Monday, March 12, 2012

"သစ္စာဖောက်"

"သစ္စာဖောက်"


" The Mother of a Traitor "   by M. Gorky
 ဘာသာပြန်ဆိုသူ - ညွန့်ကြူး



            မိခင်များအကြောင်းသာပြောရလျှင် ဆုံးနိုင်မည်မထင် ။

            ရန်သူတပ်များသည် ရက်သတ္တပတ်ပေါင်းများစွာ သံမဏိကွင်းကြီးပမာ မြို့ ကို
ဝိုင်းပတ်ပိတ်ဆို့ထားလေသည် ။ ညအချိန်များတွင် ရန်သူတပ်များဆီမှ မီးရောင်များသည်
မည်းမှောင်နက်ကြုတ်နေသောမြို့ ရိုးကို မျက်လုံးနီနီရဲရဲ အထောင်အသောင်းဖြင့်
စူးစိုက်ကြည့်နေသည်လား ထင်မှတ်ရသည် ။ မျက်လုံးနီနီရဲရဲကြီးများက အငြိုးကြီးစွာ
ကြည့်နေသည်ဟု ထင်ရလေလေ ၊ အ၀ိုင်းခံမြို့ တွင်းရှိ မြို့ သူမြို့ သားများအဖို့
စိတ်ဓါတ်ကျဆင်းလေလေ ဖြစ်ရသည် ။

             မြို့ ရိုး၏ သူရဲပြေးလမ်းမှကြည့်လျှင် ရန်သူဝိုင်းပတ်မှုကွင်းသည် တဖြည်းဖြည်း
ကျဉ်းသထက်ကျဉ်းလာသည်ကို မြင်နေရ၏ ။ ရန်သူတပ်သားများ၏ အရိပ်များကိုလည်း
မီးရောင်ကြောင့် ကွဲပြားစွာ မြင်နိုင်၏ ။ ၀၀လင်လင်ကျွေးမွေးထားသော စစ်မြင်းကြီးများ၏
ဟည်သံများ ၊ လက်နက်များထိခတ်၍ တချွင်ချွင်မြည်သံများ ၊ အောင်ပွဲမုချခံရတော့မည်ဟု
ယုံကြည်စိတ်ချနေသော စစ်သူရဲများ၏ ကျယ်လောင်သောရယ်မောသံ ၊ သီချင်းအော်ဟစ်
ဆိုသံတို့ကိုလည်း ကြားရသည် ။ ရန်သူ၏ သီချင်းသံ  ရယ်မောသံများထက် နားမခံသာသော
အသံသည် အဘယ်မှ ရှိပါအံ့နည်း ။

              ရန်သူများသည် မြို့ သူမြို့ သားများ သောက်သုံးသော ၊ မြို့ ထဲသို့စီးဝင်သော
စမ်းချောင်းများတွင်အလောင်းများကို မျှောချ၏ ။ မြို့ ရိုးပတ်လည်ရှိ စပျစ်ခင်းများကို
မီးရှို့ ပစ်လိုက်ကြ၏ ။ လယ်ခင်းယာခင်းများကို စိစိညက်ညက် ဖျက်ခြေပစ်ကြ၏ ။
စားသုံးပင်များကို ခုတ်လှဲပစ်ကြ၏ ။ ယခုသော်မြို့ ကြီးတစ်ခုလုံးသည် မြေပြင်ပေါ်တွင်
အကာအကွယ်မဲ့ ဟာလာဟင်းလင်း အထင်းသား ပေါ်နေရကား ၊
ရန်သူ အမြောက်ကျည်ဆံများသည် မြို့ တွင်းသို့ အဆီးအတားမရှိ ၀င်ရောက်လာ၏ ။

              စစ်ပန်းနေပြီး အစာရေစာ မ၀တ၀ဖြစ်နေရှာသော စစ်သားတပ်စုများသည်
မြို့ တွင်းလမ်းများတွင်တိတ်ဆိတ်ငြိမ်သက်စွာ လှုပ်ရှားသွားလာလျက်ရှိ၏ ။ အိမ်ပြတင်းဝများဆီမှ
ဒါဏ်ရာရသူတို့၏ ညည်းညူသံများ ၊ ဆောက်တည်ရာမရ သွေးပျက်လုခမန်း အော်ဟစ်လိုက်သံများ ၊
မိန်းမများ၏ ဆုတောင်းဝတ်ပြုသံများ ၊ကလေးများ အစာတောင်း ငိုဟစ်သံများ ထွက်ပေါ်ပျံ့ လွှမ်းနေ၏ ။
မြို့ တွင်းက လူများသည် စကားကို ကျယ်ကျယ်လောင်လောင်မပြောဝံ့ဘဲ လေသံဖြင့်သာ ပြောကြ၏ ။
ပြောသောအခါတွင်လည်းဝါကျတစ်ခုကိုပင် ပြည့်စုံအောင်မပြောကြ ။ ရန်သူတွေ ရှေ့ တိုးလာနေပြီလားဟူသော
စိုးရိမ်မှုသည် သူတို့တစ်ကိုယ်လုံး တောင့်တင်းခက်မာစေသည် ။ အကြောအခြင်များကို ဆိုင်းတွစေသည် ။

