Wednesday, March 28, 2012

ကိုယ်သာ ရော့သ်ချိုင်း ဆိုရင်လေ.........( အပိုင်း ၂ )

Rothshilds တွေဟာ ကမ္ဘာကျော် အနုပညာလက်ရာတွေကိုလည်း ဟိုးအရင်ကတည်းက စုဆောင်းသူတွေဖြစ်တယ်။ နိုင်ငံတော်တော်များများက ပြတိုက်တွေမှာ သူတို့နာမည်ဖော်ပြီးတစ်မျိုး ၊ မသိစေချင်လို့ နာမည်မဖော်ဘဲ တစ်ဖုံ လှူထားတဲ့ ပစ္စည်းတွေ များစွာရှိတယ်။ဥပမာတစ်ခု ပြောရရင် ပြင်သစ်ရော့သ်ချိုင်းမိသားစုဝင် Charlotte Béatrice de Rothschild ဆိုတဲ့ အမျိုးသမီးဟာ သူ့မောင်ရဲ့ စေ့စပ်ပွဲမှာ ဘဲဥပုံနာရီကို လက်ဆောင်ပေးခဲ့တယ်။ ၁၉၀၂ မှာ မင်းမျိုးမင်းနွယ်လောကမှာ ကျော်ကြားတဲ့ ရုရှား ရတနာကုန်သည် Peter Carl Faberge' ဆီက အထူးအော်ဒါမှာခဲ့တာ ဖြစ်လို့ Rothschild egg သို့မဟုတ် Faberge' egg လို့ နာမည်ကြီးတယ်။
  •                  ရတနာတွေ စီခြယ်ထားတဲ့ အဲဒီနာရီကနေ အချိန်ကျပြီဆိုရင် စိန်ခြယ်ထားတဲ့ ကြက်ဖကလေးက ခေါင်းပြူထွက်လာပြီး တောင်ပံကို ၄ ကြိမ်ခတ်၊ ခေါင်းလေးကို ၃ ခါ ညှိတ်ပြီး တွန်တယ်။ အဲဒီဘဲဥပုံနာရီကို ၂၀၀၇ မှာ ကမ္ဘာကျော် အနုပညာလက်ရာ ရောင်းဝယ်ရေးကုမ္ပဏီ Christie's က လေလံပစ်တော့ ပေါင်စတာလင် ၈.၉ သန်း ရတယ်။ ခုပေါက်ဈေး ဒေါ်လာနဲ့ဆို ၁၄ သန်းလောက် ရှိမယ်။အဲဒီနာရီဟာ ဈေးကြီးပေ့ဆိုတာ နာရီတွေရဲ့ လေလံသမိုင်းမှာ ဈေးအကြီးဆုံးပါဘဲ။ အခုတော့ ဂျာမနီနိုင်ငံ  Baden-Baden မြို့က Faberge Museum ထဲမှာ ပြထားတယ်။ဒါဟာ ရော့သ်ချိုင်း စုဆောင်းခဲ့တဲ့ အနုပညာများထဲက တစ်ခုသာရှိပါသေးတယ်။
  •                အနုပညာလက်ရာတွေထဲမှာ နန်းတော်တမျှခမ်းနားတဲ့ အိမ်တွေပါခဲ့တယ်။၂၀ ရာစုအစပိုင်းမှာ ရော့သ်ချိုင်းတွေပိုင်တဲ့အဖိုးတန်အိမ်ကြီးတွေချည်း ၄၁ လုံးရှိခဲ့တယ်လို့ဆိုတယ်။ သြတတြီးယားနိုင်ငံ ဗီယေနာမြို့မှာတင်ဘဲ ငါးလုံးရှိခဲ့တယ်။ အဖိုးတန်ပန်းချီကားတွေ၊ စာအုပ်တွေ၊ ရုပ်ထုတွေ၊ သံချပ်ကာအင်္ကျီတွေ၊ ပရိဘောဂတွေနဲ့ တခြားတိုလီမိုလီတွေလည်း အများကြီး။ ဒါပေမယ့် ဒီအနုပညာတွေထဲကများစွာဟာ စစ်အတွင်းမှာရော၊ နာဇီတွေရဲ့လက်ချက်နဲ့ ရော တစ်ချို့ဖျက်ဆီးတာခံရတယ်။ တစ်ချို့လည်း အသိမ်းခံရတယ်။ အသိမ်းခံရတာတွေထဲက နောက်ပိုင်း ပြန်ရတာတွေနဲ့ ကျန်တာတွေထဲက အများကြီးကို ကျန်တဲ့ ရော့သ်ချိုင်းတွေက နာမည်ဖော်လို့ တစ်မျိုး၊ မဖော်ဘဲ တစ်ဖုံ ပြတိုက်တွေကို လှူပစ်တာတွေ ရှိတယ်။
ပြင်သစ်နဲ့အီတလီအကြား French Riviera သို့မဟုတ် Azure Coast လို့လည်း ခေါ်တဲ့ကမ်းခြေမှ ရော့သ်ချိုင်း လှူခဲ့သောအိမ်တစ်လုံးကို အခုလို ပြတိုက်လုပ်ထားတယ်။
အိမ်နောက်ဖက်မှာ ပန်းခြံနဲ့

