Wednesday, February 1, 2012

စိန်ရောင်ခြည်ဘုရားပင့်

အင်္ဂီရသဿ ဥဏ္ဏာယ၊
ဒါဌာဟိ သေတရံသိယော။
ဝိဇိရာဝ ၀ိရောစန္တိ၊
ဇိနော မေ ဌာတု သီသကေ။

အင်္ဂီရသဿ-အယုတ်,အလတ် အမြတ်ပိုင်းခြား လွန်ကြီးမား၍ သုံးပါးဆယ်လီ ပါရမီတော်အဟုန် စာဂီတော်ဂုဏ်တို့ကြောင့် ခြောက်ရောင်စုံ ကွန့်မြူးလျှက်“အင်္ဂီရသ“ဆိုတဲ့ ဘွဲ့ထူးကို အံ့ကျူးခံ့ခိုင် ဖတ်မပြိုင်နိုင်အောင် လက်ကိုင်ရရှိတော်မှုသော ဘုရားရှင် ကိုယ်တော်မြတ်ကြီး၏ ဘမုကန္တရေ-မျက်ခုံးတော်နှစ်သွယ် အလက်ဗဟိုလ် တည့်တည့်၌။သဉ္စတာယ၊နုဖြူထွားထွား ကောင်းစွပေါက်ဖွား ဖြစ်ပေါ်၍လာတော်မှုသော။ဥဏ္ဏာယစ-ဆွဲလို့ဆန့်လျှင် နှစ်တောင်ခန့်ရှည်လျားသဖြင့် စိန်သား နှစ်အသွင် ငွေနန်းချည် အမျှင်ကဲ့သို့ ဖြူစင်ဝင်းသစ် လက်ယာရစ်ခွေရုံ စိန်ကြယ်ပွင့် အနေပုံလို ဥဏ္ဏလုံခေါ် မွေးရှင်တော်ဓာတ် လွန်ထူးမြတ်သည့် အရပ်တော်မှ လည်းကောင်း။


ဒါဌာဟိစ-ပတ္တမြားခေါင်းရမ်း နှင်းဆီပန်းကဲ့သို့ နီမြန်သော နှုတ်ခမ်းတော်တို့ဖြင့် မပေါ်အောင် ဖုံးပိတ်၍ ထားအပ်သော သွားတော် လေးဆယ် စွယ်တော်လေးဆူ ဖြူရာရာ ဓာတ်တော်ထူးတို့မှ လည်းကောင်း။သေတရံသိယော ပုလဲအနှစ် စိန်စစ်နမှုဘော်ဖြူငွေရွတ်ဖြန့် ကြက်စီခြယ်  ငွေကြယ်ရောင်သန်း ကေလာသတောင်ကို နေအရောင်လွမ်းဘိ သကဲ့သို့  မြတ်လေးပန်း စပယ်ငုံ ကြာဖြူပွင့် ၀တ်မှုန်လို ပုံပမာကပ် စိန်တောင်ကို တိမ်ရောင်ဟပ်ဘိသကဲ့သို့  တလျှပ်လျှပ် တဖိတ်ဖိတ် တရိပ်ရိပ် တလည်လည် ထိန်ပြောင်ကြည်တဲ့ စိန်ရောင်ခြည်ဓာတ် ဖြူဖွေးသော် အဆင်းတော်မြတ်တို့သည်။


ဝဇိရာဝ-စိန်နှစ် စိန်သွေး ဖြူဖွေး တောက်ပြောင် စိန်သားတော်ကြီးကဲ့သို့။ဝိရောစန္တိ-ဖူးမြင်ရသူတို့၏ စိတ်ဝယ်အထူး ဘ၀င်မှာကြည်နူး လောက်အောင် ရွှင်မြူးတက်ကြွ ဘက်မမျှသဖြင့် လှပဆန်းကြယ် တင့်တယ်တော်မှုကြပါပေကုန်၏။


သော ဇိနော - ထူးထွေဆန်းလည် စိန်ရောင်ခြည်တို့ကြောင်း အင်္ဂီရသံ ဘွဲ့ထူးခံသည့် ငါးမာန်အောင်ပြီး ထိုဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်။ မေ မမ-ရုပ်နှင့် နာမ်သာ ထိုနှစ်ဖြာကို သက္ကာယစွဲ အထင်လွဲ၍ ငါပဲသမုတ် အကျွန်ုပ်၏။ သီသကေ -ဦးခေါင်းရတနာ မြတ်ရာထားတင် ဦးထိပ်ပြင်၌။ဌာတု- ဘေးရန် ခပ်သိမ်း ကင်းငြိမ်းစေမှု မေတ္တာပြု၍ ကြည်ရှု ကိုယ်တိုင် ခိုင်ခိုင်မတ်မတ် တန့်ရပ်တည်နေတော်မှုလှည့်ပါ စိန်ရောင်ခြည် နေတနှုန်းကဲ့သို့ ရွှေဘုန်းတော်သခင် အရှင်မြတ်ကြီးဘုရား။

စာရေးသူ ဖျာပုံ နဒီ
--၂၀၁၂

No comments:

Post a Comment