              ညများကား ခြောက်ခြားစရာတည်း ။ ညည်းတွားသံများ ၊ ငိုကြွေးသံများသည် ပို၍
ကျယ်လောင်လာသည် ။ တပိုင်းတစ ပြိုပျက်နေသော မြို့ ရိုးဆီသို့ ခပ်လှမ်းလှမ်းမှ တောင်ရိပ်သည်
တအိအိ ၀င်ရောက်လာခဲ့ရာ ၊ ရန်သူစခန်းကိုပင် မမြင်နိုင်တော့ပေ ။ အတန်ကြာမှ မည်းမှောင်နေသော တောင်စွယ်တန်း၏ နောက်ကွယ်မှ လမင်းထွက်ပြူလာသည် ။
လမင်းကြီးသည် တိုက်ပွဲတွင် ဓါးချက်များစွာ ထိုးခုတ်ခြင်းကိုခံရသည့် ဒိုင်းကြီးနှင့်ပင်တူလှချေ၏ ။

                မြို့ တွင်းရှိလူအပေါင်းတို့သည် ရှုံးနိမ့်မှုကြောင့် စိတ်ပျက်လက်ပျက်ဖြစ်နေသည် ။
ငတ်မွတ်ခေါင်းပါးမှုကြောင့် ပင်ပန်းနွမ်းရိနေသည် ။ ဘေးဒုက္ခအပေါင်းမှ လွတ်ထွက်ရန်
အခွင့်အလမ်းသည်လည်း တနေ့တခြားမှေးမှိန်လာသည် ။ သူတို့သည် လမင်းကြီးကိုလည်းကောင်း ၊
လွှသွားများလိုချွန်ထွက်နေသည့်  ချွန်ထွက်နေသည့်  တောင်ထွတ်များကို လည်းကောင်း ၊
တောင်ရိပ်များကိုလည်းကောင်း ၊ ကြောက်လန့် စိုးထိတ်ခြင်း အတိပြီးသောမျက်လုံးများဖြင့်
ကြည့်နေကြရသည် ။ သူတို့ပြောဆိုသော အကြောင်းအရာကား သေရေးအပြင် အခြားမရှိ ။
သူတို့၏ နှလုံးသားကို ဖြေသိမ့်နိုင်မည့်  ကြယ်ကလေး တစ်ပွင့်သည်ပင် အပြောကျယ်သော
ကောင်းကင်ပြင်၌ မလင်း ။ မလက် ။ မရှိ ။

                ညဉ့် မှောင်သော်လည်း အိမ်များတွင် မီးမထွန်းရဲ ။ ထို့ကြောင့် မြို့ တွင်းလမ်းမများအပေါ်တွင်
အမှောင်ထုသည် သိပ်သည်းစွာ ကျရောက်နေသည် ။ ဤအမှောင်သည်းသည်းမှာပင်
မိန်းမအိုကြီးတစ်ယောက်သည် အ၀တ်နက်ကို ခြေဆုံးခေါင်းဆုံးဝတ်ကာ အသံမမြည်အောင်
ညင်သာစွာ လျှောက်လာသည် ။ လူများကသူ့ကိုတွေ့ သောအခါ တီးတိုးစကားဆိုကြသည် ။

                   "သူ.. မဟုတ်လား"

                   "သူပေါ့ ..သူပေါ့ ..."

              တချို့ လူများက သူ့ကိုတွေ့ သောအခါ အိမ်တွင်းသို့ ၀င်သွားသည် ။ တချို့ ကမူ ခေါင်းကိုငုံ့ကာ
သူ့ကိုဖြတ်ကျော်သွားကြသည် ။ ကင်းလှည့် နေသောတပ်စုခေါင်းဆောင်ကမူ ...
" မော်နာ မာရီယားနား ပါလား ၊အပြင်ထွက်လာပြန်ပြီ ၊ သတိနဲ့သွားနော် အခုနေခင်ဗျား အသတ်ခံရရင်
ဘယ်သူကမှ တရားခံ လိုက်ရှာပေးမှာမဟုတ်ဘူး "  ဟု သတိပေးစကားပြောသည် ။  သို့သော်
မိန်းမအိုကြီး မာရီယားနားသည် သူ့ကိုကင်းလှည့် တပ်စုက ဖြတ်ကျော်သွားသည်အထိ ရပ်စောင့်နေသည် ။
ကင်းလှည့် စစ်သားများသည် မာရီယားနားကို မည်သို့မျှ အန္တရာယ်မပေးကြ ။ လူသေကောင်တစ်ကောင်လို ရှောင်ကွင်း၍သာသွားကြသဖြင့် အမှောင်ထုထဲတွင်
သူတစ်ယောက်တည်း ထီးထီးမားမားဖြစ်နေသည် ။ မာရီယားနားသည် တကိုယ်တည်းပင်
တလမ်းဝင်တလမ်းထွက် သွားလာနေသည် ။ သူအသံမမြည်ဘဲ သွားလာလှုပ်ရှားနေပုံ ၊ အမှောင်ထဲတွင်
အ၀တ်နက် ၀တ်ထားပုံတို့မှာ မြို့ တော်၏ ဂြိုလ်ဆိုး ကြမ္မာဆိုး လှုပ်ရှားသွားလာနေသည်နှင့်ပင် တူနေသည် ။
ညဉ်းတွားသံ ၊ ငိုဟစ်သံ ၊ ရှုံးနိမ့်၍ စိတ်ပျက်ပျက်နှင့် ညဉ်းညူသံတို့သည်ြ၈ိုလ်ဆိုး ကြမ္မာဆိုးနှင့်တူနေသော
မာရီယားနား၏ နောက်ပါးမှ တပါတည်းကပ်၍လိုက်နေသည်လား ထင်မှတ်ရ၏ ။