  •                ရော့ချိုင်းကုမ္ပဏီတွေထဲက တစ်ခုဟာ ဒိုင်ယာနာမင်းသမီး Princess Diana တို့ရဲ့ Spancer မျိုးဆက်ပိုင်တဲ့ လန်ဒန်မြို့က Spancer House မှာရှိတယ်။ ၁၉၈၆ မှာ ရော့သ်ချိုင်းတစ်ယောက်က အဲဒီအိမ်ကို Spencer မိသားစုဆီက ၉၆ နှစ်တိတိ ငှားရမ်းလိုက်တာဖြစ်တယ်။ ပြန်မွမ်းမံပြင်ဆင်ပြီး အခု ပြတိုက်လုပ်ထားလို့ သွားကြည့်လို့ရတယ်။
ငယ်စဉ်က မိဘမျိုးရိုးနာမည်ဖြင့်Diana Spencer
ချားလ်စ် နဲ့ လက်ထပ်ပြီးနောက် Princess of Wales
Spencer HouseSpencer House မှ အခန်းတစ်ခန်း         

  •                 ဂျူးနိုင်ငံ ဖြစ်တဲ့ အစ္စရေးကို ၁၉၄၈ မှာတည်ထောင်တော့လည်း ရော့သ်ချိုင်းတွေရဲ့ ပံပိုးမှုအများကြီးပါလို့ တစ်ချို့က အစ္စရေးရဲ့ ၈၀ ရာခိုင်နှုန်းကို ရော့သ်ချိုင်းတွေပိုင်တယ်လို့တောင် ပြောကြတယ်။ ချဲ့ကားပြီး ပြောတာ ဖြစ်နိုင်ပေမယ့်သူတို့နာမည်နဲ့ နေရာတွေအများကြီးရှိတာတော့ အမှန်ပါ။ အစ္စရေးရဲ့ စီးပွားရေး မြို့တော် Tel Aviv မှာ Rothschild Boulevard ဆိုပြီးလမ်းရှိတယ်။ တစ်ချို့သော အစ္စရေးမြို့တွေကို ရော့သ်ချိုင်းတွေ အကူအညီနဲ့ တည်ထောင်တာဖြစ်တယ်။ အစ္စရေးအစိုးရအဆောက်အအုံတစ်ချို့ကိုလည်း သူတို့ငွေထုတ်ပြီး ဆောက်တာဖြစ်တယ်။ အဲဒီထဲက အထင်ကရတွေကို ပြရရင် အစ္စရေးနိုင်ငံတရားရုံးချုပ် Supreme Court of Isreal နဲ့ ဂျေယူစလင်မြို့က အစ္စရေး ပါလီမန်ဖြစ်တယ်။ ဘယ်လောက်တောင်ပြောကြလဲဆို အစ္စရေးနိုင်ငံရဲ့ အလံဟာ ရော့သ်ချိုင်းမိသားစု အမှတ်အသားကို ယူထားတာ လို့တောင် အထိ။ အဲဒါတော့မဖြစ်နိုင်ပါ။
ဂျေယူစလင်မြို့က အစ္စရေးပါလီမန်ပုံပါလီမန်ရှေ့ပိုင်း

'' ကမ္ဘာကြီးမှာ ပါဝါဆိုလို့ တစ်ခုဘဲရှိပါတယ်။ အဲဒီပါဝါဟာ ရော့သ်ချိုင်းပါဘဲ  ''  ( ၁၉ ရာစု ပြင်သစ် commentator တစ်ယောက်၏ အဆို )

ညီအစ်ကို ငါးယောက်ကို ကိုယ်စားပြုသော မြှားငါးချောင်းနဲ့ ရော့သ်ချိုင်း အမှတ်အသား
The flag of Isreal အစ္စရေးအလံ

ရော့သ်ချိုင်းတွေဆောက်ပေးတဲ့အစ္စရေးတရားရုံးတရားရုံးအတွင်းဖက်ကော်ရေဒါ

  •             ဘယ်သူကဘယ်လိုပြောပြော နေသန်ရောသ်ချိုင်းပြောတာလောက်တော့ ဘယ်သူမှ ရှင်းအောင် မပြောနိုင်ဘူး။
      '' ပိုက်ဆံကိစ္စအ၀၀ကို ထိန်းချုပ်နိုင်သူဟာ အစိုးရကို ထိန်းချုပ်နိုင်သူဘဲ။ဗြိတိန်နိုင်ငံရဲ့ ပုလ္လင်ပေါ်မှာ ဘယ်ရုပ်သေးရုပ်ကိုတင်တင် ငါဂရုမစိုက်ဘူး။ ဗြိတိန်နိုင်ငံရဲ့ ငွေကြေးကို ထိန်းချုပ်သူဟာ ဗြိတိန်အင်ပါယာကြီးကို အုပ်ချုပ်သူဘဲ။ ဗြိတိန်ရဲ့ ငွေကြေးကို ထိန်းချုပ်သူဟာ ငါဘဲ '' ။

ရော့သ်ချိုင်း မျိုဆက်သစ်တစ်ယောက်ကလည်း ဘမျိုးဘိုးတူ ချို (ဂျို) နဲ့ ဆိုသလို ဘာပြောသလဲဆိုတော့ '' တိုင်းပြည်ရဲ့ ငွေကြေးစနစ်ထိန်းချုပ်ခွင့်ကိုသာ ငါ့ကိုပေး။ ဘယ်သူ ဥပဒေပြုပြု ဂရုမစိုက်ဘူး '' တဲ့။

