Monday, March 12, 2012

မခို့တရို့ အာဏာရှင် (အပိုင်း ၂ )

မခို့တရို့ အာဏာရှင် (အပိုင်း ၂ )

by Spring Flowers on Sunday, March 4, 2012 at 7:50pm ·
ယခင်က အလှ ( မထမပိုင်းကို Wall မှာသွားဖတ်လို့ရပါတယ်။ )ယခု
  •                 ၁၉၈၉ အသက် ၇၂ နှစ်မှာ ဖယ်ဒီနန်တစ်ယောက် ရောဂါဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားပြီး ၁၀လလောက် ဆေးရုံတက်ကုသအပြီးမှာ ပြည်ပြေးအဖြစ်နဲ့ အမေရိကန်မှာဘဲ ကွယ်လွန်ခဲ့ပါတယ်။သူ့ရဲ့အလောင်းကို  အီမဲလ်ဒါက ဖိလစ်ပိုင်ကို ပြန်သယ်ချင်ပေမယ့် တိုင်းပြည်ရုတ်ရုတ်သဲသဲဖြစ်မှာစိုးလို့ သမ္မတ Corazon Aquino က ခွင့်မပြုပါဘူး။အမေရိကန်ကလည်း ဖယ်ဒီနန်ရဲ့အလောင်းပါတဲ့လေယာဉ်ဆို အမေရိကန်မြေက လုံးဝမထွက်ရလို့ ရှိသမျှလေယာဉ်ကွင်းတွေကို တင်းတင်းကျပ်ကျပ်တားမြစ်ထားခဲ့တယ်။ဒါနဲ့အီမဲလ်ဒါက သူ့ယောက်ျားအလောင်းကို ကြာရှည်ခံအောင် ဆေးနဲ့မွမ်းမံစီစဉ်ခိုင်းပြီး ဟာဝိုင်အီကျွန်းတစ်ကျွန်းပေါ်က ဂျပန်ဘုန်းကြီးကျောင်းတစ်ကျောင်းရဲ့ အအေးခန်းထဲမှာ အအေးလွှတ်ထားတဲ့မှန်ခေါင်းထဲမှာထားခဲ့တယ်။
ဖယ်ဒီနန်အလောင်းကို ၄ နှစ်ကြာထားခဲ့ရာ ဟာဝိုင်အီကျွန်းက ဂျပန် Buddhist Temple
  •                   လေးနှစ်အကြာ ၁၉၉၃ မှာ ဖိလစ်ပိုင်မှာသမ္မတပြောင်းသွားပြီး အသစ်တက်လာတဲ့သမ္မတက ဖယ်ဒီနန်မားကို့စ်ရဲ့ တ၀မ်းကွဲညီအစ်ကိုတော်တာမို့ ဖယ်ဒီနန်အလောင်းကိုဖိလစ်ပိုင်ကို ပြန်သယ်ခွင့်ပြုခဲ့တယ်။ ဒါပေမယ့်အီမဲလ်ဒါက သူ့ရဲ့ချစ်လင်ဟာ ဖိလစ်ပိုင်ကို အနှစ် ၂၀ ကျော်အုပ်ချုပ်ခဲ့တဲ့ '' ပြည်သူကိုချစ်တဲ့ ပြည်သူကလည်း ချစ်တဲ့ ခေါင်းဆောင် '' တစ်ဦးဖြစ်ခဲ့တာမို့ နိုင်ငံတော် အဆင့် အသုဘ အခမ်းအနား State Funeral လုပ်ပေးဖို့ တောင်းဆိုတာကိုတော့ သမ္မတက ငြင်းခဲ့ပါတယ်။ ဒါတင်မကဘဲ ဖယ်ဒီနန်ဟာ ဖိလစ်ပိုင်အာဇာနည်သင်္ချိုင်းမှာ မြှုပ်ဖို့ ထိုက်တန်ပါသတဲ့ ။  နောက်တက်တဲ့ ဘယ်သမ္မတကမှ ဒီနေ့အထိခွင့်မပြုပါဘူး။ အီမဲလ်ဒါ ကလည်း လက်မလျှော့ပါဘူး။ အဲဒီ ခွင့်ပြုချက်ကို စောင့်ရင်း ဖယ်ဒီနန်အလောင်းကို ဖယ်ဒီနန်ရဲ့မွေးရပ်မြေမြို့ကလေးမှာ '' မားကို့စ်ပြတိုက်နဲ့ဗိမာန် Marcos Musuem and Mausoleum '' ဆိုတာဆောက်ပြီး လူတွေလာကြည့်လို့ရအောင်လုပ်ပေးထားတယ်။ ဒီနေ့အထိအဲဒီမှာပါဘဲ။
