Wednesday, February 29, 2012

အမေရိကန်၏ ပထမဆုံးလူမဲအမျိုးသမီး နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာ ရိုက်စ် သို့မဟုတ် အိမ်ဖြူတော်မှ ပန်းနက်တစ်ပွင့် ( အပိုင်း ၂ )

  •            အမေရိကန်တရားရုံးချုပ် Supreme Court ဆိုတာ လွယ်လွယ်ပြောရရင် အရမ်းပါဝါရှိတဲ့ ပေါင်ချိန်တရားရုံးကြီး ဖြစ်ပါတယ်။ အမေရိကန်ရဲ့ မြို့တော် ၀ါရှင်တန်ဒီစီမှာ ရှိတယ်။ ကွန်ဒိုလီဇာ ရိုက်စ် ကိုမွေးတဲ့ ၁၉၅၄ မှာ အဲဒီပေါင်ချိန်ရုံးကြီးကနေ သမိုင်းတွင်တဲ့ ဆုံးဖြတ်ချက်တစ်ခုချပါတယ်။လူဖြူလူမဲခွဲတဲ့ ကျောင်းတွေ အခြေခံဥပဒေထဲက ထုတ်လိုက်တဲ့ ဆုံးဖြတ်ချက်ပါ။ တနည်းဆိုရရင် ခွဲခြားဆက်ဆံတဲ့ ကျောင်းတွေမရှိရတော့ဘူးပေါ့။ အတူတူတက်လို့ရ ပြီကွ....။ ထင်သလောက်မလွယ်ခဲ့ပါဘူး။
အမေရိကန်တရားရုံးချုပ် Supreme Court
  •             ဒီဆုံးဖြတ်ချက်ရဲ့ နောက်ခံအကြောင်းက ရိုက်စ်တို့ ပြည်နယ်မှာ ဖြစ်တာမဟုတ်ပါဘူး။ ကန်းစပ်( Kansas ) ပြည်နယ်မှာ ဖြစ်တာ ။အတိုချုံးပြောရရင် အဲဒီပြည်နယ်က ဘရောင်း Brown ဆိုတဲ့ လူမည်းရဲ့ သမီးလေး သုံးတန်းကျောင်းသူ လင်ဒါ Linda ဟာ ကျောင်းတက်ဖို့အရေးအတွက် လမ်း ခြောက်လမ်းကျော်က ကားမှတ်တိုင်ကို နေ့တိုင်းလမ်းလျှောက်ရတယ်။လမ်းလည်းလျှောက် ကားလည်း စီးပြီးမှ လူမဲကျောင်းကို ရောက်တယ်။အဲ...ဘရောင်းတို့ အိမ်နဲ့ ခုနစ်လမ်းအကျော်မှာတော့ လူဖြူကျောင်းရှိတယ်။ ဒီတော့ ဘရောင်းက သမီးလေးသက်သာအောင် အဲဒီလူဖြူကျောင်းကို ပို့ချင်တယ်။ လူဖြူကျောင်းက လုံးဝလက်မခံဘူး။ ဒါနဲ့သူနဲ့ သူ့လို အလားတူ အဖြစ်ကို ရင်ဆိုင်နေရတဲ့ ကလေး အယောက်၂၀ ရဲ့ မိဖ အားလုံးပေါင်း ဆယ့်သုံးယောက်ဟာ မြို့နယ်တရားရုံးကို တင်ပြတယ်။ တရားရုံးက လူမဲမလိုလားတဲ့ မြို့နယ်ပညာရေးအဖွဲ့ဖက်က လိုက်ပြီး ဆုံးဖြတ်လိုက်ပါတယ်။ ဒါနဲ့တိုတိုပြောရရင် နောက်ဆုံးမတော့ဘရောင်းတို့က မကျေနပ်လို့ ၀ါရှင်တန် ဒီစီ က ပေါင်ချိန်ရုံးချုပ်ကြီးကို တက်ကြလေသတည်းပေါ့
 လူမဲတွေ သူတို့နဲ့ လာရောမှာ ကျောင်းလာတက်မှာကို မလိုလားသော လူဖြူများ ဆန္ဒပြ