  •               ရော့သ်ချိုင်းတွေဟာ လန်ဒန်ရွှေဈေးကနေ ထွက်တော့မယ်လို့၂၀၀၄ မှာ ကြေငြာခဲ့တယ်။ ရွှေဟာသူတို့ရဲ့ အဓိကစီးပွားရေးမဟုတ်တော့ဘူး ဆိုတဲ့ အကြောင်းပြချက်နဲ့ပါ။ နှစ်တစ်ရာနီးပါးလောက် ရွှေကို လုပ်လာပြီးမှာ ထွက်တော့မယ်ဆိုတော့ လူတိုင်းအံသြကြတယ်။ ၀ါတာလူးစစ်ပွဲတုန်းကလိုများ လှည့်ကွက်တစ်ခုလား လို့ထင်ကြေးတွေအမျိုးမျိုးပေးခဲ့ကြတယ်။ သူတို့ထွက်သွားပေမယ့်ကမ္ဘာ့ရွှေဈေးကို အရင်ကလိုဘဲ အခုလည်း သူ့တို့ကုမ္ပဏီဝင်းထဲမှာ ဆုံးဖြတ်ဆဲ။ စနေတနင်္ဂနွေကလွဲလို့ နေ့တိုင်း တစ်နေ့ကို ၂ ခါကြေငြာတယ် ။ အဖွဲ့ဝင်ဘဏ်ငါးခု ပါတဲ့ London Gold Market Fixing Ltd ဆိုတဲ့ ကုမ္ပဏီက ကြေငြာတာဖြစ်ပြီး အဲဒီကုမ္ပဏီဟာ N M Rothschilds and Sons ကုမ္ပဏီကြီးထဲမှာ ရှိတယ်။လန်ဒန် ရွှေတုံးဈေး London Bullion Market ရဲ့ လက်ကားဈေးအပေါ်မှာ မူတည်ပြီး နေ့တိုင်း အမေရိကန် ဒေါ်လာ၊ အင်္ဂလိပ် ပေါင်စတာလင်၊ ဥရောပသုံး ယူရိုငွေ သုံးမျိုးနဲ့ ကြေငြာပေးတယ်။ လန်ဒန်စံတော်ချိန် မနက် ၁၀ နာရီခွဲမှာ တစ်ကြိမ်၊ ညနေ ၃ နာရီမှာ တစ်ကြိမ်။ အရင်တုန်းကတော့ လူငါးယောက်ပါတဲ့ အဖွဲ့က မျက်နှာဆုံညီ အစီးအဝေးထိုင်ပြီး ဆုံးဖြတ်တယ်။ အရင်က အဲဒီအဖွဲ့မှာ ရော့သ်ချိုင်းက ထာဝရ ကြီးမှုးသူနေရာ permanent chairmanship ကို ရော့သ်ချိုင်းတွေက ယူထားခဲ့တယ်။ ၂၀၀၄ မှာ ရော့သ်ချိုင်းတွေ ထွက်သွားတဲ့ နောက်ပိုင်း အဲဒီအဖွဲ့ဝင် ဘဏ်ငါးခုက နှစ်တိုင်း တစ်လှည့်စီ အဲဒီနေရာကိုယူပြီး နေ့စဉ်ရွှေဈေးကို တယ်လီဖုန်းကွန်းဖရန့် telephone conference လုပ်ပြီး ဆုံးဖြတ်တယ်။
 လန်ဒန်မှ N M Rothschild & Sons ကုမ္ပဏီ
အရင် ရွှေဈေးကို အဖွဲ့ဝင်ငါးယောက်ဒီလိုဆုံပြီးဆုံးဖြတ်ပြီးမှ ကြေငြာတယ်။ ၂၀၀၄ မှာ ရော့သ်ချိုင်းတို့ထွက်သွားကတည်းကစပြီး တယ်လီဖုန်းconference လုပ်ပြီးဆုံးဖြတ်ကြေငြာတယ်။
  • လက်ရှိ London Gold Market Fixing Ltd ရဲ့ အဖွဲ့ဝင်တွေကတော့ Barclays Capital ( အင်္ဂလိပ်ဘဏ် ) ,Scotia-Mocatta ( အင်္ဂလိပ်ဘဏ်)၊ Socie'te' Ge'ne'rale ( ပြင်သစ်အခြေစိုက်ဘဏ်)၊ HSBC ( လန်ဒန်အခြေစိုက် အင်္ဂလိပ်ဘဏ် )၊ Deutsche Bank ( Frankfurt အခြေစိုက် ဂျာမန်ဘဏ်)တို့ဖြစ်တယ်။