မွေးရပ်မြေပြတိုက်ထဲမှဖယ်ဒီနန်ရဲ့အလောင်းကို လာကြည့်သူများ
  •                 ဖယ်ဒီနန်တို့ ပြုတ်ပြီးနောက် ဖိလစ်ပိုင်မှာ Corazon Aquino သမ္မတဖြစ်တော့ ပြုပြင်ရေးတွေကို အတော်လေးလုပ်နိုင်ခဲ့တယ်။ အထူးသဖြင့် ဒီမိုကရေစီဖော်ဆောင်ရေးနဲ့ တရားဥပဒေစိုးမိုးရေးကို လုံးပန်းခဲ့တယ်။ အောင်မြင်မှုတွေ အတိုင်းအတာတစ်ခုထိရခဲ့တယ်။ ဒါပေမယ့် သူ ပခုံးပြောင်းယူလိုက်ရတဲ့ဖိလစ်ပိုင်ဟာ အနှစ် ၂၀ လောက်လောက် ပျက်စီးခဲ့တဲ့ နိုင်ငံ၊ ကြွေးတွေလည်ပင်းနစ်နေတဲ့နိုင်ငံဖြစ်နေပါပြီ။ အဲဒီအကြွေးတွေကို သူ့အစိုးရလက်ထက်တင်ဆပ်ရတာမဟုတ် အခုလက်ရှိဖိလစ်ပိုင်အစိုးရလက်ထက်ထိ ဆပ်နေရဆဲ။ သူကဘက်စုံထောင့်စုံက တိုးတက်အောင်လုပ်ပေမယ့် စစ်အုပ်စုလိုလားသူအတိုက်အခံတွေများစွာကို ကြုံရတယ်။ကံဆိုးချင်တော့သူ့အစိုးရသက်တမ်းအတွင်းမှာ ဖိလစ်ပိုင်ဟာ သဘာဝဘေးအန္တရယ်မျိုးစုံနဲ့ကြုံရတယ်။ ၂၀၀၉ မှာ Corazon Aquino ကွယ်လွန်ပြီး အခုဆို နောက်ထပ်သမ္မတ သုံးဆက်ပြောင်းခဲ့ပါပြီ။ အခုထိဖိလစ်ပိုင်နိုင်ငံဟာ ဆင်းရင်မွဲတေမှု၊ အကျင့်ပျက်ခြစားမှု ၊ အကြွေးထူမှု စတဲ့ ပြသာနာမျိုးစုံကို ရင်ဆိုင်နေရဆဲ။ မွတ်ဆလင်ခွဲထွက်ရေးသမားတွေကလည်း တစ်လတစ်ခါလောက် ဟိုနေရာ ဗုံးဖောက်လိုက် ဒီနေရာ ဗုံးဖောက်လိုက်လုပ်နေဆဲ။ တစ်ချို့သော ပြည်နယ်တွေဟာ သူပုန်တွေ သောင်းကျန်းဆဲ သတ်ဖြတ်ဆဲ။
 ဟာဝိုင်အီကို ရောက်ချိန်မှာ ဖယ်ဒီနန်တစ်ယောက်တော်တော်အိုခဲ့ပြီ။
  •              ထူးဆန်းတာက အာဏာရှင်စနစ်သာပြောင်းသွားတယ်။အရင်က ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေအတွက် အီမဲလ်ဒါတို့ အစိုးရအဖွဲ့ကအပြစ်ပေးခံရတာ ဒီနေ့အထိ တစ်ယောက်မှ မရှိသေးပါဘူး။ မရှိရုံမကဘဲ အရင်အာဏာရှင်အစိုးရလက်ထက်က မတရားလုပ်ခဲ့သူတွေအားလုံးနီးပါးဟာ ဒီနေ့မှာလည်း အစိုးရအဖွဲ့ဝင်တွေဖြစ်လို ဖြစ်။ ကွန်ဂရက်စ် အမတ်တွေ၊ ဗိုလ်ချုပ်ကြီးတွေ ဖြစ်လိုဖြစ်နဲ့အသက်နဲ့ကိုယ်ကောင်းကောင်းကြီးမြဲကြဆဲ။  