Friday, February 10, 2012

စာရေးဆရာကြီးမောင်လင်းယုန်( ရှမ်းပြည်)အား ရသအလင်းမှ ဂါရ၀ပြု ဂုဏ်ပြုငွေ ချီးမြှင့်ပေးအပ်ခြင်း


ဘ၀တစ်လျှောက်လုံးစာရေးဆရာ၊ ဘာသာပြန်ဆရာ ၊ကဗျာဆရာ၊ အယ်ဒီတာစသဖြင့်ပြည်သူ့ အကျိုးကို စာပေအနုပညာဖြင့် ကျေပွန်စွာထမ်းရွက် သယ်ပိုးခဲ့သော  ဆရာကြီးမောင်လင်းယုန် (ရှမ်းပြည်) ၏ စာပေဂုဏ်ကျေးဇူး အနုပညာဂုဏ်ကျေးဇူးကိုတန်ဖိုးထား ဂါရ၀ပြုသောအားဖြင့် စင်ကာပူနိုင်ငံရှိ ရသအလင်း ဖောင်ဒေးရှင်းမှ  မြန်မာကျပ်ငွေ (၃) သိန်းတိတိကို လေးစားစွာ ချီးမြှင့် ဂုဏ်ပြုအပ်ပါသည်။



ဖေါ်ပြပါ ဂုဏ်ပြုမှတ်တမ်းနဲ့အတူ ဆရာကြီးမောင်လင်းယုန် (ရှမ်းပြည်)ကို ရသအလင်းက ၂၀၁၂ ဖေဖေါ်ဝါရီလ အတွက် ဂုဏ်ပြုငွေပေးအပ် ချီးမြှင့်ခဲ့ကြပါသည်။ ရသအလင်း၏ ကိုယ်စား ဆရာဦးဖေမြင့်က ( ၁၀.၂.၂၀၁၂)နေ့ မှာ ဆရာကြီးနေအိမ်သို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက် ဂုဏ်ပြုချီးမြှင့်ပေးခဲ့ပါသည်။





အသက်(၈၀)ရှိပြီဖြစ်တဲ့ စာရေးဆရာ၊ဘာသာပြန်ဆရာ၊ကဗျာဆရာအိုကြီးထံမှ

" ပူလောင်နေသောကန္တာရအလည်မှခရီးသွားတစ်ယောက်အတွက်
အေးမြသောရေတစ်ခွက်ရလိုက်သလိုနှစ်ခြိုက်ပိတိဖြစ်ရပါတယ်"

ဆိုသော ကျေးဇူးစကားလေးကို လက်ခံရရှိခဲ့ပြီး ရသအလင်းအဖွဲ့သားတွေ အနေဖြင့် အတိုင်းမသိသော ကြည်နူးဂုဏ်ယူမိကြပြီး
ရသအလင်းမှလည်း ဆရာကြီးအသက်ရာကျော်ရှည်နိုင်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သနေကြပါသည်။



လစဉ် ဂုဏ်ပြုငွေတွေပေးအပ်ပြီးတိုင်း ရရှိရကြသော ကြည်နူးပိတိစိတ်များကို ရသအလင်းရဲ့မိတ်ဆွေများ အားလုံးထံသို့ ဒီသတင်းလေးနဲ့ မျှဝေပေးလိုက်ပါသလို ရသအလင်းရဲ့မိတ်ဆွေများ အားလုံးသည်လည်း မလျော့တဲ့ ကြည်နူးစိတ်နဲ့ မုဒိတာတွေ ဝေနိုင်ကြလိမ့်မယ်လို့လည်း ယုံကြည်မိကြပါသည်။




ရသအလင်းကိုယ်စားဂုဏ်ပြုငွေ ပေးအပ်ချီးမြှင့်ပေးခဲ့ပါသော ဆရာဦးဖေမြင့် ကိုလည်း  လေးနက်လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်း ရသအလင်းမှ လေးစားစွာမှတ်တမ်းတင် ဂုဏ်ပြု အပ်ပါသည်။

+++++

ရသအလင်းဖောင်ဒေးရှင်း အနေဖြင့် ယခုဆိုလျှင်(၉)လတိုင်ခဲ့ပြီဖြစ်ပြီး အနုပညာ ဂုဏ်ပြုမှုအနေနဲရသအလင်းဟု မဖွဲစည်းမီက(၂) ကြိမ် ရသအလင်းဖောင်ဒေးရှင်းအဖြစ် ဖွဲ့စည်းပြီးမှ (၉) ကြိမ် စုစုပေါင်း (၁၁)ကြိမ်အထိ ကျန်းမာရေးအတွက် အရေးပေါ် ဆေးကုသမှုခံယူရန် လိုအပ်နေသော အနုပညာရှင်များနဲ့ ဂုဏ်ပြုထိုက်သူစာရင်းဝင် ဆရာကြီးများကို ဂုဏ်ပြုချီးမြှင့်နိုင်ပြီးလည်းဖြစ်ပါသည်။