  •            နေသန်ရော့သ်ချိုင်းရဲ့သားအကြီးဆုံး Walter Rothshild ဟာ စီပွားရေးတင်မကဘူး။ တိရစ္ဆာန်တွေကို လေ့လာတဲ့ သတ္တဗေဒကို စိတ်ဝင်တစားလုပ်ခဲ့တယ်။ ကျန်းမာရေးချူချာသူမို့အိမ်မှာ ငယ်ငယ်လေးကတည်း အကောင်ဗလောင်မွေးရတာဝါသနာပါပြီး သားပိုက်ကောင်ကလေးတွေ၊ငှက်ကလေးတွေ၊ လိပ်ပြာလေးတွေနဲ့ တခြားအင်းဆက်ပိုးမွားလေးတွေကို အိမ်မှာမွေးထားခဲ့တယ်။ '' ငါကြီးလာရင် တိရစ္ဆာန်ပြတိုက်ထောင်မှာ '' လို့ အသက် ( ၇ ) နှစ်ကတည်းက ကြွေးကြော်ခဲ့ပြီး Cambridge တက္ကသိုလ်မှာ သတ္တဗေဒဘာသာကို တက်ခဲ့တယ်။
မြင်းကြားZebra ကို ယဉ်အောင်လုပ်လို့မရဘူးဆိုတဲ့အများထင်မြင်ချက်ကို စိန်ခေါ်ပြီးသူယဉ်အောင်လုပ်ထားသော မြင်းကြားဆွဲလှည်းဖြင့်Buckingham Palace ကို သွားပြတဲ့ Walter Rothschild
သူ့အချစ်တော်လိပ်ကြီးနဲ့Walter Rothschild
  •         ဒါပေမယ့် အသက် ( ၂၁ ) နှစ်မှာတော့ သူတို့မိသားစုထုံးစံအတိုင်း ဘဏ်လုပ်ငန်းကို သင်ခဲ့ရတယ်။ သားအကြီးဆုံးလည်းဖြစ်တော့ ဘဏ်လုပ်ငန်းမှာ ၀ါသနာမပါပေမယ့် ဒီလိုဘဲ ဒရွတ်တိုက်ပြီး လုပ်လိုက်တာ အနှစ် ၂၀ လောက်လုပ်ဖြစ်သွားတယ်။ အဲဒီတော့မှ သူ့သားဝါသနာဘာလဲဆိုတာ သိနေတဲ့ ဦးနေသန်ကြီးဟာ '' ဒီလောက်လုပ်ခိုင်းပြီးရင်တော့ တော်ပါပြီလေ '' ဆိုပြီး သားကို ဘဏ်လုပ်ငန်းထဲက ထွက်ခွင့်ပေးတယ်။ မလုပ်ချင်တာကို ဇွတ်မှိတ်ပြီး လုပ်ခဲ့လို့ဆုချတဲ့အနေနဲ့ သားကို သတ္တဗေဒ ပြတိုက် zoological mesuem ထောင်ပေးပြီး သူ့သားရဲ့ တိရစ္ဆန်မျိုးစိတ်သစ်တွေရှာဖွေရေး ခရီးစဉ်တွေအားလုံးကို အကုန်အကျခံပေးလိုက်တယ်။
ပြတိုက်
Walter Rothschild ရဲ့ ပြတိုက်ထဲက အကောင်ဗလောင် တစ်ချို့
  •             ဟိုတယောက်ကလည်း အဲဒီကတည်းက စူလလိပ်ရေမှာလွှတ်သလို သွားလိုက်တဲ့ခရီး။ ဥရောပတခွင်ပြဲပြဲစင်ပြီး မြောက်အာဖရိကမှာလည်း နှစ်အတော်ကြာသွားနေတယ်။ သူ့ကျန်းမာရေးကြောင့် စိတ်သွားတိုင်းကိုယ်မပါလို့ကျွမ်းကျင်သူတွေများစွာကို ခန့်ပြီး သူ့ကိုယ်စားသွားခိုင်းတာလည်းရှိတယ်။ အတော်ကို လုပ်ခဲ့တဲ့သူ။ ပိုက်ဆံကလည်း တတ်နိုင်နေတော့ သူစုဆောင်းလို့ရတဲ့ တိရစ္ဆာန်မျိုးကွဲတွေကို နာမည်ပေးဖို့၊ စနစ်တကျစုဆောင်းဖို့၊သူတို့အကြောင်းတွေကို စားတမ်းရေးဖို့ သိပ္ပံပညာရှင်တွေ၊ စာကြည့်တိုက်မှူးတွေ၊ တိရစ္ဆာန်ဗေဒကျွမ်းကျင်သူတွေကို ခန့်ခဲ့တယ်။