              မော်နာ မာရီယားနားသည် ဤမြို့ သူဖြစ်သည့်အပြင် ၊ မိခင်တစ်ဦးလည်းဖြစ်သည် ။
ထို့ကြောင့်မာရီယားနား၏ ခေါင်းထဲ၌ သူ့မြို့ တော်အကြောင်းနှင့် သူ့သားအကြောင်းတို့မှာ တွဲ၍ပေါ်နေသည် ။
သူ့မြို့ တော်ကို ချေမှုန်းဖျက်ဆီးပစ်မည် တကဲကဲ ဟန်ပြင်နေသော လူစုလူဝေးကြီး၏ ခေါင်းဆောင်မှာ သူ့သား ။
ရုပ်ရည် ချောမောသော ၊ အသည်းနှလုံး မရှိသောသူ့သား ။ နှစ်များစွာ မကြာခင်က ဤသားကို မွေးရသည့်အတွက်
ဂုဏ်ယူမိသည် ။ သူသည် သားကိုမွေး၍ သူ့နိုင်ငံ၏ ကျေးဇူးကိုဆပ်ရသည်ဟု ထင်မှတ်ခဲ့သည် ။
သူ့သားသည် မာရီယားနား မွေးဖွားကြီးပြင်းခဲ့သောမြို့ တော် ၊ သူကိုယ်တိုင်လည်း မွေးဖွားကြီးပြင်းခဲ့သော
ထိုမြို့ တော်နှင့် မြို့ တော်သူမြို့ တော်သားများအတွက် အထောက်အကူ ဖြစ်မည်ဟုလည်း မှတ်ယူခဲ့သည် ။
မာရီယားနားအဖို့ ဤမြို့ သည် သူ့ အဖိုးအဖွား အဘေးအဘီတို့ ချွေးနှင့်သွေးနှင့်ရင်းကာ ဆောက်တည်ခဲ့သောမြို့  ။
ဤမြို့ တော်တ၀ိုက်မှမြေကြီးသည် သူ့သွေး သူ့သား အရင်းအခြာများ မြှုပ်နှံထားရာ မြေကြီး ။ ဤဒေသရှိ ပုံပြင်များ ၊
တေးသီချင်းများ ၊ မျှော်လင့်ချက်များသည် သူ့ဆွေသူ့မျိုးများ၏ ပုံပြင် ၊ သီချင်း ၊ မျှော်လင့်ချက်များပင်ဖြစ်ရကား ၊
သူ့နှလုံးသားသည် ထိုထိုသော အရာတို့နှင့် သံယောဇဉ် အမျှင်ပေါင်းထောင်သောင်းမက သွယ်တန်းယှက်နွယ်
ပူးစပ်နေသည်သာဖြစ်၏ ။ ထိုသို့ သံယောဇဉ် အမျှင်များ သွယ်တန်းနေသော အသည်းနှလုံးသည်
ချစ်ရသောသူတစ်ဦး ဆုံးရှုံးသွားခဲ့ရပြီဖြစ်၏ ။ ထို့ကြောင့် အသည်းနှလုံးသည် ပူဆာငိုကြွေးနေတော့၏ ။
မာရီယားနားသည် သူ့အသည်းပေါ်တွင် သူချစ်ရသောသားနှင့်သူချစ်ရသောဇာတိမြေကိုတင်ကာချိန်စက်မိ၏ ။
ဘယ်သင်းက အလေးသာသည်ကိုသူမပြောနိုင် ။

                   ဒွိဟသံသယတွေ ၀င်လေလေ ၊ မာရီယားနားသည် ညစဉ်လိုလို လမ်းတကာ လျှောက်မိလေလေ
ဖြစ်နေသည် ။ သူ့ကိုမမှတ်မိသောသူများက ညအခါ မာရီယားနားကို တွေ့ ရလျှင် ၊ ရုတ်တရက်
ကြောက်လန့်တကြီးထွက်ပြေးကြ၏ ။ ညအမှောင်မည်းမည်းတွင် အ၀တ်နက်နှင့် မိန်းမအိုကြီးသည်ကား
သူတို့ဆီသို့ တိုးသထက်တိုးဝင်လာသော သေမင်း၏ တမန်ပင်လားဟု ထင်မှတ်မိသောကြောင့် ဖြစ်သည် ။ မာရီယားနားကိုမှတ်မိသူတို့ကလည်း မာရီယားနားသည် သစ္စာဖောက်တစ်ဦး၏ အမေဖြစ်နေသဖြင့်
ဝေးဝေးကရှောင်ကြ၏ ။        

                  တစ်ရက်တွင် မာရီယားနားသည် မြို့ စွန် တစ်နေရာရှိ မြို့ ရိုးအနား၌ မိန်းမတစ်ဦးကိုတွေ့ရ၏ ။
ထိုမိန်းမသည် အလောင်းတစ်လောင်း၏ဘေးတွင် ဒူးထောက်ထိုင်ကာ ၀မ်းနည်းကြေကွဲရိပ်များ သမ်းနေသည့်
မျက်နှာကို ကြယ်များဆီသို့မော့လျက် ဆုတောင်းသမှုပြုနေ၏ ။ မြို့ ရိုးပေါ်က စစ်သားများသည်
အနှောက်အယှက်မဖြစ်အောင် စကားကိုတိုးညင်းစွာပြော၏ ။

