Sunday, March 18, 2012

ဘဲအုပ်တစ်ရာနဲ့ ယူလီယာ - အပိုင်း ( ၁ )

ဘဲအုပ်တစ်ရာနဲ့ ယူလီယာ - အပိုင်း ( ၁ )

by Spring Flowers on Sunday, March 18, 2012 at 9:07pm ·
  •                  ယောက်ျားသားတွေများတဲ့ နိုင်ငံရေးလောကမှာ အမြဲတမ်းစတိုင်မိတဲ့ဒီအမျိုးသမီးကို  တစ်စွန်းတစ်စတော့ မြင်ဖူးကောင်းမြင်ဖူးကြမှာပါ။ ကျက်ဆံမြီးအရှည်ကြီးကို ခေါင်းပေါ်မှာ ပတ်ထားပုံကလည်း မှတ်မိချင်စရာ သူ့ရဲ့ trademark တစ်ခု။ သူမဟာ တို့မြန်မာလူမျိုးတွေမျက်စိမှာ ဟီလာရီကလင်တန်တို့၊ မီရှဲလ် အိုဘားမားတို့လောက်တော့ ရင်းနှီးမှုမရှိပါဘူး။ မြန်မာနိုင်ငံနဲ့ သူမရဲ့ နိုင်ငံကြားမှာလည်း ဒေါ်လာသန်းရာနဲ့ချီတဲ့ လက်နက်အရောင်းအ၀ယ်လုပ်ဖူးတယ်လို့ ဖတ်ဖူးတာကလွဲလို့ တခြားဘာဘာညာညာ ဆက်သွယ်ရေးတွေ ရှိတယ်လို့ခုထိတော့ မကြားမိသေးပါဘူး (ကိုယ်မသိတာလည်း ဖြစ်ရင်ဖြစ်မယ် )။ ဒါပေမယ့် ကိုယ်တို့နဲ့ ရင်းနှီးမှုမရှိသည့်တိုင်  ကမ္ဘာ့ နိုင်ငံရေးဇာတ်ခုံမှာ သူမကို မသိသူမရှိပါ ။ အထင်ကရနဲ့ ပြတ်သားမာကြောတဲ့အင်ဒီရာဂန္ဒီ၊ မာဂရက်သက်ချာတို့လိုအမျိုးသမီးခေါင်းဆောင်တွေကို တင်စားရာမှာ သုံးတဲ့ Iron Lady လို့သူမကိုလည်း တင်စားကြတယ်။ ဇနီးသည်တစ်ယောက်၊ အမေတစ်ယောက်ဖြစ်ပေမယ့် အိမ်ထောင်ရေးထက် သူမဘ၀တစ်ခုလုံးကို  အန္တရာယ်များလှတဲ့ နိုင်ငံရေးထဲမှာ နှစ်ထားခဲ့သူပါ။ သူတော်စင်တစ်ယောက်လို ဖြူစင်နေခဲ့သူမဟုတ်သည့်တိုင်၊ နာမည်ကောင်းနဲ့ချည်း ကျော်ကြားသူမဟုတ်သည့်တိုင် သူမရဲ့ ရဲရင့်ပြတ်သားပုံကို သဘောကျမိတဲ့အတွက် ၊နောက်ပြီး မိမိတို့ နိုင်ငံနဲ့ သိပ်မရင်းနှီးတဲ့ နိုင်ငံတစ်ခုအကြောင်းကိုလည်း နည်းနည်းဖြစ်ဖြစ် ပိုသိသွားရအောင် တင်ပြပေးလိုက်ပါတယ်။
သူမနာမည်က ယူလီယာ ။ နာမည် အပြည့်အစုံကတော့ ယူလီယာ တီမိုရှန်ကို ။
သူမဟာ ၂၀၁၀ မတ်လထိ ယူကရိန်းနိုင်ငံရဲ့ ၀န်ကြီချုပ်။
 အခုလက်ရှိကတော့ ယူကရိန်းနိုင်ငံရဲ့ အကျဉ်းထောင်တစ်ခုထဲမှာ ( ၇ )နှစ်ထောင်ကျခံနေရသူ။
Iron Lady ဟု တင်စားခေါ်ကြသော အင်္ဂလန်ဝန်ကြီးချုပ်ဟောင်းမာဂရက် သက်ချာ Margaret Thatcher နဲ့ 
  •               ဆိုခဲ့တဲ့ အတိုင်း ယူလီယာ ဟာ ဖြူစင်ရိုးသား ဖွားသခွားလေး မဟုတ်ခဲ့တာတော့ အမှန်ပါ၊ သူဟာ ယူကရိန်း ဆိုတဲ့ ရုရှားနဲ့ ကပ်နေတဲ့ ဥရောပနိုင်ငံတစ်ခုက ခေတ်ပျက်မှာ သူဌေးဖြစ်သွားတဲ့အချမ်းသာဆုံးလူတွေထဲမှာ ပါခဲ့တယ်။ ယူကရိန်းဆိုတာ ၁၉၉၁ မှာမှ ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲရာက ခွဲထွက်လာတဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံပါ။ တကယ်က ယူကရိန်းဟာ ကမ္ဘာ့သမိုင်းမှာ ၉ ရာစုလောက်ကတည်းက နိုင်ငံတစ်နိုင်ငံအဖြစ်သပ်သပ်ရှိခဲ့တယ်။ ဒါပေမယ့် ဟိုးအရင်ခေတ်က နိုင်ငံတွေရဲ့ ထုံးစံအတိုင်း ဟိုကလာတိုက်လိုက် ဒီကလာကျူးကျော်လိုက်နဲ့ ရာစုနှစ်အမျိုးမျိုးမှာ အပိုင်းပိုင်းကွဲပြီး ၁၉ ရာစုမှာ ရုရှားအင်ပိုင်ယာထဲကို သွတ်သွင်းခြင်း ခံရတယ်။ နောက်တော့ ရုရှားအင်ပါယာကနေ '' ပြည်နယ် ၁၅ ခုနဲ့ ဖွဲ့စည်းထားတဲ့ဆိုဗီယက်ပြည်ထောင်စုကြီး '' ဖြစ်လာတော့ ယူကရိန်းဟာလည်း ပြည်နယ်တစ်ခု ဖြစ်လာခဲ့တယ်။ တနည်းပြောရရင် မြန်မာပြည်မှာ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်စသည်ဖြင့် ရှိသလို ၁၉၉၁ မတိုင်မီမှာ ယူကရိန်းဆိုတာ ဆိုဗီယက်ပြည်ထောင်စုထဲက ပြည်နယ်တစ်ခုပါ။ မော်စကို မြို့တော် ခရင်မလင်နန်းတော်ကြီးကလာတဲ့ အမိန့်ကို နာခံရတယ်။ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး အားလုံးဟာ ရုရှားတွေလက်အောက်မှာရှိခဲ့တယ်။ ယူကရိန်းစကားသပ်သပ်ရှိပေမယ့် ရုရှားစကားကို ကျောင်းသုံးရုံးသုံးအဖြစ်သုံးခဲ့ရလို့ လူတော်တော်များများဟာ ရုရှားဘာသာကို ပိုသုံးကြတယ်။ လွတ်လပ်ရေးရတော့ ယူကရိန်းစကားကို ပြန်လည်ရှင်သန်အောင်လုပ်ဖို့ အတွက် နိုင်ငံတော်စကားအဖြစ်သတ်မှတ်ခဲ့တယ်။ ဒါပေမယ့် အခုထိ ရုရှားကို တွင်တွင်ကျယ်ကျယ်သုံးနေကြဆဲ။ ရုရှားနဲ့ ပိုနီးတဲ့ဘက်ကလူတွေဆို ယူကရိန်းသားစစ်စစ်တွေပေမယ့် ယူကရိန်းစကားမတတ်တဲ့ သူတွေတောင် ရှိတယ်။