  •              အဲဒီအမှုကို ဘရောင်းက ဦးဆောင်လို့ အမေရိကန် သမိုင်းမှာ Brown versus Board of Education ( ဘရောင်းနဲ့ ပညာရေးအဖွဲ့ အမှု ) လို့နာမည်ကြီးခဲ့တယ်။ သုံးနှစ်အကြာမှာ တရားရုံးချုပ်က ဘရောင်းတို့ကို အနိုင်ပေးပြီး တစ်နိုင်ငံလုံးမှာ အဖြူအမဲခွဲတဲ့ ကျောင်းတွေမရှိစေရ လို့ အမိန့်ထုတ်လိုက်တယ်။ အဲဒီနောက်မှာတော့ နေရာအနှံ့မှာ လူမဲတွေဟာ လူဖြူကျောင်းတွေမှာတက်ဖို့ကြိုးစားကြတယ်။ လူဖြူတွေဘက်ကလည်း ဆန္ဒပြကန့်ကွက်တာတွေအကြီးအကျယ်လုပ်ကြပါတယ်။
တချို့ကျောင်းများကတော့ လူမဲလက်ခံမယ့်အတူတူ ပိတ်ပစ်တာ ကောင်းတယ် ဟူ၏ ။
  •              ကွန်ဂရက်စ်ထဲမှာလည်း ငြင်းခုန်မှုတွေများစွာ ဖြစ်တယ်။ ခွဲခြားဆက်ဆံရေးကို အားပေးတဲ့ ဥပဒေတွေကို တင်ပြကြတယ်။ တရားရုံးအဆင့်ဆင့်ကလည်း အဲဒီဥပဒေတွေကို ပယ်ချခဲ့တယ် ။ အချိန်တွေကြန့်ကြာခဲ့ပါတယ်။ လူမဲတွေဟာ နောက်ထပ်နှစ်အတော်ကြာ ဖိနှိပ်မှုအောက်ကမလွတ်နိုင်ခဲ့ကြဘူး။
  •               ထူခြားတဲ့အဖြစ်တစ်ခုကို ပြောရရင် ဘရောင်း အမှုနိုင်သွားပြီးနောက်  ၁၉၅၇ မှာ Arkansas ပြည်နယ်က Little Rock ဆိုတဲ့မြို့လေးမှာ လူမည်းလေး ကိုးယောက် လူဖြူကျောင်းကို တက်မှာကို ပြည်နယ်အုပ်ချုပ်ရေးမှုးကိုယ်တိုင်က ခွင့်မပြုဘူးဆိုတဲ့ ကိစ္စတစ်ခုပေါ်လာပါတယ် ။ဒါပေမယ့် လူမဲတွေ လူဖြူကျောင်းတက်လို့ရတာ တရားရုံးချုပ်ကြီးကကို ခွင့်ပြုထားတာမို့ ကျောင်းကတော့လက်ခံလိုက်ပါရဲ့။ သို့သော် ကျောင်းစတက်မယ့်နေ့မှာ ပြည်နယ်အုပ်ချုပ်ရေးမှုးက '' တက်ရဲရင်တက်ကြည့် '' ဆိုပြီး စစ်တပ်ကိုပါ ကျောင်းနားမှာချထားတယ်။ လူမဲမုန်းတဲ့ လူဖြူတွေကလည်း ချိန်းခြောက်မှုတွေ တရစပ်လုပ်ပြီး ဆန္ဒပြတယ် ။ စစ်တပ်က ကျောင်းလာတဲ့ လူမဲလေး ကိုးယောက်ကို ပိတ်ထားတဲ့ ပုံဟာ သတင်းစာတွေမျက်နှာဖုံးမှာ ၀က်ဝက်ကွဲပါလာပါတော့တယ်။
 လူမည်းကိုးယောက်မှ တစ်ယောက်နှင့် ၄င်းတို့ကို ဆန့်ကျင်သော လူဖြူများ