ရသအလင်းဟု မဖွဲ့စည်းမီက ပေးအပ်ခဲ့သော အနုပညာရှင်များ

ပထမအကြိမ် -  ကဗျာဆရာမ လုံမငြိမ်းချမ်း 
ဒုတိယအကြိမ်- ကဗျာဆရာ လှသန်း(ကြည်မောင်သန်း)

ရသအလင်းဖောင်ဒေးရှင်းမှ ပေးအပ်ခဲ့သော အနုပညာရှင်များ

ပထမအကြိမ် -   ကာတွန်းဆရာ ဗိုမောင်
ဒုတိယအကြိမ်-   ကဗျာဆရာ အောင်ဘညို
တတိယအကြိမ်- ပန်းချီဆရာ ရာဟုလာ
စတုတ္ထအကြိမ်-   စာရေးဆရာ ကဗျာဆရာပိုင်စိုးဝေ
ပဉ္စမအကြိမ်-      ကဗျာဆရာ မောင်အောင်နီ
ဆဌမအကြိမ်-     ကဗျာဆရာ လှသန်း(ကြည်မောင်သန်း)
သတ္တမအကြိမ် -  စာရေးဆရာ ကဗျာဆရာအေးမင်းစော
အဌမအကြိမ်-      ကဗျာဆရာမောင်အောင်ပွင့်
ယခုလ
န၀မအကြိမ် ဆရာကြီးမောင်လင်းယုန်(ရှမ်းပြည်)တို့ဖြစ်ပါသည်။

တစ်စက်ချင်းတစ်ပေါက်ချင်းကနေ ပြည့်အောင်ဖြည့်လိုက်ကြပါစို့လို့ ရသအလင်းက မိတ်ဆွေများအားလုံးကို ဖိတ်မန္တကပြု တိုက်တွန်းနိုးဆော်လိုက်ရပါသည်။

+++

ဆရာကြီး၏ ကိုယ်ရေးအတ္ထုပ္ပိအကျဉ်းနှင့် သတင်းအချက်အလက်များ
(မိုးမခသတင်းစာမျက်နှာပေါ်မှ မှကူးယူဖေါ်ပြပါသည်။)

 ၁။ အမည်ရင်း - ဦးမြင့်ဦး
၂။ မိဘအမည် - ဦးဘစိမ်း + ဒေါ်သန်းတင်
၃။ မွေးသက္ကရာဇ် - ၂၊ ၂၊ ၁၉၃၃
၎။ မွေးဖွားရာဒေသ - လွယ်မွေမြို့
၅။ ကလောင်အမည်ခွဲများ - တောင်ကြီးမြင့်ဦး၊ တောင်ကြီးမြင့်ဝေ၊ မြင့်ဝေ၊ မြတ်မွန်ဦး၊ သက်နိုင်ဦး၊ သက်မွန်ဦး၊ ကေသီလှိုင်၊ လင်းယုန် ပျို (ရှမ်းပြည်)
ကိုယ်ရေးဖြစ်စဉ်
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ လွယ်မွေမြို့၌ ၁၉၃၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် အဖ ကုန်သည် ဦးဘစိမ်းနှင့် အမိ ဒေါ်သန်းတင်တို့မှ မွေးဖွားခဲ့သည်။ မွေးချင်း ကိုးယောက်အနက် အကြီးဆုံးသား ဖြစ်သည်။ အမည်ရင်းမှာ ဦးမြင့်ဦး ဖြစ်သည်။ ရှမ်း (ဓနု) လူမျိုး ဖြစ်သည်။ မူလတန်းမှ အထက်တန်း အထိ တောင်ကြီးမြို့တွင် ပညာ သင်ကြားခဲ့သည်။

၁၉၅၀ ပြည့်နှစ်တွင် ရန်ကုန်မြို့ ဆရာအတတ်သင် သိပ္ပံကျောင်းတွင် အလယ်တန်း ဆရာဖြစ် လက်မှတ် ရခဲ့သည်။ ထိုကျောင်းတွင် ဆရာဖြစ် တက်ရောက်ရင်းနှင့် ၁၉၅၁ ခုနှစ်တွင် ၁၀ တန်း အောင်ခဲ့သည်။ ပင်းတယမြို့တွင် အလယ်တန်းဆရာ အဖြစ် တနှစ် သွားရောက် အမှုထမ်းခဲ့သည်။ ၁၉၅၄ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်တွင် နိုင်ငံတကာ ဆက်ဆံရေး ဘာသာရပ်ကို တက်ရောက် သင်ကြားခဲ့ရာ ၁၉၅၉ ခုနှစ်တွင် BA (IR) ဘွဲ့ကို ရရှိခဲ့သည်။