ကမ္ဘာ့အကြီးဆုံး ရုရှားနိုင်ငံဘေးက ယူကရိန်း ( ဘယ်ဘက်နားက ပြာပြာကလေးပါ )  
ရုရှားမြို့တော် မော်စကို Moscow နဲ့ ယူကရိန်းရဲ့ မြိုတော် ကိဗ် Kiev

  •                     ဆိုဗီယက်ပြည်ထောင်စုမှာ အရင်က ကွန်မြူနစ်ဝါဒကျင့်သုံးတော့ စီးပွားရေးလုပ်ငန်းတွေဟာ အစိုးရပိုင်ဖြစ်ခဲ့တယ်။ အပြိုင်အဆိုင်စီးပွားရေးဖြစ်တဲ့ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးမရှိဘူး။ ၁၉၉၁ မှာ ဆိုဗီယက်ပြိုကွဲပြီး ပြည်နယ်တွေက လွတ်လပ်တဲ့ နိုင်ငံတွေဖြစ်လာတော့ မှ အားလုံးဈေးကွက်စီးပွားရေးစနစ်ကို စကျင့်သုံးခဲ့ကြတယ်။ အဲဒီမှာတင် လူတန်းစားတစ်ရပ်ကြီးစိုးလာပါတော့တယ်။ အိုလီဂါ့ခ် Oligarch ဆိုတဲ့ အခွင့်ထူးခံလူတန်းစားတစ်ရပ်ပါ။ အိုလီဂါခီ Oligarchy  ဆိုတဲ့ ဂရိစကားက ဆင်းသက်လာပြီး oligos ဆိုတဲ့ စကားနဲ့ archo ဆိုတာကို ပေါင်းထားတာပါ။ oligos က အနည်းငယ် a few လို့ အဓိပ္ပါယ်ရပြီး  archo ဆိုတာကတော့ အုပ်ချုပ်အမိန့်ပေးတယ် to rule ,to command လို့ အဓိပ္ပါယ်ရပါတယ်။ ဒီတော့ oligarchy ဆိုတာ လူနည်းစု အုပ်ချုပ်ရေးလို့ အဓိပ္ပါယ်ရပါတယ်။ အဲဒီ oligarchy  ကို ကျင့်သုံးသူများကို အုပ်ချုပ်သူ လူနည်းစု အိုလီဂါ့ခ် Oligarch လို့ခေါ်တယ်။ အခုနောက်ပိုင်း မြန်မာပြည်မီဒီယာတွေမှာ ခေတ်စားလာတဲ့ tycoon တို့ crony တို့ ပုံစံပါဘဲ ။ ပိုက်ဆံရှိအာဏာရှိ လက်တစ်ဆုပ်စာလူတန်းစားပါ။ နိုင်ငံတော်တော်များများမှာ Oligarch တွေကြီးစိုးတဲ့ ပြသာနာရှိခဲ့ပါတယ်။ ရုရှားတို့ယူကရိန်းတို့လို တိုင်းပြည်တွေမှာ ပိုဆိုးတယ်။
ရုရှားသမ္မတရဲ့ ခရင်မလင် Kremlinနန်းတော် တစ်စိတ်တစ်ပိုင်း
ခရင်မလင် နန်းတော်ကြီးကို အဝေးမှတွေ့ရပုံ
  •            အဲဒီ oligarch တွေအကြောင်းကို စတိလောက်ပြောပါရစေ။ လွတ်လပ်ရေးရလို့ ဈေးကွက်စည်းပွားရေးကို ပြောင်းတဲ့အခါ အရင်က အစိုးရပိုင် လုပ်ငန်းတွေကို ပုဂလိကတွေကို လွှဲပေးခဲ့တယ်။  ပြည်သူကို ညီတူညီမျှ ခွဲဝေပေးတယ်လို့ အသံကောင်း ဟစ်ပေမယ့် တကယ်ကျတော့ အာဏာပိုင်သူက ကိုယ့်မိသားစု၊ ဆွေမျိုး၊ မကင်းရာမကင်းကြောင်းတွေကိုချည်း ပေးခဲ့ကြတယ်။ အဲဒီလိုနဲ့လုပ်ငန်းတွေကို လုပ်ပိုင်ခွင့်ရသူတွေဟာ  ဈေးကွက်စီးပွားရေးစနစ်ကြောင့် နေ့ချင်းညချင်း ချမ်းသာလာကြတယ်။ တစ်ချို့ဆို အစက တစ်ပြားမှ ကုန်းကောက်စရာမရှိရာက ချက်ချင်းဆိုသလို ပိုက်ဆံကို ထားစရာမရှိလောက်တော့တဲ့အထိ နိုင်ငံရဲ့ အချမ်းသာဆုံးစာရင်းမှာ ပါကုန်တယ်။ နိုင်ငံရေးထဲ ၀င်လာကြပြီး အာဏာတွေ ရလာတယ်။ တဖက်ကချမ်းသာလာသလောက် တဖက်ကလည်း အခွန်တွေကို ရှောင်ကြတဲ့အတွက် တိုင်းပြည်ဘဏ္ဍာထဲကိုတော့ ပိုက်ဆံက ရောက်မလာပါဘူး။ ဒီလိုနဲ့ ရုရှားမှာရော ယူကရိန်းမှာပါ Russian oligarch တွေနဲ့ Ukranian oligarch တွေဆိုပြီး လက်တစ်ဆုပ်စာ အခွင့်ထူးခံ အာဏာရလူတန်းစားတစ်ရပ်က နိုင်ငံရေးကို စိုးမိုးချုပ်ကိုင်လာပါတော့တယ်။ တိုင်းပြည်ကတော့ ဆင်းရင်မြဲဆင်းရဲလျက်။ ယူကရိန်းမှာရော ရုရှားမှာပါ တက်တဲ့ အစိုးရတစ်ချို့က အဲဒီလူတန်းစား အခွန်ပေးဖို့၊ တန်ခိုးအာဏာလျော့ကျဖို့၊ နိုင်ငံရေးမှာဝင်မပါဖို့ လုံးပမ်းတတ်ကြတယ်။ ဒါပေမယ့် အစိုးရအတွင်းမှာကို အိုလီဂါ့ခ်တွေရှိနေတာမို့ ဒီနေ့ထိ အတွင်းလှိုက်စားနေတဲ့ ပြသာနာဖြစ်တယ်။