             Little Rock ရဲ့ မြို့ဝန်ကလေးက သူ့ပါဝါနဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးကို မယှဉ်နိုင်တော့ သမ္မတကို တင်ပြရရှာတယ်။ ဒီတော့ သမ္မတ အိုင်ဆင်ဟောင်ဝါ Eisenhower ကိုယ်တိုင် ပြည်နယ်အုပ်ချုပ်ရေးမှုးကို ခေါ်တွေ့ပြီး တရားရုံးချုပ် Supreme Court ရဲ့ အမိန့်ကို မဆန့်ကျင် အာ မခံဖို့  သတိပေးရတယ်။ အိုင်ဆင်ဟောင်ဝါကိုယ်တိုင် စစ်တပ်ကို လွှတ်ပြီး အဲဒီကိုးယောက်ကို ကာကွယ်ပြီးကျောင်းလိုက်ပို့ခိုင်းရတယ်။  အဲဒီ လူမဲကိုးယောက်နဲ့ Little Rock မြို့လေးမှာ သမ္မတကိုယ်တိုင်ဝင်ချဲရတဲ့ အဖြစ်အပျက်ကို Little Rock Nine လို့ အမေရိကန် သမိုင်းမှာ ဒီနေ့သင်ရပါတယ်။
 လူမည်းကိုးယောက် ပထမနေ့မှာ သမ္မတလွှတ်လိုက်သော စစ်တပ်ခြံရံမှ ကျောင်းထဲဝင်ရဲ
သမ္မတ အိုင်ဆင်ဟောင်ဝါ Dwight D.Eisenhower ( ၁၉၅၃ မှ ၁၉၆၁ ထိအုပ်ချုပ်ခဲ့သော အမေရိကန်၏ ၃၄ ယောက်မြောက် သမ္မတ )
( မှတ်ချက်။ ။ အဲဒီကိုးယောက်ဟာ ကျောင်းသာဝင်ခွင့်ရသွားတယ်။ အဖြူတွေရဲ့ အဗျင်းကို ကျောကော့နေအောင် ခံရတာ တော်တော်ကြာပါတယ်။ ကလေးမလေး တစ်ယောက်ဆို အဖြူမလေးတွေက အိမ်သာထဲမှာ သူ့ကို ပိတ်ပြီး သူ့အပေါ်ကနေ စက္ကူတွေမီးရှို့ချလို့ ဒဏ်ရာတွေဗလပွ။ နောက်တစ်ခါကျတော့ အက်စစ်နဲ့အလောင်းခံရလို့ မျက်စိကန်းမတတ်။ ထိုထိုသော နေရာအနှံ့က ဖိနှိပ်မှုတွေဟာ ၁၉၆၅ ကျမှ Jim Crow Laws တွေကို အပြီး ဖျက်သိမ်းလိုက်တာနဲ့ အတူ အဆုံးသတ်သွားခဲ့တယ် )။
သမိုင်းတွင်သော Little Rock Nine အမှုမှ လူမည်းကိုးယောက်
             လူမဲတွေ ဖိနှိပ်ခံရတဲ့အကြောင်းတွေကို ဒီလောက်နဲ့ ရပ်ပြီးသကာလ ရိုက်စ်ကို မီဒီယာမှာ နာမည်ပျက်စေခဲ့တဲ့ အကြောင်းတစ်ခုကို  ဆက်ပြောရအောင်။ မျက်လုံးကျယ်သွားတာပေါ့...ဟီး...ဒါမျိုးဆို သိပ်ပြောချင်တာ။
  •                ကွန်ဒိုလီဇာရိုက်စ်ဆိုတဲ့ နာမည်နဲ့ တန်ကာ tanker ( ရေနံတင်သင်္ဘော ) တစ်စင်းရှိခဲ့ဖူးတယ်။ အဖြစ်ကဒီလိုပါ။ရိုက်စ်က စတန်ဖို့ဒ် Standford တက္ကသိုလ်မှာ ဆရာမ၀င်လုပ်ရင်းတန်းလန်းနဲ့ အဖေဘုရှ်အစိုးရအဖွဲ့ထဲမှာ ဆိုဗီယက်အရေးကျွမ်းကျင်သူရာထူးကို ရသွားတယ်။ ပထမပိုင်းမှာ ပါပြီးပြီ...မှတ်မိလားမသိဘူး။ ဒါနဲ့ သူရဲ့ဆရာမအလုပ်ကို နှစ်ချီခွင့်ယူပြီး အဲဒီရာထူးသစ်မှာ သွားလုပ်တယ်။ ၁၉၈၉မှာပေါ့။