အီမဲလ်ဒါတို့နှိပ်စက်လို့ သေရတဲ့လူတွေရဲ့ ကျန်ရစ်သူမိသားစုတွေက အီမဲလ်ဒါတို့ကို တရားအကြိမ်ကြိမ်စွဲပေမယ့် ဒီနေ့ထိ အနိုင်ရတဲ့အမှုရယ်လို့တစ်မှုမှမရှိသေးဘူး။ ဖယ်ဒီနန်ဆုံးကတည်းက အစွဲခံလိုက်ရတဲ့တရားဟာ ဒီနေ့ထိဆို အမှုပေါင်းတစ်ထောင်ကျော်တယ်လို့ဆိုပါတယ်။ Corazon Aquino က ကော်မရှင်ဖွဲ့ပြီး ဖယ်ဒီနန်လက်ထက်မှာ ပျောက်သွားတဲ့ ငွေဒေါ်လာသန်းတစ်သောင်းလောက်ကို ခြေရာခံစစ်ပါတယ်။ ပြီးတော့အမေရိကန်အစိုးရရဲ့ အကူအညီနဲ့၁၉၉၀ မှာ အီမဲလ်ဒါကို နယူယော့ကတရားရုံးမှာ ရုံးတင်စစ်ဆေးခဲ့တယ်။ ဒါပေမယ့်ကံတရားဟာ အမြဲဘဲ အီမဲလ်ဒါဘက်က လိုက်သလားတော့မသိ။ သုံးလကြာစစ်ဆေးပြီးနောက် တရားရုံးကသူ့ကို ကွင်းလုံးကျွတ်လွှတ်ပေးလိုက်တယ်။ ဖယ်ဒီနန်ကျူးလွန်ခဲ့တဲ့အမှုတွေကို သူ့မိန်းမပေါ်ပုံချလို့မရဘူးဆိုပြီးတော့ပါ။ အီမဲလ်ဒါကိုယ်တိုင် ပါဝင်ကျူးလွန်ခဲ့တယ် လို့ ယူဆဖို့ အထောက်အထားမလုံလောက်ဘူး လို့လည်း ဆိုပါတယ် ။ ဒီလိုနဲ့အီမဲလ်ဒါတစ်ယောက် ဖိလစ်ပိုင်ကို ပြန်ရောက်လာပြီး မျက်နှာပြောင်ပြောင်နဲ့ဘဲ အရင်အတိုင်းလှလှပပ၀တ်ဆင်ပြီး နောက်ထပ်အမှု ၃၂ ခုကို မနီလာ Manila မြို့က တရားရုံးမှာ ရင်ဆိုင်ပါတယ်။ဒီတခါလည်း  ၃၂  မှုလုံး ကွင်းလုံးကျွတ်လွတ်တာပါဘဲ။ တရားရုံးကပြန်ထွက်လာတော့ မီဒီယာတွေကို ပြောတဲ့စကားက '' ကျမ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ ကျမတို့ကို မတရားစွဲထားတဲ့ အမှု ၉၀၁ မှုကနေ ဒီအမှု ၃၂ မှုကို ခေါင်းထဲက ထုတ်ပစ်လို့ရပြီ '' တဲ့။
မနီလာမြို့တရားရုံးမှ ကွင်းလုံးကျွတ်လွှတ်ခံရပြီး ထွက်လာစဉ်။

  •                နိဂုံးချုပ်ရရင်တော့ ဖယ်ဒီနန်မားကို့စ်အစိုးရ ခိုးတဲ့ပိုက်ဆံဟာ များလွန်းလို့ဒီနေ့ထိ ဘယ်လောက်အခိုးခံရတယ်ဆိုတာ စုံစမ်းစစ်ဆေးနေသူများကိုယ်တိုင် အတိအကျ မသိပါ။ ဒေါ်လာသန်းတစ်သောင်းလောက်လို့ မှန်းကြပါတယ်။အခုထိတော့ ဆွစ်ဇာလန်ဘဏ်က ဒေါ်လာ ၆၈၄ သန်းဖိလစ်ပိုင်အစိုးရကို ပြန်အမ်းပြီးပါပြီ။ ကျန်တဲ့ ငွေတွေကတော့ ဘယ်ဆီကို မင်းရောက်နေလဲ ဘယ်သူမှမသိ။ အီမဲလ်ဒါတစ်ယောက် အခု ၂၀၁၂ မှာ အသက် ၈၂ ရှိပြီး သူရင်ဆိုင်နေရတဲ့ အမှုက သုံးရာကျော်ကျန်ပါသေးတယ်။ ဖိလစ်ပိုင်ရဲ့ လက်ရှိသမ္မတကတော့ Corazon Aquino ရဲ့သား Benigno Aquino ပါ။ အမေနဲ့ သားကြားမှာ နောက်ထပ်သမ္မတ ၃ ယောက်ပြောင်းသွားခဲ့ပါပြီ။ ပြသာနာ တစ်ပုံတစ်ခေါင်းတွေကို ယနေ့ထိ ဖြေရှင်းနေရဆဲ ဖိလစ်ပိုင်အစိုးရဟာ အီမဲလ်ဒါ တို့အမှုတွေကိုချည်းဖော်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဖယ်ဒီနန်ကလည်း သေတာကြာခဲ့ပြီလေ။ သေသောသူကြာရင်မေ့မဟုတ်လား ။ဖစ်လစ်ပိုင်မျိုးဆက်သစ်တွေကလည်း လွန်ခဲ့တဲ့ အနှစ်သုံးဆယ်နီးပါးက ကိစ္စတွေကို မိမိတို့ စားဝတ်နေရေးကို ဖြေရှင်းရင်း မေ့မေ့ပျောက်ပျောက် ဖြစ်ခဲ့ပြီ။ စားဝတ်နေရေးကြောင့် ဒီနေ့မှာ ဖိလစ်ပိုင်လူမျိုး ၁၁ သန်းဟာ နိုင်ငံခြားမှာ အလုပ်လုပ်ကြရတယ်။ များသောအားဖြင့် အိမ်ဖော်အလုပ်နဲ့ သက်ကြီးရွယ်အို စောင့်ရှောက်ရေးအလုပ်တွေပါ။ ဒါဟာ လူဦးရေ ၉၄ သန်းမှာ ဆို ၁၀ ရာခိုင်နှုန်းကျော်ပါတယ်။
သူက သူစီးခဲ့တဲဖိနပ်တွေကို ပြတိုက်တောင်လုပ်ထားလိုက်သေး

  •             ဒါတွေရဲ့ တရားခံထဲက တစ်ယောက်ဖြစ်တဲ့ အီမဲလ်ဒါ တစ်ယောက်ကတော့ အခုထိ ၀လို့လှလို့ ကွန်ဂရက်စ်ထဲမှာ အရှင်လတ်လတ်ကြီး အမတ် congresswoman တက် ဖြစ်နေပါတယ်။ အရင်ကလို ဖိနပ်အရံပေါင်းထောင်ကျော်လောက်ကို စီးပြီး ပိုးဖဲကတ္တီပါတွေ ၀တ်မြဲဝတ်လို့ မနီလာ မြို့တော်က 5 Star ဟိုတယ်တမျှ ခန်းနားတဲ့  ကွန်ဒိုကြီးတစ်ခုပေါ်ကကျယ်ဝန်းလှပတဲ့ အိမ်ခန်းကြီးထဲမှာနေပြီး မကြာခဏဆိုသလို မီဒီယာသမားတွေကို လက်ခံတွေ့ဆုံဆဲ။ သူ့ကို အရင်က မတရားမှုတွေအတွက် ဘယ်သူက ဘယ်လိုဘဲ စွပ်စွဲစွပ်စွဲ သူကတော့ မတရားခံတဲ့ သနားစရာ သိုးငယ်လေးလို ဘူးခံငြင်းဆဲ။ မေးတဲ့သူပြန်သနားသွားအောင် ပစ်ရက်စရာမရှိပြောတတ်ဆဲ ။ သူ့ချစ်လင် ဖယ်ဒီနန်ဟာ ဖိလစ်ပိုင်ရဲ့သမ္မတတွေထဲမှာ အတော်ဆုံးနဲ့ အကြင်နာဆုံးလို့ ဆိုဆဲ။သူ့ကို ဖိလစ်ပိုင်ပြည်သူတွေက ဖြူစင်ရိုးသားပြီး ကြင်နာတတ်လွန်းလို့ အရမ်းချစ်ကြတာ လို့ ကြားရတဲ့သူ အံ့သြရလောက်အောင် ပြောဆဲ။ သူ့သားဟာလည်း လက်ရှိမှာကို ကွန်ဂရက်စ် အမတ်ဖြစ်ပြီး လာမယ့်ရွေးကောက်ပွဲမှာ သမ္မတ ၀င်အရွေးခံဦးမှာပါတဲ့။