                   သစ္စာဖောက်၏ အမေကမေးသည် ။
                        " ရှင့် ခင်ပွန်းလား "
                        " မဟုတ်ပါဘူး"
                        " ရှင့် မောင်လား "
                        " ကျွန်မသားပါ ၊ ကျွန်မခင်ပွန်းက လွန်ခဲ့တဲ့ ၁၃ ရက်က ကျဆုံးသွားပြီ ။ ဒီကနေ့ ကျွန်မသား .. "
ကျဆုံးသွားသူ၏ မိခင်မိန်းမသည် ဒူးထောက်ရာမှ ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်ပြီး ...
                        " ဘုရားသခင်ရဲ့  မွေးမယ်မယ်ဟာ ကျွန်မသားသေတာကို မြင်မှာပါပဲ ၊ သိလည်းသိမှာပါပဲ ၊                                        ဘုရားမယ်တော်ကို ကျေးဇူးတင်မိပါတယ်ရှင် "

                        " မာဒိုနာမယ်တော်က ဘာကိုမြင်ရသလဲ ၊ ဘာကိုသိရသလဲ "

                       " ကျွန်မသားကလေးဟာ သူ့နိုင်ငံအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးသွားတယ်ဆိုတာ
                          မယ်တော်သိမှာပေါ့ရှင် ၊ သူ့အတွက်လေ ကျွန်မမှာစိုးရိမ်လိုက်ရတာ ၊
                          သူက ဘော်ကျော့ အပျော်အပါးကြိုက်တတ်တယ် ၊ ပေါ့ပေါ့နေ ပေါ့ပေါ့စားတတ်တယ် ၊
                          သူ့မြို့ ကို ဟို မာရီယားနားရဲ့ သားလိုသစ္စာဖောက်လိုက်လေမလား လို့ ကျွန်မစိုးရိမ်မိတာပေါ့ ၊
                          မာရီယားနားရဲ့ သားကတော့ ဘုရားသခင်နဲ့လူသားတွေရဲ့  ရန်သူ ၊
                         ကျွန်မတို့ရန်သူရဲ့  ခေါင်းဆောင် .. ကျိန်စာသင့်ပါစေတော် ၊
                         သူ့ကိုမွေးတဲ့ဝမ်းဗိုက်လည်း ကျိန်စာသင့်ပါစေ "

                    မာရီယားနားသည် ညဉ့် အမှောင်ထဲမှာပင်ဖြစ်လင့်ကစား မျက်နှာကိုဝှက်ကွယ်မိသည် ။
နောက်တစ်နေ့နံနက်တွင် မာရီယားနားသည် မြို့ တော် ကာကွယ်ရေးတပ်သားများရှေ့ မှောက်သို့ဝင်ကာ ...

                         " ငါ့သားဟာ မင်းတို့ရဲ့  ရန်သူဖြစ်နေပြီ ၊ ဒီတော့ ငါ့ကိုသတ်ပစ်ကြပါ ၊ မသတ်ရင်လည်း
                           ငါ့ကိုငါ့သားဆီ သွားခွင့်ပြုပါ "  ဟု တည်ကြည်စွာကြေညာလိုက်၏ ။

                         " ခင်ဗျားဟာ လူသားတစ်ယောက်ပါ ၊ ခင်ဗျားဟာ ခင်ဗျားရဲ့ နိုင်ငံကို မြတ်နိုးမှာ အမှန်ပါပဲ ၊
                           ခင်ဗျားရဲ့ သားဟာ ကျွန်တော်တို့ ရန်သူဖြစ်သလို ခင်ဗျားရဲ့ ရန်သူပါပဲ "

                          " ဒါပေမယ့် သူဟာ ငါ့သား ၊ ငါဟာ သားကို သိပ်ချစ်တယ် ၊ ငါဟာ သားကိုမွေးခဲ့ပါတယ် ၊
                            ဒီတော့ ရန်သူကိုမွေးပြီး ရန်သူကိုချစ်တာဟာ အပြစ်ရှိမှာပါပဲ "

                     ကာကွယ်ရေးတပ်သားများသည် စုပေါင်းတိုင်ပင်ကြပြီး ဆုံးဖြတ်ချက်ချလိုက်သည် ။
                        " ခင်ဗျားသားရဲ့  မိုက်ပြစ်အတွက် ခင်ဗျားကိုသတ်ပြီး ကျွန်တော်တို့ ဂုဏ်ယူဖို့မလိုပါဘူး ။
                          ခင်ဗျားသားကို အင်မတန်ကြီးလေးတဲ့ ပြစ်မှုတွေ ကျူးလွန်အောင်လို့ ခင်ဗျားဦးဆောင်
                          လမ်းပြတာမဟုတ်ဘူးဆိုတာလည်း ကျွန်တော်တို့သိပါတယ် ။ အခုခင်ဗျား ရင်ထဲမှာ
                          ဘယ်လောက်မချိတင်ကဲဖြစ်ပြီးနာကျင်နေမယ်ဆိုတာကိုလည်း စာနာမိပါတယ် ။
                          ကျွန်တော်တို့မြို့ တော်ကိုမတိုက်ခိုက်အောင်လို့ခင်ဗျားကို ဓါးစာခံလုပ်ထားဖို့လည်း
                          ကျွန်တော်တို့စိတ်မ၀င်စားပါဘူး ။ ခင်ဗျားသားဟာ အခုလောက်ဆို
                           ခင်ဗျားကိုမေ့နေပါပြီလေ ၊ ခင်ဗျားကိုဖုတ်လေတဲ့ငပိရှိတယ်လို့တောင်
                           အောက်မေ့မှာမဟုတ်ပါဘူး ။ဒီလိုသားမျိုးမွေးမိတယ်လို့ ခင်ဗျားသိတာကိုက
                           အပြစ်ဒဏ်ခတ်ပြီးသား ဖြစ်နေပါပြီ ။ ဒီအသိဟာ သေဒဏ်ထက်ဆိုးရွားတယ်ဆိုတာ
                            ကြောက်စရာကောင်းတယ်ဆိုတာလည်း ခင်ဗျားသိမှာပါပဲ "