                     ဒါနဲ့စကားမစပ် ဘောလုံးဝါသနာအိုးတွေ ချယ်လ်ဆီး Chelsea အသင်းရဲ့ လက်ရှိပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ခ်ျ Roman Abramovich ကို သိကြမှာပါနော်။ အဲဒါ ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် ရုရှား အိုလီဂါ့ခ်တစ်ယောက်ပါဘဲ ။ ရုရှားမှာ စွဲချက်အမျိုးမျိုးနဲ့ စစ်ဆေးခံရပြီးနောက် မဖြစ်ချေတော့ဘူးဆိုပြီး ချယ်ဆီးကို ၀ယ်ပြီး အင်္ဂလန်မှာနေခွင့်ရအောင် ကြံဖန်သွားသူလို့ ဆိုကြတယ်။ သူ့အမှုတွေထဲကတစ်ချို့ကတော့ အခွန်ရှောင်မှု၊ နိုင်ငံပိုင်ပစ္စည်း မတရားယူမှု၊ လာဘ်ပေးမှု ၊ချိန်းခြောက်အကျပ်ကိုင်မှု စတာတွေပါ။

  •                 ပြောရရရင် ဟောဒီစာရဲ့ ဇာတ်လိုက်မမ ယူလီယာဟာလည်း အရင်က အိုလီဂါ့ခ် တစ်ယောက်ပါ ။ နိုင်ငံရေးကို မ၀င်ခင်ကတည်းက ယူကရိန်း ဂက်စ်ရောင်းဝယ်ရေးမှာ သူ့ကို မသိသူမရှိခဲ့ဘူး။ မီဒီယာတွေက ဂက်စ်မင်းသမီး Gas Princess လို့ သမုတ်ရတဲ့အထိ ယူလီယာနဲ့ ဂက်စ်လုပ်ငန်းခွဲမရခဲ့ဘူး။ ယူလီယာဟာ ငယ်ငယ်တုန်းကတော့ သူလိုငါလို မချမ်းသာတဲ့သူတစ်ယောက် ။ အဖေက သူသုံးနှစ်သမီးကတည်းက သူတို့သားအမိကို ပစ်သွားတဲ့အတွက် မျိုးရိုးနာမည်ကိုတောင် အဖေနာမည်မယူဘဲ အမေနာမည်နဲ့ ရိုးရိုးကုတ်ကုတ်နေခဲ့သူပါ။ အသက် ၁၇ နှစ်မှာ သယံဇာတ တူးဖော်ခြင်းတွေကို လေ့လာတဲ့ ပညာရပ် Mining ဘာသာကို ယူကရိန်းရဲ့ အကောင်းဆုံးတက္ကသိုလ်တစ်ခုမှာ တက်ခဲ့တယ်။ ယူကရိန်းမြေဟာ သယံဇာတသတ္တုကျောက်မီးသွေးစတာတွေ အရမ်းကို ကြွယ်ဝပြီး အဲဒီသယံဇာတတွေထုတ်တဲ့လုပ်ငန်းတွေလည်း အရမ်းများလို့ Miningဘာသာကို တော်တော်များများသင်ကြတယ်လို့ ဆိုတယ်။ ယူလီယာဟာ အသက် ၁၈ နှစ်မှာ အိမ်ထောင်ကျပြီး cybernetic engineering ဘာသာကို သင်ယူခဲ့တယ်။ အဲဒီ ဘာသာကလည်း အရမ်းကို ကျယ်ပြန်တဲ့ ဘာသာပါတဲ့။ လွယ်လွယ်ပြောရရင် ဘယ် ဖွဲ့စည်းမှု system ကို မဆို နားလည်တတ် ၊စစ်ဆေးတတ်၊ ပိုကောင်းအောင် ပိုထိရောက်အောင် လုပ်တတ်ဖို့ သင်တဲ့ဘာသာဖြစ်ပြီး  လုပ်ငန်းဖွဲ့စည်းမှုတွေမှ မဟုတ်ဘဲ စီးပွားစီမံခန့်ခွဲမှု၊ အုပ်ချုပ်မှုတွေကိုပါ ရောပြီးသင်ရတယ်လို့ ဆိုပါတယ်။
 ဟိုးအရင်က Gas Princess ယူလီယာ
  •              ဒီလိုနဲ့ သူဟာ အသက်၂၄ နှစ်မှာ engineer-economist ဖြစ်လာတယ်။ ၃၉ နှစ်မှာ Ph.D ဘွဲ့ရတယ်။ ဘာလို့ဒီလောက်ကြာမှ ပါရဂူဘွဲ့ရတာလဲဆိုတော့ ရိုးရိုးဘွဲ့ရပြီးကတည်းက ဒုံးချည်တွေတည်ဆောက်တဲ့ စက်ရုံတစ်ခုမှာ အလုပ်သွားလုပ်နေလို့ပါ။ ယူကရိန်းနိုင်ငံသားတွေအဖို့ ဒုံးချည်စက်ရုံမှာ လုပ်တယ်ဆိုတာ သိပ်တော့ အဆန်းမဟုတ်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ယူကရိန်းရဲ့ အဓိကစီးပွားရေးထဲက တစ်ခုဟာ စစ်လက်နက်ပစ္စည်းထုတ်လုပ်ခြင်းဖြစ်ပြီး အလုပ်လုပ်သူလူဦးရေရဲ့ ၄၀ ရာခိုင်းနှုန်းဟာ လက်နက်စက်ရုံတွေ၊ ဒုံးချည်စက်ရုံတွေနဲ့ စစ်တပ်နဲ့ ပတ်သက်တဲ့ ကဏ္ဍတွေမှာ အလုပ်လုပ်ကြတယ်။ ဥရောပမှာဆို ရုရှားပြီးရင် ဒုတိယအကြီးဆုံးစစ်တပ်ကို ပိုင်တဲ့ နိုင်ငံလည်းဖြစ်တယ်။ ( ရုရှားနိုင်ငံရဲ့တစ်ဝက်လောက်ဟာ အာရှမှာဖြစ်ပြီး နောက်တစ်ဝက်က ဥရောပတိုက်ထဲရောက်နေတယ် )။
                  ဥရောပရဲ့ အကြီးဆုံး နျူးကလီးယားစက်ရုံ Zaporizhia ဟာ ယူကရိန်းမှာရှိတာပါ။ ယူကရိန်းမြေဟာ နျူကလီးယားထုတ်လုပ်ရာမှာ မပါမဖြစ်တဲ့ ယူရေနီယမ်သတ္တုတွေကြွယ်ဝပြီး ယူရေနီယမ်အမျိုးအစားထဲမှာမှ အရမ်းကို ဓါတ်သတ္တိကောင်းတဲ့ ယူရေနီယမ်မျိုးထွက်တယ်။ နျူးကလီးယားပါဝါကို အသုံးပြုပြီး လျှပ်စစ်ဓါတ်အားလည်း ထုတ်လို့ရတဲ့ အတွက် ယူကရိန်းရဲ့ လျှပ်စစ်ဓါတ်အားတစ်ဝက်နီးပါးဟာ နျူးကလီးယားပါဝါက ထုတ်တာဖြစ်တယ်။ ဒုံးချည်ထုတ်လုပ်ရေးမှာလည်း ယူကရိန်းဟာ ကမ္ဘာမှာ ရှေ့တန်းက ပါဝင်တယ်။။အထူးသဖြင့် ရေအောက်စစ်သင်္ဘော၊ စစ်လေယာဉ်သုံးရဒါစနစ်၊ ဒုံးချည်၊ စစ်လေယာဉ် ၊စစ်သင်္ဘောသုံး လမ်းညွှန်စနစ် navigation systems တွေကို ထုတ်တယ် ။