 ကွန်ဒိုလီဇာရိုက်စ် အမည်ဖြင့် ရေနံတင်သင်္ဘော
             ဆိုဗီယက်ပြည်ထောင်စုပြိုကွဲဖို့နီးကပ်နေချိန်မို့ သူ့အကြံဥာဏ်တွေကို အစိုးရက အရမ်းအားထားခဲ့တယ်။ ဒါပေမယ့် တက္ကသိုလ်အလုပ်က ၂ နှစ်ထက်ပိုပြီး ခွင့်မရလို့ ၁၉၉၁ မှာ စတန်းဖိုဒ် တက္ကသိုလ်မှာ အလုပ်ပြန်ဝင်ခဲ့တယ်။အဲဒီမှာ ဂျော်ရှ် ဆိုတဲ့ဘဲကြီး တစ်ဗွေနဲ့တွေ့ပါလေရော။ အဲ...ယောင်လို့ ။ဘယ်က ဘဲကြီးရမှာလဲ။ လူကြီးလူကောင်းကြီးပါ။ အမေရိကန်သမ္မတ ရော်နယ်ရေဂင် လက်ထက်က နိုင်ငံခြားရေးဝန်ကြီး  George P.Shultz လေ ။ နိုင်ငံခြားရေးဝန်ကြီး မဖြစ်ခင်မှာ အလုပ်သမားရေးရာ ၀န်ကြီး၊ ပြီးတော့ ဘန်ဏာရေးဝန်ကြီးဖြစ်ခဲ့သူပါ။ သူဟာ နိုင်ငံရေးနယ်ပယ်ထဲမ၀င်ခင်တုန်းက မက်ဆာချူးဆက် နည်းပညာတက္ကသိုလ်နဲ့ ချီကာဂို တက္ကသိုလ်တို့မှာ ဆရာဖြစ်ခဲ့တယ်။ ရိုက်စ်နဲ့ သိတဲ့အချိန်မှာတော့နိုင်ငံရေးကအနားယူပြီး စတန်ဖို့Standford တက္ကသိုလ်ရဲ့ ဗဟုအဖွဲ့ think tank  ( ထိပ်တန်းပညာရှင်များအဖွဲ့ ) ထဲမှာ ပါဝင်နေဆဲ။
သမ္မတရော်နယ်ရေဂင်နဲ့ နိုင်ငံခြားရေးဝန်ကြီး George P.Shultz ( ဘယ် )
  •             အဲဒီလူကြီးက စီးပွားရေးလည်း သိပ်မလုပ်တတ်ရှာပါဘူး။ အမေရိကန်နိုင်ငံရဲ့ အကြီးဆုံး ဆောက်လုပ်ရေးကုမ္ပဏီ Bachtel မှာ ဥက္ကဌပါတဲ့ဗျာ။ နိုင်ငံပေါင်း ၁၈၀ မှာ ရှိတဲ့ အမေရိကန် ရေနံနဲ့ သဘာဝဓါတ်ငွေ့ကုမ္မဏီ ရှယ်ဗရွန် Chevron Corporation ကြီးရဲ့ ဒါရိုက်တာအဖွဲ့မှာလည်း ပါသတဲ့။ ( အဲလို တစ်နေရာလောက် ရရင်တော်ပါပြီ ...)။ သူက နိုင်ငံခြားအရေးအရာတွေကို မွှတ်နေတဲ့ ရိုက်စ်ကို ရှယ်ဗရွန်ရဲ့ ဒါရိုက်တာအဖွဲ့မှာ ထည့်ပေးဖို့ ရိုက်စ်ဖက်က ထောက်ခံပေးလိုက်တယ် ။ အဲဒီအချိန်က ရှယ်ဗရွန်ဟာ ရုရှားဘေးနားက ကာဇကစ်စတန် Kazakhstan နိုင်ငံမှာ ဒေါ်လာ သန်းတစ်သောင်းတန် ပရောဂျက်တစ်ခုကို လုပ်နေတယ်။
ရှဗရွန် ဓါတ်ဆီဆိုင်တစ်ခု