ဒီသစ်ကုလားအုပ်မှာ ထူးဆန်းစွာ ဦးချို ငါးခုပါတာကို Walter Rothschild က သတိပြုမိခဲ့လို့The Rothschild Giraffe သို့မဟုတ် သိပ္ပံနာမည် (Giraffa camelopardalis rothschildi) လို့ခေါ်တယ်။ တခြားသစ်ကုလားအုပ်တွေမှာ ချို ၂ ချောင်းသာပါပြီး သူ့မှာ ပါနေကျ နှစ်ချောင်းအပြင် နာခေါင်းပေါ်မှာ မထင်မရှားတစ်ခုနဲ့ နားရွက်နောက်နားမှာ မထင်မရှား ၂ ခုပါတယ်။ ယူဂန်ဒါ Uganda နဲ့ ကင်ညာ Kenya နိုင်ငံမှာသာရှိပြီး မျိုးတုန်းခါနီးပြီ။
တူနှစ်ကိုယ်
  •               သူ့ရဲ့ စုဆောင်းမှုတွေထဲက တစ်ချို့ကို ပြရရင်တော့ ငှက်အရေခွံ သုံးသိန်းလောက်၊ ငှက်ဥမျိုးစုံက နှစ်သိန်းလောက်၊ လိပ်ပြာမျိုးစုံ ၂ သန်းကျော်၊ ပိုးကောင် သုံးသောင်းလောက်နဲ့ တခြားတခြားသော နို့တိုက်သတ္တ၀ါ၊ တွားသွားသတ္တ၀ါတွေနဲ့ ငါးမျိုးစိတ်ကွဲတွေဖြစ်တယ်။ သူတွေ့ရှိခဲ့တဲ့မျိုးစိတ်ကွဲတွေကို Rothschild ဆိုတဲ့နာမည်ပါအောင် မှည့်ခဲ့ကြတယ်။ ဒါကြောင့် Rothschild နာမည်ပါတဲ့ ငှက်အမျိုးပေါင်း ၅၈ မျိုး၊ အင်းဆက် ပိုးမွှားက ၁၅၃ မျိုး၊ နို့တိုက်သတ္တ၀ါတွေက ၁၇ မျိုး၊ ငါး ၃ မျိုး၊ ပင့်ကူ ၃ မျိုး၊ တွားသွားသတ္တ၀ါ ၂ မျိုး၊ ကင်းခြေ ၁ မျိုးနဲ့ ခြေလက်မပါ တွန့်သွားတဲ့worm က တစ်မျိုး ရှိတယ်။
Walter Rothschild ရှာတွေ့ခဲ့လို့ဒီငါးကိုStemonosudis rothschildi လို့ခေါ်တယ်။
ဒါကတော့ ဘာလီကျွန်းမှာတွေ့ရတဲ့ရှားပါးငှက် Leucopsar rothschildi ပါတဲ့ကွယ် ။
ဟောဒါကတော့ရော့ချိုင်းရှာတွေ့တဲ့ငှက်တွေပုံပါတဲ့ကြွေပစ္စည်းများ Rothschild birds china လို့ခေါ်တယ်။china ဆိုတာ တရုတ်ပြည်တင်မက စားပွဲတင်ကြွေပစ္စည်းများလို့လည်း အဓိပ္ပါယ်ရတယ်။

            ဒီလောက်ဆို သူတို့အကြောင်းပြောမဆုံးပေါင် တောသုံးထောင်ကို ရိပ်ဖမ်းသံဖမ်းသိလောက်ပါပြီ။ ပုံပြင်တစ်ပုဒ်ပမာ အံမခန်းရှိလှတဲ့ရော့သ်ချိုင်းတို့ရဲ့ အရှိန်အ၀ါကြီးမှုနဲ့ ကြွယ်ဝချမ်းသာမှုဟာ အနှစ် ၃၀၀ နီးပါးရှိခဲ့ပြီ။ ၁၉ ရာစုမှာ သူတို့ဟာ ရိုက်တာ Reuters သတင်းဌာနကို ၀ယ်လိုက်တယ်လို့လည်း သတင်းထွက်ခဲ့တယ်။ ရိုက်တာကနေမှ အေပီသတင်းဌာန A P ( Associated Press ) ကို ထပ်ဝယ်လိုက်တဲ့အတွက် သူတို့ဆီက သတင်းတွေကို ယူကြတဲ့ သတင်းစာတော်တော်များများကိုလည်း လွှမ်းမိုးနိုင်ခဲ့တယ်လို့ ဆိုကြတယ်။ ရိုက်တာသတင်းဌာနကို Paul Julius Reuters ဆိုသူက ၁၈၅၁ မှာ လန်ဒန်မြို့မှာ စတော့ဈေးတွေကို ကြေငြာဖို့ဆိုပြီး တည်ထောင်ခဲ့တယ်။ လန်ဒန် စတော့ဈေးဆိုတာ အဲဒီအချိန်က နေသန်ရော့သ်ချိုင်းရဲ့ လက်ထဲမှာ ရှိတာတစ်ကြောင်း၊ Paul Julius Reuters ဟာ နေသန်တို့လိုဘဲ ဂျာမနီပေါက် ဂျူးလူမျိုးဖြစ်တာကတစ်ကြောင်းကြောင့် မီဒီယာတစ်ချို့ဟာ သူတို့လက်ထဲမှာ ရှိတယ်လို့ တော်တော်များများက ယုံကြတယ်။ မီဒီယာတွေကို သူတို့အကြောင်းသိပ်မပြောအောင် လုပ်ထားတယ်လို့လည်း ဆိုကြတယ်။ တကယ်လည်း ရော့သ်ချိုင်း မိသားစုဝင်တော်တော်များများဟာ အင်တာဗျူးတွေ မပေးကြဘူး။ သူတို့ ထင်ပေါ်မှုနဲ့ ယှဉ်ရင် လူထုထဲကို ထွက်ပြတာ အတော်နည်းတယ်။