                ဒါကြောင့် ယူလီယာတစ်ယောက် မိန်းမတန်မဲ့ ဒုံးချည်စက်ရုံမှာ အလုပ်သွားလုပ်တယ်ဆိုတာ ဆန်းသလိုထင်ရပေမယ့် သူတို့အဖို့တော့ မဆန်းပါဘူးတဲ့။ ဒီကြားထဲ သမီးလေး '' ယူဂျီနီးယား '' မွေးလာပြီး နောက်ပိုင်းမှာ စီးပွားရေးကို ဇောက်ချလုပ်ခဲ့တယ်။ ဒုံးချည်စက်ရုံမှာ ၄ နှစ်လုပ်ပြီးနောက် သူ့ယောက်ျား အလက်စန်ဒါ နဲ့ အတူ ယောက္ခမဆီက ပိုက်ဆံချေးပြီး ဗီဒီယိုအငှားဆိုင်ဖွင့်တယ်။အဲဒီ စီးပွားရေးလေးကစလိုက်တာ သုံးနှစ်လောက်ကြာတော့Terminal  ဆိုတဲ့နာမည်နဲ့ ဗီဒီယို အငှားကုမ္ပဏီလေးကို ထောင်တယ်။ အဲဒီအချိန်က ယူကရိန်းလွတ်လပ်ရေးမရသေးလို့ သူတို့လုပ်ငန်းက အစိုးရပိုင်ပါ။ ၁၉၉၁ မှာဆိုဗီယက်ပြည်ထောင်စုကြီးပြိုကွဲပြီး ယူကရိန်းနိုင်ငံ လွတ်လပ်ရေးရတော့ ယူလီယာတို့လင်မယားဟာ သူ့ယောက္ခမနဲ့ စပ်တူ '' ယူကရိန်းရေနံကုမ္ပဏီ '' ကို ပုဂလိကအနေနဲ့တည်ထောင်ပြီး စိုက်ပျိုးရေးဖက်မှာလိုတဲ့ လောင်စာဆီကို ရောင်းခဲ့တယ်။ ဒီရေအလား တက်တဲ့ အဲဒီစီးပွားကို ငါးနှစ်တိတိလုပ်ခဲ့ပြီး ယူလီယာက အဲဒီမှာ အထွေထွေ ဒါရိုက်တာဖြစ်တယ်။

 အမျိုးသား အလက်ဇန်းဒါးနဲ့အတူ

                            ယူလီယာဟာ သင်ခဲ့တဲ့  ပညာ၊ သူ့ရဲ့ ဥာဏ်ရည်ပေါင်းလိုက်တော့ စီမံခန့်ခွဲမှုမှာ အရမ်းကို တော်ပါတယ်တဲ့။ ၁၉၉၅ မှာ သူတို့ ကုမ္ပဏီကို  United Energy Systems of Ukraine ဆိုတဲ့ နာမည်နဲ့ပြန်လည်တည်ထောင်ပြီး ရုရှားကနေ ယူကရိန်းထဲကို သဘာဓါတ်ငွေ့တွေ သွင်းခဲ့တယ်။ သယံဇာတပေါတယ်ဆိုပေမယ့် ယူကရိန်းဟာ သဘာဝဓါတ်ငွေ့ဂက်စ်ကိုကျတော့ အလုံအလောက်မထုတ်လုပ်နိုင်ပါဘူး။ ဒီလောက်ကြီးမားတဲ့ စက်ရုံတွေလည်ပတ်ဖို့အတွက် ဂက်စ်ကို ရုရှားက၀ယ်ရတယ်။ ဖြစ်ချင်တော့ ရုရှားဟာ ကမ္ဘာ့အကြီးဆုံးသဘာဝဓါတ်ငွေ့တွင်းကြီးကို ဖင်ခုထိုင်ထားတယ်။ ကမ္ဘာမှာ အမေရိကန်ပြီးရင် ဂက်စ်ထုတ်လုပ်မှုအများဆုံးနိုင်ငံဖြစ်ပြီး နိုင်ငံပေါင်းများစွာကို ဂက်စ်တင်ပို့သူ။ ဥရောပတိုင်းပြည်တွေက သုံးတဲ့ ဂက်စ်ပဏာရဲ့ လေးပုံတစ်ပုံဟာ ရုရှားကလာတာဖြစ်တယ်။ အဲ...ဖြစ်ချင်တော့ ယူကရိန်းဟာလည်း ရုရှားနဲ့ ဥရောပနိုင်ငံတွေကြားမှာရှိတာမို့ ရုရှားဟာ ဥရောပပို့ဂက်စ်တွေရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းကို ယူကရိန်းကနေဖြတ်ပို့ရတယ်။ အဲဒီအတွက် ရုရှားကယူကရိန်းကို ဖြတ်သန်းခပေးရတယ်။ အဲဒီလုပ်ငန်းနဲ့သူဌေးဖြစ်သွားသူတွေ အများကြီးမှာ ယူလီယာသည်လည်း တစ်ယောက်အပါအ၀င်ပါဘဲ။ ဒါပေမယ့် အလကားတော့ဘယ်ရမလဲလေ။ အစိုးရထဲကလူတွေနဲ့ ပင်းပြီး လုပ်ပိုင်ခွင့်တွေရအောင် ယူရတယ်။ နေပြည်တော်က ဘဘကြီးတွေကို နင့်နေအောင် လာဘ်ပေးရတယ်။ ဒီလိုနဲ့ ယူလီယာရဲ့ ဦးဆောင်မှုနဲ့သူတို့ကုမ္ပဏီဟာ ယူကရိန်းဂက်စ်လုပ်ငန်းတွေထဲမှာ အကြီးဆုံးဖြစ်လာပြီး ယူလီယာဟာလည်း အချမ်းသာဆုံး Oligarch တွေထဲမှာ ပါလာတယ်။
သမီးလေး ယူဂျီးနီယား ရဲ့ မင်္ဂလာပွဲမှာသမက်ဖြစ်သူ အင်္ဂလန်နိုင်ငံသား Rock အဆိုတော် Sean Carr နဲ့အတူ
  •             ယူလီယာဟာ စီးပွားရေးမှာ အရမ်းအောင်မြင်နေချိန် ၁၉၉၆ မှာ သူ့မြို့နယ်ကို ကိုယ်စားပြုပြီး နိုင်ငံရေးထဲကို ၀င်လာခဲ့တယ်။ ၀င်လာလာချင်းကို ထောက်ခံမှုအပြတ်အသတ်ရပြီး သူ့ပါတီရဲ့ ခေါင်းဆောင်ပိုင်းကို ရလာတယ်။ ပါလီမန်ထဲကို ရောက်လာတယ်။ ယူကရိန်းပါလီမန် အဖွဲ့ဝင်တွေဟာ ဘယ်လောက်ဗလောင်းဗလဲနိုင်လဲဆိုရင် စန္ဒရားဆရာ Piano Player တွေလို့နာမည်ကြီးတဲ့အထိပါဘဲ။ ပါလီမန်အမတ်တော်တော်များများဟာ အစည်းအဝေးတွေဆိုရင် မတက်ကြဘူး။ ဥပဒေတစ်ခုပြုဖို့ ပါလီမန်ထဲမှာ မဲပေးရပြီဆိုရင် တက်တဲ့သူတွေက ကိုယ့်အတွက်ရော မတက်တဲ့သူတွေအတွက်ရော ရောပြီး မဲပေးလေ့ရှိသတဲ့။ ကိုယ်ထိုင်နေတဲ့နေရာကကို