သကြားလုံးဝေနေတဲ့ Congress အမတ် အီမဲလ်ဒါ....။တတ်နိုင်ပါပေ့ကွယ်။
  •                   တစ်ချို့က သူ့ကို မေးကြတယ်။ '' မင်းသေရင် ကျန်တဲ့လူတွေက အမှတ်ရဖို့ မင်းအုတ်ဂူမှာ ဘယ်လို ကမည်း ထိုးစေချင်သလဲ '' ဆိုတော့ '' ဒီနေရာဟာ မေတ္တာတရား လှဲရောင်းရာ နေရာ Here lies Love လို့ထိုးမှာ '' တဲ့။ နောက်တစ်ခုထူးဆန်းတာက သူ့ကို ဒေါင်းတင်မောင်းတင်နဲ့ သွားသွားဗျူးတဲ့လူတွေဟာ မှင်သေသေမျက်နှာ၊ ဘယ်လို ဖြေရခက်တဲ့မေးခွန်းမေးမေး မဖြုံတဲ့အမူအရာ၊ ယုန်သူငယ်လေးလို အန္တရာယ်မပေးတတ်တဲ့မျက်နှာပေးနဲ့သူ့ကို ကြည့်ကြည့်ပြီး ငါတို့ထင်တာဘဲ မှားနေပြီလား လို့အတွေးလေးရေးရေးဝင်တတ်ကြတာပါဘဲ။ သူပုံက သူတို့လုပ်ခဲ့တာကို နောင်တရဖို့နေနေသာသာ လုံးဝမှန်တယ် လို့အပြည်အ၀ယုံကြည်နေတဲ့ပုံလေ။

  •                ကဲ....သူကဘဲ ယောက်ျားကို ချစ်လွန်းလို့ယောက်ျားလုပ်သမျှကို သစ္စာရှိစွာ ထောက်ခံအားပေးခဲ့တဲ့ ရိုးစင်းတဲ့ မယားအလိမ္မာလေးလား။
  •                အာဏာရှင်တွေ သုံးနေကျ နည်းဖြစ်တဲ့ အမဲကို ဖြူပါတယ် လို့ထပ်ကာတလဲလဲပြောပေးရင် ကြာတဲ့အခါ တကယ်ဖြူတယ် လို့ ထင်လာတတ်တယ် ဆိုတာကို သုံးပြီး ဘူးခံနေတာလား။
  •               ဒါမှမဟုတ် တစ်စွတ်ထိုး တစ်စောက်ကန်းနဲ့ ဘယ်သူကဘာပြောပြော သူတို့ဟာ တိုင်းပြည်ရဲ့ကြီးမြတ်တဲ့ခေါင်းဆောင်တွေဖြစ်ခဲ့တယ် လို့ အမှန်တကယ်ယုံနေတာလား ။
  •                ဒါမှမဟုတ် အင်မတန်ဟန်ဆောင်ကောင်းတဲ့ မွှတ်နေအောင်လည်တဲ့၊ ကိုယ်နဲ့ကိုယ့်မိသားစုအတွက်ဆိုဘာမဆိုလုပ်မယ့် ( ဖိလစ်ပိုင်ပြည်သူအများစုယုံကြည်သလို ) ၊ အာဏာရှင်မိန်းမ လူသတ်သမားသူခိုးအကြီးစားလား။ ...လား..လား...လား ဆိုတာ သူကိုယ်တိုင်ကလွဲလို့ ဘယ်သူမှ သိမယ်မထင်ပါဘူး။
  •                     သံဝေဂ ရစရာ ယခင်နဲ့ယခု ပုံလေးများကို တင်ပေးလိုက်ပါတယ်။
 အသက် ၈၀ မွေးနေ့
အမြဲတမ်းပိုဖဲနဲ့လှုပ်လီလှုပ်လဲ့။ဗျူးချင်သူများကိုလည်း အဆင်ပြေသလို လက်ခံဆဲ
ယခင်နဲ့ ယခု
ယခင်နဲ့ယခု
https://www.facebook.com/notes/spring-flowersဒီကနေ ကူးယူဖော်ပြပါသည်

No comments:

Post a Comment