ဒါတင်ဘဲလားဆိုတော့ ဘယ်ဟုတ်ဦးမလဲကွယ်။ဒီသစ်ခွပန်းနာမည်က paphiopedilum rothchildianum
 ဟောဒီနှင်းဆီပန်းကိုRose 'Baronne Edmond de Rothschild ခေါ်တယ်။
  •                     နိဂုံးချုပ်ရရင်တော့ လက်ရှိမှာ သူတို့ဘယ်လောက်ချမ်းသာလည်းဆိုတာ ဘယ်သူမှ အတိအကျမသိပါ။ လက်ရှိ ကမ္ဘာ့အချမ်းသာဆုံးမိသာစုစာရင်းမှာလည်း သူတို့နာမည်မပါ။ မပါဆို သူတို့နေတဲ့နေရာကလည်း တစ်နိုင်ငံတည်းမှာ စုနေတာမှ မဟုတ်တာလေ။  မိသားစုဝင်ချည်း ရာချီ ရှိနေပြီ။ Forbes Magazine ရဲ့အလိုအရ ၂၀၁၁ ရဲ့ အချမ်းသာဆုံး မိသားစုစာရင်းမှာ ဒေါ်လာ ၉၃ ဘီလီယံ ( သန်း ကိုးသောင်းသုံးထောင် ) ရှိတဲ့  ဝေါ်လ်တန် Walton Family က နံပါတ်တစ်ချိတ်တယ်။ သူတို့မိသားစုဝင် ခုနှစ်ယောက်ရဲ့ ချမ်းသာမှုကို စုစုပေါင်းပါ။ ဒါဟာ အမေရိကန်နိုင်ငံမှာရှိတဲ့ မိသားစုအားလုံးပေါင်းချမ်းသားမှုရဲ့ ၃၀ ရာခိုင်နှုန်းဖြစ်တယ်။ ဒါပေမယ့် Rothschild Family ရဲ့ တစ်ချိန်က လူတွေခန့်မှန်းတဲ့ ကြွယ်ဝမှုကို မမှီပါဘူး။

Ornithoptera rothschildi.