ထပြီး ကိုယ့်ဘေးက ပျက်ကွက်တဲ့လူတွေနေရာကို သွား၊ မဲခလုတ်ကို သွားသွားနှိပ်တတ်လို့ စန္ဒရား ဆရာတွေရယ်လို့ သူများနိုင်ငံတွေက လှောင်တာကို ခံရတာပါ။ တကယ်က သူများကိုယ်စားမဲပေးလို့မရဘူးလို့ ဥပဒေအရ တားမြစ်ထားတဲ့ ကြားက အဲလိုလုပ်နေကြတာ။ ပါလီမန်ထဲမှာ သဘောထားမတိုက်ဆိုင်တဲ့အခါတွေမှာ ကိုယ်ထိလက်ရောက် ဖိုက်တင်ပလေးကြတဲ့ အကြိမ်ပေါင်းလည်း မနည်းဘူးလို့ ဆိုပါတယ်။ ပါလီမန်မှာ နေရာမြဲမြဲတစ်နေရာရဖို့အတွက် ဆိုင်ရာဆိုင်ရာကို ပူဇော်ရတဲ့လာဘ်ဟာ ဒေါ်လာ ၅ သန်းလောက်ထိ ရှိပါသတဲ့။
ယူကရိန်း ပါလီမန်ထဲမှ အမတ်များ သူများအတွက်ပါ မဲပေးနေကြပုံ
ပါလီမန်ထဲမှာ ဖိုက်တင်ပလေးနေသော အမတ်များ

              ယူလီယာဟာ ပညာတတ်ပြီး စီးပွားရေးအတွေ့အကြုံရှိသူပီပီ အစိုးရဌာနတွေထဲမှာ လာဘ်ပေးလာဘ်ယူတွေနဲ့ ဘယ်လောက် ဆိုးရွားနေတယ်ဆိုတာကို မြင်တယ်။ လာဘ်ပေးပြီး အခွန်တွေရှောင်နေကြလို့ တိုင်းပြည်မွဲနေတယ်ဆိုတာကို သိတယ်။ ဒါတွေကိုမှ မတိုက်ထုတ်ရင် ဘယ်သူ့အနာဂတ်မှ မကောင်းနိုင်ဘူးဆိုတာကို သိတယ်။ ဒီတော့ ၂၀၀၀ ခုနှစ်မှာ သူဟာ ပါလီမန်ကနေထွက်လိုက်ပြီး သူကျွမ်းကျင်တဲ့ စွမ်းအင်နဲ့ လောင်စာဆီ ကဏ္ဍမှာ ဒုဝန်ကြီး ရာထူးကို ယူလိုက်တယ်။ အဲဒီဌာနရဲ့ အကျင့်ပျက် ခြစားမှုတွေကို အားသွန်ခွန်စိုက် နှိမ်နင်းတယ်။ သူမရဲ့ ဆောင်ပုဒ်က ''လာဘ်မပေးကြနဲ့။ အခွန်ဆောင်ကြပါ''  တဲ့။ သူမရဲ့ လမ်းညွှန်ဦးစီးမှုအောက်မှာ ယူကရိန်း လျှပ်စစ်ထုတ်လုပ်မှုကဏ္ဍရဲ့ ၀င်ငွေ အရမ်းကို တိုးတက်ခဲ့တယ်။ မြန်ဆန်ထိရောက်တဲ့ ပြုပြင်ပြောင်းလဲမှု reforms တွေအများကြီးကို လုပ်ခဲ့တယ်။ ဒါပေမယ့် သိတယ်မဟုတ်လား။ အကျင့်ပျက်ခြစားနေတဲ့ ဘဲအုပ်က တစ်ရာ နှစ်ရာ၊ မှန်မှန်ကန်ကန်လုပ်ချင်တဲ့ မဗေဒါကတပင်တည်း ဆိုရင် ဘယ်လိုဖြစ်တတ်လဲ ဆိုတာကို ။ တစ်ဖက်က လာဘ်စားမှုတွေ လျော့ကျပြီး အစိုးရ၀င်ငွေတွေ တက်လာတာတော့ မှန်ပါရဲ့ ။ ဒါပေမယ့် သူလုပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ အခွန်ရှောင်ပြီး ချမ်းသာပြီးရင်း ချမ်းသာနေတဲ့ Oligarch တွေကို အများကြီး ထိခိုက်လာတယ်။ အဲဒီအချိန်က သမ္မတ Kuchma ဟာလည်း အကျင့်ပျက်ခြစားနေသူတစ်ယောက်ဖြစ်ပြီး အခွင့်ထူးခံလူတန်းစားနဲ့ပင်းပြီး ချမ်းသာနေသူ ရာဇ၀တ်ကောင် ။ လာဘ်ပေးလာဘ်ယူတင်မကဘဲ သူ့နဲ့ ငြိလို့ နည်းမျိုးစုံနဲ့ လုပ်ကြံခံရသူတွေရှိခဲ့တယ်။ ဒီတော့ သမ္မတ Kuchma ဟာ သူနဲ့သူ့ကပ်ပါးကောင်တွေ အကျိုးစီးပွား ပျက်မယ့်အရေးကို လုပ်နေတဲ့ ယူလီယာကို အမြင်ကပ်ပုဒ်မနဲ့ အလုပ်ထုတ်ပစ်လိုက်တော့တာပါဘဲ။ ဒီတော့ ယူလီယာဟာ နိုင်ငံတော် ကယ်ဆယ်ရေး ကော်မတီ ဆိုတာကို ဖွဲ့ပြီး  '' Kuchma မပါတဲ့ ယူကရိန်းနိုင်ငံ Ukraine without Kuchma ''  ဆိုတဲ့ နာမည်နဲ့ သမ္မတ Kuchma ကို ဆန့်ကျင်ရေးတွေ ဦးဆောင်လုပ်ပါတော့တယ်။
ယူလီယာဆန့်ကျင်ခဲ့သော အာဏာရှင် Kuchma/ရုရှားခေါင်းဆောင် ပူတင်နဲ့ Kuchma
  •                         ပြည်သူတော်တော်များများက ယူလီယာကို တကယ် ပြောင်းလဲမှုတွေ လုပ်လိုသူလို့ ယုံကြတယ်။ ထောက်ခံကြတယ်။ ယူလီယာဟာ စကားပြောတာ ပြတ်သားတယ်။သတ္တိရှိတယ်။ ခေါင်းဆောင်တစ်ယောက်ရဲ့ ဥပဓိရုပ်ရှိပြီး လူထုကို ဆွဲဆောင်နိုင်ခဲ့တယ်။ ဒါပေမယ့် သူဟာ ဟိုအရင်က အစိုးရထဲက နာမည်ပျက်ရှိသူတွေနဲ့ပေါင်းပြီး စီးပွားလုပ်ဖူးတယ်။ အဲဒါကို အကြောင်းပြုပြီး လက်ရှိအစိုးရဟာ သူ့ကို အသာလေး ချောက်ချလို့ ရမယ့် အကွက်တွေကို ရှာလို့ လွယ်ခဲ့တယ်။ ယူလီယာဟာ အရင် က သူတို့ရဲ့ မိသားစုလုပ်ငန်းဖြစ်တဲ့ United Energy System of Ukraine မှာ ၂ နှစ်တိတိ ဥက္ကဌ ဖြစ်ခဲ့တယ်။ သူ ဥက္ကဌဖြစ်ခဲ့တဲ့ ဒီနှစ်နှစ်အတွင်းမှာ ကမ္ပဏီဟာ စာရွက်စာတမ်းအတုလုပ်မှု၊ ဂက်စ်တွေကို အခွန်မပေးဘဲ ရုရှားကနေယူကရိန်းထဲကို မှောင်ခိုသွင်းမှုတွေရှိတယ်လို့ စွပ်စွဲပြီး အစိုးရက သူ့ကို ဖမ်းပြီး ထောင်ချလိုက်ပါတော့တယ်။ ဒါနဲ့ သူဟာ ပထမဆုံးအကြိမ်ထောင်ထဲကို ရောက်လာတယ်။ သူရဲ့ ပင်ကိုယ်ထက်မြက်မှု၊ ခေါင်းဆောင်နိုင်မှုနဲ့ ကောင်းတာကိုလုပ်နေလျက်နဲ့ မတရား ခံရမှု စတာတွေဟာ သူ့ရဲ့ ခံယူချက်ကို ပိုပြီး ပြတ်သားခိုင်မာသွားစေခဲ့တယ်လို့ ဆိုကြတယ်။ယူလီယာကို ထောက်ခံသူတွေဟာ သူမကို ချုပ်ထားရာ ထောင်နားမှာ ဆန္ဒပြတောင်းဆိုမှုတွေ အကြီးအကျယ်လုပ်ကြတယ်။ ထောင်ထဲမှာ နှစ်လလောက်နေလိုက်ရပြီးနောက် ယူလီယာတစ်ယောက် အသွင်တစ်မျိုးနဲ့ ပြန်ထွက်လာပါတယ်။ ဒီတစ်ခါတော့ ပိုပြီးတော့ကို ဆုံးဖြတ်ချက်ပြတ်သားတဲ့ပုံ ၊ ဘ၀ကို စတေးပြီးတော့ကို လုပ်စရာရှိတာကို ရေဆုံးမြေဆုံးလုပ်တော့မယ် ဆိုတဲ့ ပုံနဲ့ပါ။
                   သူကအင်တာဗျူးတစ်ခုမှာ ပြောတယ်။ '' ဟိုးအောက်ဆုံးထိ လှိုက်စားနေတဲ့ စနစ်ကြီးကို တိုက်ဖျက်ရတာ မလွယ်ပါဘူး။ အခုအဲဒီစနစ်ကြီးက လွယ်လွယ်နဲ့အဖြိုမခံဘဲ ပြန်ကန်ထုတ်နေတယ်။ အစွမ်းကုန်ပြန်ခုခံနေတယ်။ ဒါဟာသဘာဝပါဘဲ။ ကျမတို့ကလည်း လုပ်စရာရှိတာကို ရေဆုံးမြေဆုံးလုပ်ရမှာပါဘဲ '' တဲ့။
ယူလီယာကို လွှတ်ပေးရန်ဆန္ဒပြသူများ
  •      တကယ်တော့ သူတိုက်ဖျက်နေခဲ့တဲ့ စနစ်ဆိုးကြီးက သူ့တစ်ယောက်ထဲကို ကန်ထုတ်နေတာမဟုတ်ပါဘူး။ သူ ပထမအကြိမ်ထောင်မကျခင် တစ်နှစ်အလို ၂၀၀၀ ခုနှစ်မှာ သူ့ယောက်ျား အလက်ဇန်းဒါးဟာလည်း အဖမ်းခံရပြီး စွဲချက်တင်ခံရတယ်။ အမှုကတော့ သူဟိုအရင်က ကုမ္ပဏီ ဒါရိုက်တာအဖွဲ့မှာ ပါစဉ်က စာရွက်စာတမ်း အတုလုပ်ပြီး ဂက်စ်သွင်းတယ်၊ အစိုးရအဖွဲ့ထဲကလူတွေနဲ့ ပေါင်းပြီး ပြည်သူပိုင်ပိုက်ဆံဒေါ်လာ ရှစ်သိန်းကို အလွဲသုံးစားလုပ်တယ် ဆိုတဲ့ ပြစ်မှုနဲ့ပါ။ ယူလီယာကို ဖမ်းလိုက်ချိန်မှာ သူလည်း ထောင်ထဲမှာပေါ့။ သက်သေမပြည့်စုံလို့ တရားရုံးက လွှတ်လိုက်ပြီးခါမှာမှ အစိုးရဆွဲချရှေ့နေက ဆက်ပြီးအမှုကိုစစ်ဖို့အယူခံဝင်တာနဲ့ အလက်ဇန်းဒါးဟာ ၂ နှစ်လောက် ပုန်းအောင်းတိမ်းရှောင်နေခဲ့ရတယ်။ အလက်ဇန်းဒါးရဲ့ အဖေလည်း ထောင်တစ်နှစ်ကျသွားတယ်။
             တိုတိုပြောရင်တော့ ထောင်ကထွက်လာပြီတဲ့နောက် ယူလီယာဟာ သမ္မတ Kuchma ဆန့်ကျင်ရေးတွေကို အပြင်းအထန်လုပ်ပါတော့တယ်။ Kuchma ရဲ့ အကျင့်ပျက်ခြစားမှုတွေကို စိတ်ကုန်နေတဲ့ ပြည်သူများစွာ ယူလီယာကို ၀န်းရံလာကြတယ်။ ဒီကြားထဲမှာ သူမဟာ လုပ်ကြံမှုတစ်ခုကနေသီသီလေးလွတ်ခဲ့တယ်။ နောက်ထပ် စွဲချက်တွေကိုလည်း ရင်ဆိုင်ခဲ့ရတယ်။ တစ်ချို့သော စွဲချက်တွေဟာ ရုရှားကနေ လာတာပါ။ သမ္မတ Kuchma ဟာ ရုရှားရဲ့ထောက်ခံမှုကို ရထားသူလေ။ ၂၀၀၁ ခုနှစ်မှာ ယူလီယာဟာ အတိုက်အခံပါတီတစ်ခုဖြစ်တဲ့ Our Ukraine က ခေါင်းဆောင် '' ဗစ်တာ ယူရှန်ကို '' နဲ့ ပေါင်းပြီး ၂၀၀၄ ခုနှစ် သမ္မတ ရွေးကောက်ပွဲမှာ Kuchma ကို နိုင်အောင် မဲဆွယ်ပွဲတွေ အကြီးအကျယ်လုပ်ခဲ့တယ်။ ယူရှန်ကို က ပြောတယ် '' ငါတို့နှစ်ယောက် ရန်မဖြစ်ကြေး။ ငါသမ္မတဖြစ်ရင် နင့်ကို ၀န်ကြီးချုပ်ခန့်မယ် '' တဲ့။ ရူရှားက သူတို့ နှစ်ယောက်ကို အနောက်မျှော်အုပ်စု လို့ စွပ်စွဲတယ်။
Our Ukraine ပါတီခေါင်းဆောင် ယူရှန်ကို
ယူရှန်ကို
  •             ကျန်တဲ့ ပါတီတွေကလည်း သူမရဲ့ လူထုကြားမှာ ထင်ပေါ်မှုကို အကြောင်းပြုပြီး သူမနဲ့ လက်တွဲခဲ့ကြတယ်။ သုံးနှစ်ကျော်လောက် ခရောင်းလမ်းကို လျှောက်ခဲ့ပြီးတဲ့ နောက်တော့ အားလုံးမျှော်လင့်နေတဲ့ရွေးကောက်ပွဲလည်း ရောက်လာပါတော့တယ်။ သမ္မတနှစ်ခါဖြစ်ပြီးလို့ Kuchma ဟာနောက်ထပ်ဝင်ပြိုင်လို့မရတော့ဘူး။ဒီတော့ သူကြိုးကိုင်လို့ရမယ့် ၀န်ကြီးချုပ် '' ယနူကိုဗစ်ခ်ျ '' ကို သမ္မတတင်ဖို့ကြိုးစားတယ်။အားလုံးမှန်းထားတဲ့အတိုင်း မဲအကြီးအကျယ် ခိုးပါတော့တယ်။ Kuchma နဲ့ ယနူကိုဗစ်ခ်ျ ကို ရုရှားက ထောက်ခံပေးပါတယ်။
