Corazon Aquino  သမ္မတဖြစ်လာတယ်။ ( ယခုလက်ရှိအုပ်ချုပ်နေတာကလည်း သူ့ရဲ့သား Benigno Aquino ဖြစ်ပါတယ်။ )
 
  •                  မယ်မယ်ရရ အထုတ်ပြင်ချိန်မရဘဲ ညတွင်းချင်းထွက်ပြေးရလို့အီမဲလ်ဒါတစ်ယောက် သူ့ပစ္စည်းတွေကို တတ်နိုင်သလောက်ယူသွားခဲ့ပေမယ့် ကျန်တာတွေလည်းကျန်ခဲ့ပါတယ်။ သူကျန်ခဲ့တဲ့ပစ္စည်းတွေကို စာရင်းပြုလိုက်တော့ တိရစ္ဆာန်သားမွေးနဲ့လုပ်ထားတဲ့ အဖိုးတန်ကုတ်အင်္ကျီ ၁၅ ထည်၊ တစ်ဆက်တည်းအင်္ကျီအရှည် ၅၀၈ ထည်၊ လက်ကိုင်အိတ် အလုံး ၁၀၀၀ လောက်၊ ဖိနပ်အရံ တစ်ထောင်ကျော် နဲ့အဖိုးတန်အ၀တ်အစားအသုံးအဆောင်တွေ ကျန်ခဲ့တယ်။ လက်ဝတ်ရတနာ ရာကျော်ကို လည်း တွေ့ပါတယ်။
အီမဲလ်ဒါ ကျန်ခဲ့သော ရတနာများကို ဖိလစ်ပိုင်အစိုးရက သိမ်းပြီး ကမ္ဘာကျော် အနုပညာပစ္စည်းများလေလံတင်ရောင်းဝယ်ရေးကုမ္ပဏီ Christie's မှ တန်ဖိုးဖြတ်သူ appraiser များမှ စစ်ဆေးတန်ဖိုးဖြတ်ပေးစဉ်
       ( မားကို့စ်တို့မိသားစုဘာဖြစ်သွားတယ်ဆိုတာ  စိတ်ဝင်စားသူများအတွက် ဒုတိယပိုင်းကိုလည်းတင်ထားပါတယ်။ Public လုပ်ထားတဲ့အတွက် လူတိုင်းဖတ်လို့ရပါတယ်။ )

ပုဒ်ရဟန်းမင်းကြီး John Paul နှင့်

No comments:

Post a Comment