                       ၁၈၁၅ ကနေ ၁၉၄၀ ကြားမှာ ရော့သ်ချိုင်းမိသားစုကြီးတစ်ခုလုံးချမ်းသာမှုဟာ ဒေါ်လာ ထရီလီယံ trillion ၅၀၀ လောက် ရှိတယ်လို့ဆိုကြတယ်။ trillion ဆိုတာကြီးကို စဉ်းစားလိုက်ရင် သူများတော့ မသိဘူး။ မီးမီးတော့ ဂေါက်ချင်စိတ်ပေါက်ပေါက်သွားတယ်။ ဘီလီယံ ဆိုတာက သန်းတစ်ထောင်မဟုတ်လား။ ထရီလီယံဆိုတာကတော့ ဘီလီယံ တစ်ထောင်ပါတဲ့။ တစ်နည်းပြောရရင်တော့ သန်းပေါင်း တစ်သန်းတိတိဟာ တစ်ထရီလီယံပါတဲ့။ နောက်တစ်နည်းပြောရရင်တော့ တစ်ထရီလီယံဆိုရင် တစ်နောက်မှာ သုံည ၁၂ လုံး လိုက်တယ်တဲ့။ အဲဒီ ထရီလီယံဆိုတာကြီး ၅၀၀ တောင် ချမ်းသာတယ်ဆိုတော့ တွေးသာကြည့်ပေတော့ ကွယ်။ အဲဒီ ပမာဏဟာ ကမ္ဘာကြီးမှာရှိတဲ့ ချမ်းသာမှုတွေရဲ့ တစ်ဝက်ကျော်သတဲ့။
 တားတားနာမည်က Lampropepla rothschildi ပါ။
                            သူတို့ အကြောင်းကို ရေးတဲ့ စာရေးဆရာတွေ များစွာပေါ်ပေါက်ခဲ့တယ်။ ရုပ်ရှင်ရိုက်ထားတာတွေလည်း ရှိရဲ့။ နာမည်အကြီးဆုံးရုပ်ရှင်ကတော့ ရောသ်ချိုင်းမိသားစုကြီးကို စတင်တည်ထောင်သူ မေရာရော့သ်ချိုင်း အကြောင်းရိုက်ထားတဲ့ The House of Rothschild  ဖြစ်ပါတယ်။ ဂျာမန်ဘာသာနဲ့ဆိုတဲ့ Ven ikh bin Rothschild ဆိုတဲ့သီချင်းတောင်ရှိသေးတယ်။အဓိပ္ပါယ်ကတော့ If I were Rothschild ငါသာ ရော့သ်ချိုင်းဆိုရင် တဲ့။

                            ဟုတ်ကဲ့။ မီးသာ ရော့သ်ချိုင်းဆိုလို့ကတော့ အဲဒီအိမ်ကြီးတွေမှာလည်း မနေချင်ပါဘူး။ တရဲကြောက်လို့။ တကိုယ်လုံးကိုလည်း စိန်မစီရရင် နေပါစေ။ မြန်မာပြည်က ကော်နက်ရှင်လေး မြန်အောင်နဲ့အခုတလော တစ်နေ့အကြိမ်တစ်ရာလောက် ပျက်နေတဲ့မီးကိုဘဲ လူစဉ်မှီမှီလေးဖြစ်အောင် လုပ်ပစ်လိုက်မယ်။ ဟွန်း....။ ဟွန်း။။။

                                                                    ပြီးပါပြီ။



ဆောင်းစရာရှားလို့ သမင်ချိုဆောင်းထားတဲ့ ရော့သ်ချိုင်း မမတစ်ယောက်။
အင်္ဂလန်နိုင်ငံBuckinghamshire နယ်ကို ရောက်ရင် အခုပြတိုက်ဖြစ်နေပြီဖြစ်တဲ့ရော့သ်ချိုင်းရဲ့ဒီအိမ်ကို သွားလို့ရတယ်။
Waddesdon မြို့ငယ်လေးမှာ ရှိလို့ Waddeson Manor လို့ခေါ်တယ်။
သြတတြီးယားက ရော့သ်ချိုင်းဘဏ်မျိုးဆက်တည်ထောင်ခဲ့သူ Salomon Mayer Rothschild ရဲ့ မြေးFerdinand de Rothschild အတွက် ဆောက်တဲ့အိမ်ဖြစ်တယ်။
သူတို့ဆောက်လိုက်သမျ အိမ်တွေမှာ အတွင်းရော အပြင်ရော ဒီလို ပြူတူးပြဲတဲ မျက်စိရှုပ်စရာ ဒီဇိုင်းတွေကို ပျံလန်နေအောင် သုံးခဲ့တာမို့the Rothschild taste သို့မဟုတ် ပြင်သစ်လို Le Goût Rothschildဆိုပြီး နာမည်ကြီးခဲ့တယ်။
၁၉၅၇ မှာ သမိုင်းဝင်အဆောက်အအုံတွေကို ထိန်းသိမ်းစောင့်ရှောက်တဲ့ National Trust အဖွဲ့ကို လှူခဲ့တယ်။https://www.facebook.com/notes/spring-flowers/ကိုယ်သာ-ရော့သ်ချိုင်း-ဆိုရင်လေ-အပိုင်း-၂

No comments:

Post a Comment