                       " ဟုတ်တယ် ၊ သေဒဏ်ထက်ဆိုးပါတယ်ကွယ် " ဟု မာရီယားနားက တုန်ယင်စွာဖြေလိုက်သည် ။
ထို့နောက် ... တပ်သားများသည် မာရီယားနားထွက်ခွာသွားနိုင်ရန် မြို့ တံခါးကို ဟပေးလိုက်လေသည် ။
မြို့ တော်ကို ခွာရပြီဆိုသည်ကပင် မာရီယားနား တစ်ယောက် အသည်းနာတော့မည်ကိုလည်း သူတို့သိလေသည် ။ သူ့ချက်မြှုပ်ဇာတိမြေကို မာရီယားနား ခွဲခွာခဲ့ရပြီ ။ သူ့ဇာတိမြေသည် သူ့သားကြောင့် သွေးအိုင်ထဲတွင်
မျောနေရပေပြီ ။ မာရီယားနားသည် မြို့ ပြင်သို့ ရောက်သွားသည့် တိုင်အောင် ခြေလှမ်းများ နှေးကွေးဆဲပင် ဖြစ်သည် ။
ဤမြို့ နိုင်ငံအပေါ် အထပ်ထပ်ရစ်တွယ်ထားသော သံယောဇဉ်ကြိုးများက တုံ့ဆွဲထားသောကြောင့်ပင်ဖြစ်သည် ။ လမ်းတလျှောက်တွင် တွေ့ရသောအလောင်းများကို မာရီယားနားသည် ဦးညွှတ်အလေးပြုခဲ့သည် ။
ကျိုးပဲ့နေသော လက်နက်များကိုတွေ့လျင် ရွံရှာမုန်းတီးစွာကန်ထုတ်ပစ်သည် ။

                       မြို့ ရိုးပေါ်မှနေ၍ မာရီယားနားကို စောင့်ကြည့်နေသူများအဖို့ မာရီယားနား၏ သဏ္ဍာန်သည် တဖြည်းဖြည်း သေးငယ်၍သွားသည် ။ သူတို့၏ကျဆင်းနေသောစိတ်ဓါတ်များ ၊
မျှော်လင့်ချက် ကင်းမဲ့နေမှုများသည်လည်း မာရီယားနားနှင့်အတူလိုက်ပါသွားသည်ဟု ထင်မှတ်မိသည် ။
မာရီယားနား၏သဏ္ဍာန်သည် မြို့ ရိုးနှင့် ရန်သူများအကြား လမ်းခုလပ်တွင်ရပ်တန့်လိုက်သည် ။
နောက်  မြို့ ဘက်ကိုလှည့်ကာ အတန်ကြာငေးစိုက်ကြည့် နေသည် ။ ရန်သူ့တပ်နားသို့ရောက်သောအခါ ၊
သေးငယ်သော သဏ္ဍာန်အနားသို့ အခြားသဏ္ဍာန်များ ၀ိုင်းအုံလာသည်ကိုတွေ့လိုက်ရသည် ။
ရန်သူတပ်သားများက မာရီယားနားကိုစစ်မေးမြန်းကြသည် ။

                                " မင်းတို့ရဲ့  ခေါင်းဆောင်ဟာ  ငါ့သားပဲ "
                    မာရီယားနားက ပြောလိုက်သည် ။ မည်သည့် စစ်သားကမှ မယုံမကြည်မဖြစ် ။ သူတို့သည် မာရီယားနား၏ ဘေး၌စုရုံးလာကြပြီး သူတို့ခေါင်းဆောင်၏ ဂုဏ်ပုဒ်ကို ချီးကျူးထားသော သီချင်းများကို
သံပြိုင်ဟစ်ကြွေးသီဆိုကြ၏ ။ သူတို့၏ခေါင်းဆောင် မည်မျှလိမ္မာပါးနပ်ပုံ ၊ ရဲရင့်သတ္တိရှိပုံတို့ပင်ဖြစ်သည် ။
မာရီယားနားသည် သူတို့၏ သီချင်းသံကို နားထောင်ရင် ၀ံ့ကြွားဂုဏ်ယူသည့်အနေဖြင့် ခေါင်းမော့လာသည် ။
သူ့သားသည်လိမ္မာပါးနပ် သတ္တိဗျတ္တိရှိသူအပြင် ၊ အခြားဘာမျှမဖြစ်နိုင်သည်ကို သူသိပြီးသားပင်ဖြစ်သည် ။

                   မာရီယားနားသည် သူ့သားရှေ့ မှောက်သို့ရောက်ခဲ့ပြီ ။ မမွေးဖွားမီ ကိုးလကပင်
ကြိုတင်သိထားခဲ့ရသောသူ့သား ၊ သူ့ နှလုံးသားနှင့် ဘယ်လိုမှခွဲခွာမရသော သူ့သား ။ ယခုမူ
သူ့သားသည် ပိုးဖဲကတ္တီပါဝတ်တို့ကိုလွှမ်းခြုံလျက် ၊ အဖိုးအနဂ္ဃတန်သော ကျောက်မျက်ရွဲတို့ဖြင့်
မွမ်းမံခြယ်သထားသော ဓါးကိုဆောင်လျက် သူ့ရှေ့ မှောက်တွင်ရောက်နေပေပြီ ။ သူ့သားသည်
သူမကြာခဏဆိုသလို အိပ်မက်တွင် တွေ့ခဲ့ရသည်နှင့်ထပ်တူချမ်းသာကြွယ်ဝသူ ၊ ကျော်ကြားထင်ရှားသူ ၊
လူအများ ချီးကျူးခံရသူဖြစ်နေပေပြီ ။