  •             ကာဇာကစ်တန်ဆိုတာ ဆိုဗီယက်ကနေနောက်ဆံုးခွဲထွက်ခဲ့တဲ့ကမ္ဘာအကြီးဆုံးကုန်းပိတ်နိုင်ငံဖြစ်တယ်။သမိုင်းမသိရင် အကန်းနဲ့တူတယ် ပထ၀ီမသိရင် အကျိုးနဲ့တူတယ် ဆိုတဲ့ စကားလေး အားကိုးနဲ့ ( ဘူပြောခဲ့တာလဲတော့ မတိဘူး ။ မေ့တွားပီ ) လျှာရှည်လိုက်ဦးမယ်နော်....ခွင့်ပြုပါ။ ကမ္ဘာပေါ်မှာ စတန်နဲ့ ဆုံးတဲ့ နိုင်ငံခုနစ်နိုင်ငံထဲက တစ်နိုင်ငံပေါ့။
ကမ္ဘာအကြီးဆုံးကုန်းပိတ်နိုင်ငံကာဇကစ်စတန် မြေပုံ
  •           ပါကစ်စတန် ( Pakistan )၊ အာဖဂန်နစ်စတန်( Afganistan ) ၊ ကာဇကစ်စတန် ( Kazakhstan )၊ ဥဘာ့ကစ်စတန် ( Uzbekistan )၊ ကာဂျစ်စတန် ( Kyrgyzstan )၊တာဂျီကစ်စတန် ( Tajikstan )၊ တာမနီကစ်စတန် (Turkmenistan) ဆိုတဲ့ ခုနစ်နိုင်ငံမှာ ပါကစ်စတန်နဲ့ အာဖဂန်နစ်စတန်ကလွဲလို့ ကျန်တဲ့ ငါးနိုင်ငံက ၁၉၉၁ မှာဆိုဗီယက်ပြည်ထောင်စုကြီးပြိုကွဲတုန်းကခွဲထွက်လာတာ။ အရင်က ကမ္ဘာ့မြေပုံမှာ နိုင်ငံအဖြစ်မရှိဘူး။
 စတန်နှင့် ဆုံးသော နိုင်ငံ ခုနစ်နိုင်ငံ
  •                အဲဒီတော့ ကာဇကစ်စတန်မှာ ပရောဂျက်ရှိနေတဲ့ ရှဗရွန်ဟာ ဆိုဗီယက်အရေးကျွမ်ကျင်သူ ရိုက်စ်ကို ဒါရိုက်တာအဖွဲ့ထဲ ရှောရှောရှူရှူ သွင်းလိုက်တာ မဆန်းပါဘူး။ ရိုက်စ်က အစိုးရအဖွဲ့ထဲမှာလုပ်ဖူးတော့ ကာဇကစ်စတန်ရဲ့ သမ္မတကို သိတာကလည်းတစ်ကြောင်းပေါ့။ ရိုက်စ်ဟာ ရှယ်ဗရွန်ကိုယ်စား ကာဇကစ်စတန်ကို သွားပြီး ကုမ္ပဏီကိစ္စတွေကို ဆောင်ရွက်ပေးခဲ့တယ်။ အဲဒါကို စပါယ်ရှယ် ဂုဏ်ပြုသောအားဖြင့် ရှယ်ဗရွန်က ၁၉၉၃ မှာ တန်ချိန် တစ်သိန်းနှစ်သောင်းကိုးထောင်ရှိတဲ့ သူ့တို့ရဲ့ ရေနံတင်သင်္ဘေံတစ်စင်းကို SS Condoleezza Rice လို့နာမည်ပေးလိုက်ပါတယ် ။
ကွန်ဒိုလီဇာရိုက်စ် ဟုအမည်ရသော ရှဗရွန် ရေနံတင်သင်္ဘော
  •             ဒါပေမယ့် ပြသနာက အမေရိကန်ထိတ်တန်းအစိုးရအဖွဲ့ဝင်တွေဟာ ရေနံကုမ္ပဏီကြီးတွေနဲ့မကင်းဘူးလို့ မီဒီယာတွေက ဝေဖန်တာရယ် ( တကယ်လည်း မကင်းပါ )၊ ရှယ်ဗရွန်က လူ့အခွင့်အရေးချိုးဖောက်ခြင်းတွေရှိတဲ့ နိုက်ဂျီးရီးယားကဲ့သို့နိုင်ငံတွေမှာ သွားပြီးစီးပွားရေးလုပ်တာတွေရယ်ကြောင့် အမေရိကန်နိုင်ငံအတွင်းမှာ ကန်ကွက်ဆန္ဒပြမှုတွေ ပေါ်လာခဲ့တယ်။ ဒီတော့ ရိုက်စ်နာမည်ကြီးနဲ့ ရေနံတင်သင်္ဘောကြီးကို ဒီနာမည်ဆိုရင်တော့ လူပြောစရာတွေ ပိုဖြစ်တော့မယ်ဆိုပြီး ၂၀၀၁ ကျတော့ နာမည်ပြောင်းလိုက်ကြပါတယ်။ခုထိ ရိုက်စ်ရဲ့ တက္ကသိုလ် ဟောပြောပွဲတို့ အင်တာဗျူးတို့မှာ ခဏခဏ အဖော်ခံရတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။
ရှဗရွန်နဲ့ ရင်းနှီးသော ဘုရှ်အစိုးရကို ဆန့်ကျင်ဆန္ဒပြမှုများထဲမှတစ်ခု
  •             ရိုက်စ်ရဲ့ ပညာရေးဂုဏ်ပုဒ်တွေထဲမှာ Standford က Provost ဖြစ်ခဲ့တာလည်းပါပါတယ်။ Provost ဆိုတာ အမေရိကန်တက္ကသိုလ်တွေမှာဆို တက္ကသိုလ်ရဲ့ ဒုဥက္ကဌနေရာနဲ့ညီတယ်။ စတန်းဖို့ဒ် တက္ကသိုလ်ရဲ့ သမိုင်းမှာ ၃၈ နှစ်သာရှိသေးတဲ့ရိုက်စ်ဟာ အဲဒီနေရာကိုရသူများမှာ အငယ်ဆုံး။ ရိုက်စ်အရှေ့က အဲဒီနေရာကို ယူခဲ့သူက အနားယူသွားချိန်မှာ ၆၇ နှစ်ရှိပြီ။  သူက ကျွန်တော် ရိုက်စ်ရဲ့ အရည်အချင်းနဲ့ အသက်ထက်ပိုပြီး ရင့်ကျက်မှုကို ယုံတယ် လို့ ပြောသွားတယ်။
၁၉၉၃ တွင် အတော်ဆုံးဆရာဆုWalter J. Gores Award for Excellence in Teaching ကို ယူစဉ်
  • Provost ရဲ့တာဝန်တွေထဲမှာ တက္ကသိုလ်ရဲ့ ဒေါ်လာသန်းထောင်ပေါင်းများစွာရှိတဲ့ ငွေကြေးကို ကိုင်တွယ်ထိန်းသိမ်းရခြင်းလည်း ပါပါတယ်။ရိုက်စ်အဲဒီရာထူးကိုရချိန်မှာ တက္ကသိုလ်ဘတ်ဂျက်မှာ ဒေါ်လာသန်း ၂၀ လောက်လိုငွေပြနေပါသတဲ့။ ရိုက်စ်က အဲဒီလိုငွေကို နှစ်နှစ် အတွင်းမှာ ကိုက်အောင်လုပ်ပေးမယ်လို့ ကတိပေးပါတယ်။ ဘယ်သူမှ မယုံပါဘူး။ လိုငွေပြတယ်ဆိုတာ သဘာဝဘဲ၊ ဘယ်နည်းနဲ့မှ အဲဒီလိုငွေကို ပျောက်အောင်မလုပ်နိုင်ဘူး လို့အားလုံးကပြောကြပါတယ်။ ဒါပေမယ့် ရိုက်စ်တစ်ယောက် မည်သို့မည်ပုံအတွင်းအားတွေသုံးလုပ်လိုက်သည်မသိ၊ နှစ်နှစ်လည်းကြာရော အဲဒီလိုငွေပျောက်သွားရုံမက တက္ကသိုလ်ဘတ်ဂျက်မှာ ဒေါ်လာ ၁၄ သန်းခွဲ ပိုရှိနေပါလေရောတဲ့။ ( မီးမီးလည်း အဲလို လုပ်တတ်ချင်လိုက်တာ )
သူသည် ၁၉၈၈တွင် စတန်ဖို့တက္ကသိုလ်တွင် ဘောလုံးနည်းပြလည်း ဖြစ်သည်။ ( အစားစုံ အစုံစားသော မမပါတကား )