ရုရှားခေါင်းဆောင် ပူတင် (ဘယ်)ရုရှားက ထောက်ခံသော သမ္မတ Kuchma ရဲ့တပည့်ဝန်ကြီးချုပ် ယနူကိုဗစ်ခ်ျ (သမ္မတရွေးပွဲမှာ ယူလီယာတို့နဲ့ အပြိုင် )
  •               ဘာကြောင့်လည်းဆိုတော့ ယူကရိန်းဟာ ရုရှားလက်ကလွတ်အောင် အမေရိကန်ဦးဆောင်တဲ့ နေတိုး Nato အဖွဲ့ထဲကို ၀င်မယ်တကဲကဲလုပ်နေတယ်။ ရုရှားနဲ့ အမေရိကန်ဆိုတာ သိကြတဲ့အတိုင်း ခွေးနဲ့ ကြောင်မဟုတ်လား။ ဥရောပကို သွားတဲ့ဂက်စ်ပိုက်လိုင်းတွေကလည်း ယူကရိန်းမှာ ။ နောက်ပြီး ရုရှားရေတပ်ကြီးရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့'' ပင်လယ်နက် ရေတပ် Black Sea Fleet '' ဟာ ယူကရိန်းနိုင်ငံထဲမှာ ၂၀၁၇ ထိ နေခွင့်ရထားတယ်။ အဲဒါကို ရုရှားက ၂၀၄၂ ထိ နေခွင့်ရဖို့ ယူကရိန်းကို အတင်းတောင်းဆိုနေချိန်။ တကယ်လို့သာ ယူကရိန်းက သဘောမတူရင်၊ ပင်လယ်နက်ရေတပ်ကို ရွှေ့ရရင် အဲဒီနေရာကို နေတိုး Nato တပ်တွေလာပြီး စခန်းချမယ့်အလားအလာတွေရှိနေတယ်။ ရုရှား ၀န်ကြီးချုပ် ပူတင် က '' တကယ်လို့သာ နေတိုးတပ်တွေ အဲဒီနေရာကို ရောက်လာခဲ့သည်ရှိသော် ရုရှားရဲ့ ဒုံးချည်တွေကို ယူကရိန်းဖက်ကို ချိန်ရတော့မှာဘဲ '' တဲ့။ အောင်မလေး....ကြောက်ချာဂျီးပါလား ကိုပူတင် ။ ထိုထိုသော အကြောင်းတွေနဲ့ ယူကရိန်းမှာ ဘယ်အစိုးရတက်တက် ရုရှားဟာ သူတို့စကားကို နားထောင်မယ့်သူကို သာ လိုလားတယ်။
ယူကရိန်းထဲကရုရှားဂက်စ်လိုင်းနဲ့ ရုရှားရေတပ်ရှိရာ မြေပုံ
ပင်လယ်နက် Black Sea မှ ရုရှားရေတပ်၏တစ်စိတ်တစ်ပိုင်းရှိရာ ယူကရိန်းနိုင်ငံ Crimea မြို့
  •                  ဒီကြားထဲမှာ ယူလီယာနဲ့ ပူးပေါင်းခဲ့တဲ့ ယူရှန်ကို ဟာ အဆိပ်ခတ်ခံရတယ်ပြီဆိုပြီး သတင်းထွက်လာတယ်။ အလွန်ပြင်းတဲ့ ဒိုင်အိုဆင် Dioxin အဆိပ်လို့ ကျွမ်းကျင်သူတွေက အဖြေထုတ်ပေမယ့် ဒီနေ့ထိ ဘယ်သူလုပ်တယ်ဆိုတာ ထွက်မလာဘူး။ ခံရသူ ယူရှန်ကိုက ဘယ်သူလုပ်တယ်ဆိုတာ သူသိတယ်။ အသေအချာနာမည်တပ်ပြီး မပြောခင် တရားနည်းလမ်းနဲ့ ဖော်ထုတ်မယ်လို့ ဆိုပြီး သံသယရှိသူ သုံးယောက်ကို ရုံးတင်စစ်ဆေးဖို့လုပ်ပါတယ်။ သုံးယောက်လုံး ရုရှားထဲကို ထွက်ပြေးပြီး ရုရှားက သူတို့ကို နိုင်ငံသားခံယူခွင့်ပေးလိုက်တယ်။ ယူရှန်ကိုကဘဲ နိုင်ငံရေး အမြတ်ထုတ်ဖို့ လုပ်ကြံပြောသလိုလိုလည်း သတင်းထွက်လာတယ်။ ဘာပဲဖြစ်ဖြစ် ယူရှန်ကိုတစ်ယောက် အကြီးအကျယ်နေမကောင်းဖြစ်ပြီး မျက်နှာကြီးတစ်ခုလုံး ရွဲသွားတာတော့ မြင်တဲ့အတိုင်းပါဘဲ။
  •                 မဲတွေနင်းကန်ခိုးပြီး ယနူကိုဗစ်ခ်ျ နိုင်တော့ ယူလီယာဟာ ရွေးကောက်ပွဲရလာဘ်ကို ဆန့်ကျင်ဖို့ လူထုကို စည်းရုံးတယ်။ ဒီလိုနဲ့ ယူကရိန်းမှာ လူထုဆန္ဒပြမှုတွေဖြစ်ပြီး သမိုင်းတွင်တဲ့ လိမ္မော်ရောင် အရေးအခင်းကြီး Orange Revolution ပေါ်ပေါက်လာပါတော့တယ်။Kuchma ကို ဆန့်ကျင်တဲ့ အမှတ်အသားအနေနဲ့ လိမ္မော်ရောင်ကို သုံးခဲ့လို့ လိမ္မော်ရောင်အရေးအခင်း လို့ ခေါ်တာပါ။ အနဂ္ဂတို့ ဇေယျာသော်တို့လို ဟစ်ပ်ဟော့Hip Hop အဆိုတော်တွေကလည်း သီချင်းတွေ စပ်ဆိုပြီး ပါဝင်လာကြတယ်။ အဲဒီထဲက အရေးအခင်းတစ်ခုလုံး နာမည်အကြီးဆုံးကတော့Greenjolly လို့အမည်ရတဲ့ အဆိုတော်ဦးဆောင်တဲ့အဖွဲ့ ယူကရိန်းဘာသာနဲ့ ဆိုတဲ့ Razom nas bahato ဆိုတဲ့သီချင်းပါ။ Together we are many, we cannot be defeated လို့ အဓိပ္ပါယ်ရပါတယ်။ ၀ါသနာပါသူများ Youtube မှာ Greenjolly-Razmom nas bahato လို့ ရိုက်လိုက်ရင် နားထောင်လို့ရပါတယ်။ 
               အဲဒီထက်ပိုပြီး ထဲထဲဝင်ဝင်သိချင်ရင်တော့ Youtube မှာဘဲ Orange Revolution-Ukraine နဲ့Yuschenko Vs Tymoschenko ဆိုတဲ့ နှစ်ခုကို ကြည့်ကြည့်ပါ။ ( ကြော်ငြာဝင်တာ...ဟဲဟဲ...) 