                                 " အမေ .. အမေ .."
                   သူ့သားသည် သူ့လက်ကို အခါခါနမ်းရှုပ်ရင်း မြည်တမ်းလေသည် ။
                               " အမေ နောက်ဆုံးတော့ ကျွန်တော့်ဆီ ရောက်လာပြီပေါ့ ။
                                  အမေဟာ ကျွန်တော်နဲ့အတူရှိနေပြီ ။မနက်ဖြန်ဆိုဟောဒီ
                                  ကျိန်စာသင့်နေတဲ့မြို့ ကို ကျွန်တော်ပိုင်ပိုင်ကြီး ချေမှုန်းပစ်လိုက်တော့မယ် "

                               " အဲဒီမြို့ ဟာ မင်းရဲ့ ဇာတိချက်မြှုပ်မြို့ နော် .. သား .. "

                    မာရီယားနားက သတိပေးသလို ပြောလိုက်သည် ။
                   တန်ခိုး အာဏာတွင် ယစ်မူးလျက် ၊ နောက်ထပ်ကျော်စောထင်ရှားမှုကို အာသာငမ်းငမ်းတပ်မက်နေသော
သားသည် ငယ်မာန်နှင့် အမေ့ကို ပြန်ဖြေလိုက်သည် ။

                                 " အမေပြောတာမဟုတ်ဘူး ၊ ကျွန်တော်ဟာ ကမ္ဘာထဲမှာမွေးလာတာ ၊
                                    ကမ္ဘာကြီးအတွက်မွေးလာတာ ၊ ကျွန်တော်အတွက် ကမ္ဘာတစ်ခုလုံးဟာ
                                   သိမ့်သိမ့်တုန်သွားရမယ် အမေ ၊ ကျွန်တော်ဒီမြို့ ကိုမတိုက်သေးဘဲ
                                    ဒီလောက်အထိချမ်းသာပေးထားတာ ဘာကြောင့်လဲ  သိလား ... ၊
                                    အမေ့ကြောင့် ၊ ဒီမြို့ ဟာကျွန်တော့်အသားထဲ နစ်ဝင်နေတဲ့ ဆူးတစ်ဆူးပဲ အမေ ၊
                                    တရှိန်ရှိန်တက်နေတဲ့ ကျွန်တော့်ရဲ့  ဂုဏ်သိက္ခာကို ဟန့်တားနေတဲ့ အဟန့်အတားတစ်ခုပဲ ၊                                     ကြည့်ကြသေးတာပေါ့ ၊ မနက်ဖြန်ဆိုရင်လူမိုက်တွေစုဝေးနေတဲ့ အသိုက်ကလေးကို
                                    ကျွန်တော်ဖျက်ပြပါ့မယ် "

                                 " သား ဖျက်မယ်ဆိုပြီးကြိမ်းဝါးနေတဲ့မြို့ က ကျောက်တုံးကလေးတိုင်းဟာ
                                   သားနဲ့ကစားဖော်တွေပေါ့ "
                    မာရီယားနားကပြောလိုက်သည်။

                                 " ကျောက်တုံးတွေက စကားမပြောတတ်ပါဘူးအမေ ၊ လူတွေကသာ
                                  စကားပြောတတ်သလို အင်္လကာတွေသုံးနေတာပါ ။ ကျောက်တုံးကိုဖယ်ထားလိုက်ပါ ၊
                                   တောင်ကြီးတွေက ကျွန်တော့်အကြောင်းချီးမွမ်းပြောဆိုလာအောင်ကျွန်တော်လုပ်ပြပါ့မယ် "

                                 " သားပြောသလို ကျောက်တုံးတွေ ဖယ်ထားဆိုလည်းထားလိုက်ပါတော့ ။
                                   လူတွေကကောကွယ် .."

                                 " အား .. ဟုတ်တယ် ဟုတ်တယ် ၊ လူတွေကို ကျွန်တော်လိုတယ် ။ လူတွေရဲ့ 
                                  မှတ်ဥာဏ်မှာသာ သူရဲကောင်းတွေဟာ မသေမပျောက်ဘဲ အမြဲရှင်သန်နေတာကိုး အမေရဲ့  "

                                  " သူရဲကောင်းဆိုတာ သေခြင်းကို အာခံပြီး ရှင်သန်ကြီးပွားခြင်းကိုဖန်တီးသူတွေ ၊
                                     သေချင်းကိုအောင်နိုင်သူတွေ.... "

                   မာရီယားနား၏ စကားမဆုံးမီပင် သူ့သားကစကားဖြတ်၍ဆို၏ ။

                                 " မဟုတ်ဘူးအမေ ၊ မဟုတ်ဘူး ၊ မြို့ တစ်မြို့ ကို တည်ဆောက်သူလို                                                                   ဖျက်ဆီးသူဟာလည်းထင်ပေါ်ကျော်ကြားတာပဲ ၊ရောမမြို့ ကြီးကိုဘယ်သူတည်ခဲ့သလဲ ၊
                                    'အေအီနီယတ်စ်'  လား ..'ရိုမြူလပ်စ်' လား ၊ ဘယ်သူမှ သေသေချာချာ မမှတ်မိတော့ဘူး ။
                                    ဒါပေမယ့် ကျွန်တော်တို့ သေသေချာချာမှတ်မိတာကတော့
                                   အာလာရစ်နဲ့ သူရဲကောင်းတွေဟာ ရောမမြို့ ကိုဖျက်ဆီးပစ်တယ်ဆိုတာပဲ "