  •                   ရိုက်စ်ကို ကျောင်းသားတွေ ခဏခဏမေးလေ့ရှိတာက ကိုယ့်ဝါသနာနဲ့တကယ်လုပ်ရတာထပ်တူကျတဲ့နေရာကို ဘယ်လိုရောက်လာသလဲဆိုတာပါ ။ အဲဒီမေးခွန်းက လူတော်များများ စိတ်ဝင်စားပြီး သိချင်ကြတယ်။ လူတော်တော်များများဟာ လုပ်ချင်တာနဲ့ လုပ်နေရတာ ထပ်တူမကျကြဘူး မဟုတ်လား ။ တစ်ချို့ဆို ကိုယ်ဘာလုပ်ချင်တယ်ဆိုတာတောင် နားမလည်နိုင်ဘဲ ယောင်လည်လည် ဖြစ်နေတုန်းလေ။(အဲဒါကိုယ့်ကိုယ်ကို စောင်းပြောတာ)။ သူက စန္ဒရားမှာ အလုပ်မဖြစ်လို့ရောက်လာတာလို့ခပ်နောက်နောက်နဲ့အရွှန်းဖောက်တတ်ပါတယ်။ အတည်ဖြေတာကတော့ တက္ကသိုလ်မရောက်ခင် ကိုယ်ဘာဝါသနာပါလဲ ကိုယ့်ရဲ့ passion ဟာဘာလဲ ဆိုတာကို သိအောင်လုပ်ပါတဲ့။ကိုယ့်ဘ၀အတွက်ဝင်ငွေကောင်းမယ့်အလုပ် ၊ဂုဏ်ရှိမယ့်အလုပ်တွေကို ခဏဖယ်ထားပြီး မနက်အိပ်ရာက အစောကြီးနှိုးပြီး ခိုင်းရင်တောင် စိတ်ပါလက်ပါလုပ်နိုင်မယ့် အရာကို ရှာပါ။ မတွေ့မချင်းရှာပါ။
သူကဒီအားကစားအဖွဲ့မှလည်း ဂုဏ်ထူးဆောင်အဖွဲ့ဝင်
  •  သူ့တုန်းကလည်း အစက စန္ဒရားနဲ့ ဘွဲ့ယူဖို့လုပ်ထားတာ။ နောက်တော့ ၁၁ အရွယ် စန္ဒရားပါရမီရှင်လေးကို တွေ့ပြီး သူနားလည်သွားတာက စန္ဒရားဟာ သူ့ရဲ့ တကယ့်ဝါသနာအစစ်မဟုတ်ဘူးဆိုတာပါပဲ။သူ့ရဲ့ တကယ့်ဝါသနာ နိုင်ငံရေးသိပ္ပံကို မတတ်ခင် သူဟိုအတန်းတက်ကြည့် ဒီအတန်းတက်ကြည့် ယောင်တောင်တောင် ဖြစ်နေခဲ့သေးတယ်။ တစ်နေ့ နိုင်ငံရေးသိပ္ပံသင်တဲ့ အခန်းထဲ ၀င်တက်ကြည့်မှ ဒါငါလုပ်ချင်တာပဲ ဆိုတာ သိသွားခဲ့တယ်။ အဲဒီမေဂျာမှာ အရမ်းကို ပါရမီပါခဲ့တာ နောက်ပိုင်း သူ့ရဲ့ အောင်မြင်မှုတွေက သက်သေပါဘဲ။ ( ဒီစာဖတ်ပြီး ငါလုပ်နေရတာကို ငါကြိုက်ဖူး ဆိုပြီး ဟိုတွေးဒီတွေးတွေ နေမထိထိုင်မသာ ဖြစ်လာရင်တော့ ဒို့ပါဘူးကွ ။ ကြိုခေါင်းရှောင်ထားတာ )
  •             နိုင်ငံခြားရေးဝန်ကြီးအဖြစ်နဲ့ ရိုက်စ်ဘာမယ်မယ်ရရလုပ်ခဲ့လဲ။