  •               အသည်းခိုက်အောင် အေးတဲ့ ဥရောပရဲ့ ဆောင်းတွင်းအောက်မှာ ၃ လလောက်ဆန္ဒပြမှုတွေဆက်တိုက်ဖြစ်ပြီးနောက် အခြေအနေတွေ ထိန်းမရတော့လို့ တရားရုံးချုပ်က နောက်တစ်ကြိမ်ရွေးကောက်ပွဲလုပ်ဖို့ အမိန့်ချတယ်။ ဒီတခါတော့ နိုင်ငံတကာ စောင့်ကြည့်သူများရှေ့မှာ လုပ်ခွင့်ရတယ်။ ဒီလိုနဲ့ Our Ukraine ပါတီက '' ယူရှန်ကို '' က သမ္မတဖြစ်လာပြီး သူက သူ့ကတိအတိုင်း ယူလီယာကို ၀န်ကြီးချုပ် ခန့်လိုက်ပါတယ်။ ယူလီယာရဲ့ ပေါ်ပြူလာ ဖြစ်မှုဟာ အထွတ်အထိပ်ကို ရောက်ပြီး ၂၀၀၅ မှာ Forbes မဂဇင်းကြီးက သူ့ကို ကမ္ဘာ့ သြဇာအရှိဆုံး အမျိုးသမီး တစ်ရာရဲ့ စာရင်းမှာ နံပါတ်သုံးနေရာမှာ ဖော်ပြခဲ့တယ်။
  •                 ဒါပေမယ့် ယူကရိန်းရဲ့ အိုလီဂါ့ခ်တွေ ကြီးစိုးတဲ့ ပြသာနာဟာ မသေးသလို ရုရှားရဲ့ လွှမ်းမိုးမှုအောက်ကနေ မရုန်းထွက်နိုင်တာဟာလည်း အတော်ကို ခေါင်းကိုက်စရာ ပြသာနာပါဘဲ။ ယူလီယာဟာ လိမ္မော်ရောင်အရေးအခင်းကို ဦးဆောင်စဉ်က အိုလီဂါ့ခ်တွေကို တိုက်ဖျက်ပေးမယ်။ ရုရှားနဲ့ လွှမ်းမိုးမှုအောက်ကနေ ရုန်းထွက်မယ်၊ လာဘ်ပေးလာဘ်ယူတွေကို ချေမှုန်းမယ် စသည်ဖြင့် ပြောပြီး လူထုထောက်ခံမှုကို ရခဲ့တယ်။ အစိုးရထဲကို ရောက်လာပြီး တကယ်နဖူးတွေ့ဒူးတွေ့ လုပ်ရချိန်မှာ အရိုးစွဲနေတဲ့ အကျင့်ပျက်စနစ်ကြီးက သူ့ကို တန်ပြန်ခုခံပါတော့တယ်။ အစိုးရအဖွဲ့ထဲမှာကို အိုလီဂါ့ခ် တွေကိုယ်တိုင် ရာထူးကြီးရနေတာတွေရှိနေတယ်လေ။ ဒီတော့ ယူလီယာဟာ ၀န်ကြီးချုပ်ဖြစ်ပြီး လအနည်းငယ်အကြာမှာဘဲ အစိုးရအဖွဲ့က အိုလီဂါ့ခ်တွေနဲ့အချေအတင်ဖြစ်ပြီး ရာထူးကြီးရထားသူတစ်ချို့နှုတ်ထွက်ကုန်တယ်။ အခြေအနေအရမ်းတင်းမာလာတဲ့အတွက် သမ္မတ ယူရှန်ကို ကိုယ်တိုင် ယူလီယာနဲ့သူ့ကို ထောက်ခံသူတစ်ချို့ကို အလုပ်ဖြုတ်ပစ်လိုက်ပါတော့တယ်။
                 ယူလီယာဟာ အလုပ်ဖြုတ်ခံလိုက်ရပြီးနောက် ၂၀၀၆ ရွေးကောက်ပွဲမှာ ၀န်ကြီးချုပ်ရာထူးကို ပြန်ရဖို့အစွမ်းကုန်ကြိုးပမ်းတယ်။ ယူကရိန်းတနံတလျားကို လှည့်ပြီး မဲဆွယ်ပြန်ပါတယ်။ မတည့်တဲ့ ပါတီတွေနဲ့လည်း တည့်အောင်ပေါင်းပြီး တကယ့်ကို ရေကုန်ရေခန်းအားထုတ်ခဲ့တယ်။ အောင်မြင်မှုရသလို ရန်သူလည်း ပိုများလာပါတယ်။ အန္တရာယ်အများဆုံးကိစ္စကတော့ သူ့ရဲ့ရုရှားဆန့်ကျင်ရေးစာတွေနဲ့ လှုံ့ဆော်မှုတွေပါဘဲ။ ဒီလိုနဲ့ သူဟာ ပြည်သူထောက်ခံမှုကို ရပြီး ၂၀၀၇ မှာ ၀န်ကြီးချုပ် ဒုတိယတစ်ကြိမ်ဖြစ်လာပြန်တယ်။ ဒီတစ်ကြိမ်မှာတော့ သူ့ဝန်ကြီးချုပ်သက်တမ်းသက်ဆိုးရှည်ခဲ့တယ်။ ဒါပေမယ့်အစိုးရတွင်းမှာတစ်ခါ သဘောထားကွဲလွဲမှုတွေဖြစ်လာပြန်ပါတယ်။ဝန်ကြီးချုပ်ဖြစ်တဲ့ ယူလီယာနဲ့ သမ္မတယူရှန်ကိုတို့ဟာ လိမ္မော်ရောင် အရေးအခင်းတုန်းက စည်းလုံးသလောက် အခုတော့ တစောင်းနဲ့ မျက်ချေးဖြစ်လာတယ် ။
Orange Revolution တုန်းက တည့်သလောက်
အခုတော့ ခွေးနဲ့ကြောင်
( အပိုင်း ၂ ကို Spring Flowers facebook မှ Wall သို့မဟုတ် Notes မှာ သွားဖတ်လို့ရပါတယ်။ လူတိုင်း ဖတ်နိုင်ရန် Public လုပ်ထားတယ် )

https://www.facebook.com/notes/spring-flowers/

No comments:

Post a Comment