                                 " ဒါပေမယ့် ရောမဆိုတဲ့နာမည်ကတော့ အာလာရစ်နဲ့ သူရဲကောင်းတွေထက်
                                   သမိုင်းမှာတင်ကျန်ရစ်ခဲ့တယ်နော် ..သား .. "

                   သားအမိနှစ်ယောက်သည် တောင်စွယ်နေကွယ်သည်အထိ စကားပြောနေကြသည် ။
သူ့သား၏ အားမာန်နှင့် ပြောစကားများကို အမေသည် ကြားဖြတ်ပြောသည့် အကြိမ်နည်းလာသည်နှင့်အမျှ သားအတွက်ဂုဏ်ယူဝံ့ကြွားစွာမော်ထားသောဦးခေါင်းသည်လည်း တဖြည်းဖြည်း နိမ့်ကျလာသည် ။

                    အမေသည် အသက်ကို ဖန်တီးသူ ၊ ကာကွယ်စောင့်ရှောက်သူဖြစ်သည် ။
ဖျက်ဆီးခြင်းအကြောင်းပြောသူသည် အမေ့ကိုဆန့်ကျင်သူဖြစ်သည် ။ သားသည် အမေ့ကို ဆန့်ကျင်ဘက်
ပြုနေကြောင်း သားမသိနိုင်ခဲ့ ၊ မမြင်နိုင်ခဲ့ ။ အဘယ်ကြောင့်ဆိုသော် အေးစက်မာကျောစွာတောက်ပနေသော
အောင်မြင်ကျော်ကြားမှု အရှိန်အ၀ါသည် သား၏ နှလုံးသားကို ခံစားသိမြင်မှုမှ
ချုပ်ငြိမ်းကင်းကွာစေခဲ့ပြီဖြစ်သောကြောင့်တည်း ။

                    အမေတို့သည် သူတို့ဖန်တီးထားသော အသက်များ ၊ သူတို့မြတ်နိုးတန်ဖိုးထားသောအသက်များ
အန္တရာယ်နှင့် ကြုံပြီဆိုလျင်အတုမရှိအောင် အကြောက်အရွံ့ မဲ့တတ်သည် ။ လိမ္မာပါးနပ်စွာ
အညှာအတာမဲ့တတ်သည် ။ ထိုအချက်ကို အမေ မာရီယားနား၏ သားတစ်ယောက် မသိရှာပေ ။

                    အမေ မာရီယားနားသည် သူ့သား၏ ကြီးကျယ်ခမ်းနားသော စစ်တဲကြီးထဲတွင်
ခေါင်းကိုငုံ့လျက်ထိုင်နေသည် ။ တဲဝကိုကျော်ဖြတ်၍ကြည့်လိုက်သောအခါ ၊ မာရီယားနားသည်
သူ့မြို့ ရိုးကိုလှမ်းမြင်ရသည် ။ ဤမြို့ ကိုမြင်သည်နှင့် တပြိုင်နက် ၊ မာရီယားနား၏ ရင်တွင်းသို့ချိုမြသော
ပီတိအဟုန် ၀င်ရောက်ရိုက်ခတ်လေတော့သည် ။ ဤမြို့ ၌ သူ့ရှေ့ တွင်ရှိနေသောသားကိုမွေးဖွားခဲ့ပုံကိုလည်း
ပြန်လည်သတိရမိသည် ။ ၀င်လုဆဲနေမင်း၏ နီကျင့်ကျင့်အရောင်သည် မြို့ ရိုးများ ၊ ပြအိုးများကို
သွေးနီရောင် ခြယ်ပေးနေရကား ၊ မြို့ ကြီးတစ်မြို့ လုံးသည် သွေးများရွှဲနေသော ဒဏ်ရာကြီးနှင့် တူလှတော့သည် ။ မာရီယားနား ငေးစိုက်ကြည့်နေရင်းပင် နေ၀င်သွားပြီး အမှောင်ကျလာသည် ။ သွေးရွှဲရွှဲလို ရဲရဲနီသောမြို့ သည်
တဖြည်းတဖြည်း မည်းမှောင်ကာ လူသေတစ်ယောက်လိုဖြစ်လာသည် ။ မြို့ အထက်က
ကြယ်ပွင့်ကလေးများသည်ပင်လျင် မသာခေါင်းရင်း၌ ထွန်းညှိထားသော
ဖယောင်းတိုင်ကလေးများလားအောက်မေ့ရသည် ။

                                 " ကျွန်တော်တို့ ဒီကနေ့ည ဒီမြို့ ကို တိုက်ရလိမ့်မယ်ထင်တယ် ။ အမှောင်သိပ်သည်းရင်
                                  တိုက်ဖို့လိုတယ် ။ မနက်လင်းမှဆိုရင်နေရောင်ရယ် လက်နက်အရောင်တွေရယ်
                                  မျက်စိထဲကိုစူးဝင်လာပြီး ခုတ်ချက်ထိုးချက်တွေသိပ်မမှန်တတ်ဘူး "

                        သားသည် သူ့ဓါးကြီးကို တဆဆလုပ်ရင်း ပြောလိုက်သည် ။

                                  " ကဲ လာလာ သားကလေးရယ် ... အမေ့ရင်ခွင်မှာ မျက်နှာအပ်ပြီးအိပ်လိုက်ပါဦး ၊
                                   မင်းငယ်ငယ်တုန်းက အိပ်သလိုလေ ၊ မင်းငယ်ငယ်တုန်းကဆိုရင် လူတွေက သိပ်ချစ်ကြတာ "