ရန်ကုန် တက္ကသိုလ် ဘာသာပြန်နှင့် စာအုပ် ထုတ်ဝေရေး ဌာနတွင် တနှစ်ခွဲကျော် အမှုထမ်းခဲ့သည်။ ၁၉၆၁ ခုနှစ်မှ ၁၉၉၀ ပြည့်နှစ်၊ ဆိုဗီယက် သံရုံး သတင်း ဖြန့်ချီရေး ဌာနတွင် ဘာသာပြန် အယ်ဒီတာ အဖြစ် ဆောင်ရွက်ခဲ့သည်။ သံရုံးတာဝန် ထမ်းဆောင်နေစဉ် အတွင်း စနေ၊ တနင်္ဂနွေနေ့များတွင် လူငယ် စာရေးဆရာများအား ကမ္ဘာစာပေများ၊ ကဗျာများကို ဘာသာပြန်ဆိုနည်း သင်ကြားပေးသည်။ ဂန္ဓဝင်ပန်းခင်း အမည်ဖြင့် စာသင်ကြားခဲ့သည်။ ဝတ္ထုတို၊ ရှည်၊ ကဗျာ၊ ဆောင်းပါးများ၊ ပြဇာတ်ကို ရန်ကုန် တက္ကသိုလ်တွင် ပညာသင်ကြားစဉ် ကတည်းက စတင် ရေးသားခဲ့သည်။
တက္ကသိုလ် နှစ်လည် မဂ္ဂဇင်း ကော်မတီ၊ အိုးဝေ မဂ္ဂဇင်း ကော်မတီတို့တွင် အယ်ဒီတာ အဖြစ် ဆောင်ရွက်ခဲ့သည်။ ရန်ကုန် တက္ကသိုလ် ကလောင်အသင်း ဥက္ကဋ္ဌ အဖြစ်လည်း တာဝန် ထမ်းခဲ့သည်။ တက္ကသိုလ်တွင် ရှိစဉ်အတွင်း အဏုမြူစစ် ဆန့်ကျင်ရေး၊ စစ်မုန်းသူ ကဗျာများ၊ မြကျွန်းသာ ကဗျာများ၊ ချယ်ရီပွင့်လျာ ကဗျာများ၊ ရှမ်းရိုးမ ကဗျာများကို စုပေါင်း ရေးသားခဲ့သည်။

ဆောင်းပါးအပုဒ် ၁၀၀ ကျော်၊ ဝတ္ထုတို ၃၀ ခန့်၊ ကဗျာအပုဒ် ၅၀၀ ကျော်ခန့်၊ ပြဇာတ်အပုဒ် ၃၀ ခန့် ရေးသားခဲ့သည်။ စစ်မုန်းသူ ကဗျာများထဲမှ ကေသီလှိုင် ကလောင် အမည်ဖြင့် ရေးသားခဲ့သော "သံသရာ" ကဗျာအား ၁၀ တန်း ပြဋ္ဌာန်းစာအုပ်တွင် ဖော်ပြခြင်း ခံရသည်။ ဆရာဘာသာပြန်သော ငုယင်ဗန်ထရိုင်းစာအုပ်ဟာ  မတရားမှုကို အာခံခဲ့ကြတဲ့ မျိုးဆက်သစ်လူငယ်တွေအတွက် ခွန်အားဖြစ်စေခဲ့ပါသည်။

 ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ဓနုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နယကအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ဆရာ့ကို၁၉၉၀ ခုနှစ် အောက်တိုဘာလမှာ မတရားအသင်း အက်ဥပဒေနဲ့ ဖမ်းဆီးခြင်း ခံခဲ့ရပြီး ထောင်ဒဏ် ၅ နှစ် ချမှတ်ခြင်း ခံခဲ့ရပါသည်။ ဆရာကြီးဟာ နိုင်ငံရေးအကျဉ်းသားဘ၀နှင့် အင်းစိန်နဲ့ တောင်ငူထောင်တွေမှာ နေခဲ့ရပြီး၁၉၉၄ခုနှစ်မှာ ပြန်လည်လွတ်မြောက်လာခဲ့ပါသည်။