                        မာရီယားနားက သားကိုခေါ်လိုက်သည့် အခါ သားသည် အမေ့ရင်ခွင်သို့ တိုးဝင်လာပြီး
မျက်လုံးကိုမှိတ်ကာ အနားယူလိုက်လေသည် ။

                                     " ကျွန်တော်ဟာ ကျော်ကြားမှုကိုချစ်တယ် ၊ နောက်ပြီး အမေ့ကိုလည်း ချစ်တယ် ။
                                        အမေဟာ ကျွန်တော့်ကို မွေးပေးလို့ကျွန်တော်ဒီအခြေအနေထိမြင့်တက်ခဲ့တာပဲ "

                                      " မင်း  မိန်းမတွေကောမချစ်ဘူးလားကွယ် "
အမေသည် သူ့ကိုယ်ကို သူ့သားပေါ်ကိုင်းညွှတ်ရင်း မေးလိုက်၏ ။

                                       " မိန်းမတွေ အများကြီးရှိနေသားပဲ ၊ ဘာဟာ အချိုဆုံးလည်းဆိုပြီး
                                         လူတွေမြည်းကြည့်သလို သားလည်းမြည်းကြည့်ဖူးပါတယ် "

                                       " ကလေးတွေဘာတွေကော မင်းမလိုချင်ဘူးလား သား "

                                        " ဘာလုပ်ဖို့လဲ အမေရယ် ၊ သူများ အသတ်ခံရဖို့လား ၊ ကျွန်တော့်လို
                                         စစ်ဘုရင်တစ်ယောက်ယောက်ရဲ့  အသတ်ခံရဖို့လား ၊ သူတို့တတွေ အသတ်ခံရရင်
                                         ကျွန်တော်ရင်နာရမယ် ။ အဲဒီအချိန်မှာ သူတို့ကို သတ်တဲ့သူကို လက်စားချေဖို့ကလည်း
                                         ကျွန်တော် အိုနေတော့ ဖြစ်မှာမဟုတ်ဘူး "

                                        " သားဟာသိပ်ချောတာပဲ ၊ ချစ်စရာလည်းသိပ်ကောင်းတာပဲ သားရယ် ၊
                                          သားရဲ့  အလှဟာ လျှပ်ပန်းလျှပ်နွယ်တစ်ခုလိုပဲ "

                                          "ဟုတ်တယ် အမေ ၊ လျှပ်ပန်းလျှပ်နွယ်တစ်ခုလိုပဲ "
သားက အမေကို ပြုံးပြရင်း အဖြေပေးလိုက်သည် ။

                          မာရီယားနား၏ ရင်ခွင်ထက်ဝယ် ခေါင်းတင်ရင်း သားသည် ငိုက်မျဉ်းစပြုနေသည် ။
သားသည် စစ်ဘုရင်ကြီးတပါး မဟုတ်တော့ဘဲ အမေ့ရင်ခွင်ထဲ၌ ကလေးငယ်ကလေးသာဖြစ်နေလေသည် ။

                        မာရီယားနားသည် သူ့သား၏ ကိုယ်ကို သူဝတ်ထားသော ခြုံထည်အနက်ဖြင့် လွှမ်းခြုံလိုက်ပြီး
သူဝှက်ယူလာခဲ့သည့် ဓါးဖြင့် သား၏ နှလုံးသားကို ထိုးစိုက်ချလိုက်သည် ။ သားတစ်ယောက်၏ နှလုံးသားသည်
ဘယ်နေရာမှာရှိသည်ကို အမေလောက်သိနိုင်သူ လောက၌မရှိ ။ သူ့သားသည် တချက်မျှတွန့်လိုက်ပြီး
အသက်ပျောက်သွားသည် ။ မာရီယားနားသည် အသေကောင်ကို ခြေရင်း၌ချထားလိုက်ပြီး
သူ့ဇာတိချက်မြှုပ်မြို့ တော်ဆီသို့ မျက်နှာမူကာ ...

                                        " နိုင်ငံသားတစ်ယောက်အနေနဲ့ ကျွန်မဟာလုပ်သင့်တာကိုလုပ်ပြီးပါပြီ ၊
                                          အမေတစ်ယောက်အနေနဲ့ ကျွန်မဟာ ကျွန်မသားနဲ့အတူပဲနေလိုပါတယ် ။
                                          ကျွန်မှာ သားတစ်ယောက်နောက်ထပ်မွေးဖို့ အချိန်မရှိတော့ပါဘူး ။
                                         ဒါကြောင့်လည်း ကျွန်မဟာ ဘယ်သူ့အတွက်မှအသုံးမ၀င်တော့ပါဘူး "

                          သူ့သား၏သွေး ၊ တနည်းဆိုရလျင် သူ့သွေး၏ သွေးနှင့် ပူနွေးနေသော ဓါးမြှောင်ကို
တင်းကျပ်စွာကိုင်ပြီးသူ့ အသည်းနှလုံးရှိရာသို့ မာရီယားနားသည် ထိုးစိုက်ချလိုက်၏ ။ ဤတစ်ချက်လည်း မလွဲပေ ။
အဘယ်ကြောင့်ဆိုသော် နာကျင်နေသော အသည်းနှလုံးသည် ရှာရအလွယ်ဆုံးမဟုတ်ပါလား ။https://www.facebook.com/notes/ye-htet/သစ္စာဖောက်/ ဒီလင့်ကနေကူးယူပါတယ်

No comments:

Post a Comment