ရေးသား ပြုစု ထုတ်ဝေခဲ့သော စာအုပ်များ
၁။ စွမ်းသူအားမာန် (ဘာသာပြန်) ၁၉၆၇
၂။ အားသစ် အင်သစ် မာန်သစ် (ပြဇာတ်ပေါင်းချုပ်) ၁၉၆၉
၃။ ပွင့်ဦးမြေခ ကေ့လင့်ရလေပြီ (ပြဇာတ်ရှည်) ၁၉၇၂
၎။ (ထရန်ဒင်ဗန်) ငုရင်းဗန်ထရိုင်း (ဘာသာပြန်) ၁၉၇၆ [1]

+++++++++++

ဆရာကြီး၏  များပြားလှသော စာပေအနုပညာ ဖန်တီးမှုတွေထဲက အွန်လိုင်းမှာ ရှာလို့တွေ့ရှိသော ကဗျာလေးတစ်ပုဒ် ဝေမျှပေးလိုက်ပါသည်။

ပအို့ဝ်မိခင်၏ လက်စားချေခန်း


ဖက်ဆစ်လူယုတ်၊ ခြေကုန်သုတ်၍
နောက်ဆုတ်ပြေးသောကာလတွင်။

သင်းကွဲတစ်စု၊ ဆာလောင်မှုနှင့်
တစ်ခုယာတဲ၊ ရရာဆွဲဖို့
သဲသဲရုတ်ရုတ် ၀င်ကြ၏။

အထီးကျန်ပင်၊ တဲရှင်ပအို့ဝ်မ
အိုရွတ်တွသည်၊ ရင်ဝထောက်ထား
လှံစွပ်များကြောင့်၊ ကြောက်အားပိုဘိ
တုန်ချည့်ချည့်နှင့်၊ ရှိသည့်ဟင်းလျာ
ဆန်ကိုရှာ၍ ချက်ရပြီ။

အလျှံရဲရဲ၊ မီးတောက်ထဲတွင်
ရစ်ဝဲပေါ်လာ၊ ရုပ်ပုံလွှာကား
မကြာမီက၊ ယုတ်စွဘီလူး
ဂျပန်ရူးကြောင့်၊ ညွှန့်ဖူးလည်းကြွေ
သက်လည်းသေသည့်
မွေးမေချစ်သော သမီးငယ်။

နှမအတွက်၊ ခုခံလျက်က
သွေးပွက်ပွက်ကျ၊ သေဆုံးရသည့်
ချစ်လှစွာသော သူ၏သား။

ညှဉ်းပမ်းလူသတ်၊ သူတို့တပ်မှ
အငတ်များတွက်၊ ထမင်းချက်ရ
ခံခက်လှပေ၊ ဒေါသထွေ၍
အမေတက်ခေါက်မိလေပြီ။

အသင့်ဖြစ်လျှင်၊ ထမင်းပြင်၍
ကျွေးလျှင်ကျွေးချင်း၊ အငတ်သင်းတို့
အတင်းလုယက်၊ စားမည့်ချက်တွင်
စိတ်စက်မသန့်၊ လိပ်ပြာလန့်၍
ဆိုင်းငံ့နေပြီး၊ အမေကြီးကို
မြည့်စမ်းပထမ၊ စားစေကြ၏
ပြီးမှသူတို့၊ သောက်မျိုဆို့၏။

မကြာပါချေ၊ ၀မ်းဝလေ၍
သည်နေရာမှ၊ ထွက်ခွာကြစဉ်
ရင်ဝနှင့်ဝမ်း၊ လောင်းမီးကျွမ်းသို့
ပရမ်းပတာ၊ ပူလောင်လာပြီး
မြေမှာလဲကျ၊ အော်ဟစ်ကြ၏
”မြိန်စွဟင်းလျာ၊ အဆိပ်ပါ” ဟု
သေခါနီးမှ သိတော့သည်။

ဖက်ဆစ်လူယုတ်၊ ဤတစ်သုတ်၏
မျိုးပြုတ်ပုံကို၊ အမေအိုသည်
နှစ်လိုရွှင်ပျ၊ ကြည့်ရင်းကလျှင်
လဲကျမြေထက်၊ အဆိပ်တက်၍
တစ်သက် ဆယ်သက် လဲခဲ့ပြီ။

အော်…အိုမင်းပန်းလျ၊ ပအို့ဝ်မလည်း
ရရာနည်းလမ်း၊ သူ့အစွမ်းဖြင့်
ဆိုးသွမ်းလူယုတ်၊ ဖက်ဆစ်စုတ်ကို
မျိုးဖြုတ်ခဲ့လေပြီတကား။

မောင်လင်းယုန်(ရှမ်းပြည်)

++++++++++++++

အနုပညာရှင်ကို သူ့အနုပညာက စောင့်ရှောက်သည်။

ရသအလင်း

No comments:

Post a Comment