  • အမေရိကန်ရဲ့နိုင်ငံခြားရေးမူဝါဒတွေများစွာကို ပြောင်းလဲပြင်ဆင်ခဲ့တဲ့ Transformational Diplomacy ဆိုတာကြီးကို ရေးပြီး အကောင်အထည်ဖော်ခဲ့ပါတယ်။ တိုတိုပြောရရင်တော့ ကမ္ဘာအရပ်ရပ်က အမေရိကန်သံရုံးတွေကို ပိုပြီးထိရောက်စွာအလုပ်လုပ်အောင် စည်းကမ်းတွေချပေးခဲ့တယ်။ ဥပမာဆိုရရင် အရင်တုန်းကဆို  ဂျာမနီနိုင်ငံက အမေရိကန်သံရုံးဝန်ထမ်းနဲ့  အိန္ဒိယနိုင်ငံက အမေရိကန်သံရုံးဝန်ထမ်းဟာ အရေအတွက် အတူတူဘဲ ။ ဒါဟာအဓိပ္ပါယ်မရှိပါဘူး။ ဂျာမနီက လူဦးရေ ၈၂ သန်းဘဲရှိတယ်။ အိန္ဒိယက လူဦးရေသန်းတစ်ထောင်ကျော်....။ အကျယ်အ၀န်းအားဖြင့်လည်း အတော်ကွာပါတယ်။ ပြီးတော့ သံရုံးတွေအရေအတွက်ဟာ ဥရောပနိုင်ငံကြီးမှာ ပိုရှိနေတာကို ရိုက်စ်က သဘောမကျဘူး။ နောက်တစ်ချက်က သံတွေကို နိုင်ငံရဲ့ မြို့တော်တွေ မြို့ကြီတွေမှာဘဲ နေရာချထားတာ မလိုချင်ဘူး။ဒီတော့ သူရာပေါင်းများစွာသော အမေရိကန်သံတမန်တွေကို နေရာရွှေ့ပစ်တယ်။ ဘယ့်နှယ်။ မြို့ကြီးတွေမှာ ဆီဦးထောပတ်တွေစား၊လူ့မလိုင်လွှာမှာနေပြီး ပိုက်ဆံတွေနင်းကန်ယူနေတဲ့လူ့ဘောကြော့တွေ....လာရော့....။ သွား...နင်က ဘာလင်ကနေ ကာလကတ္တား၊ နင်ကတော့ ရောမကနေ ရုရှားကြွ ၊ မင်းကတော့ ပါရီကနေ နိုက်ဂျီးရီးယားကို ဂိုး ။ ဟိုတစ်ယောက်ကတော့ လန်ဒန်ကနေ ပါကစ်စတန်ကို ရွှေ့.....။ ဒီလိုနဲ့ ဥရောပနဲ့ ၀ါရှင်တန်ဒီစီက ရာပေါင်းများစွာသော သံတမန်တွေကို လိုအပ်သလို နေရာရွှေ့ပစ်ပါတယ်။ အထူးသဖြင့် တောင်အာရှ၊ အရှေ့အာရှ၊ အာဖရိက နဲ့ အရှေ့အလယ်ပိုင်း။ အဲဒီထဲကမှ ပြသနာပိုပေါတဲ့ အီရန်၊ အာဖဂန်နစ်စတန်၊ ပါကစ်စတန်၊ ဆူဒန်၊ နိုက်ဂျီရီးယား စတဲ့ နိုင်ငံတွေကို ပိုပြီး ဦးစားပေးခဲ့တယ် ။ဘာကြောင့်လဲဆိုတော့ September 11 ဝေါလ်ထရိတ် စင်တာတိုက်ခိုက်ခံရတာဟာ ဖိနှိပ်မှု နဲ့ အကြောက်လွန်ဆောက်တည်ရာ မရဖြစ်မှုတွေမှာ အခြေခံပြီး ပေါ်ပေါက်လာတာဖြစ်တယ်။ ဒီနေရာတွေကလူတွေရဲ့ အခြေခံ လူ့အခွင့်အရေးတွေကို မြှင့်တင်ပေးရမယ်လို့ ရိုက်စ်က ယုံကြည်တယ်။
  •                အရင်ကဆို ကမ္ဘာအရပ်ရပ်မှာ လူတစ်သန်းကျော်ရှိတဲ့ မြို့ကြီး ၂၀၀ လောက်ဟာ အမေရိကန်နဲ့ ဘာသံတမန်ဆက်ဆံရေးမှ မရှိကြဘူး။ ဒီတော့အဲဒီနေရာတွေကိုလည်း သံတမန်တွေပို့ပစ်တယ်။ ဒါတင်မက ဘဲ မြို့ကြီးတွေမှချည်း စုမနေကြနဲ့ ။ တောတွေနယ်တွေလည်း ဆင်းပြီး အလုပ်လုပ်ကြ ။ ဒါမှ အခြေအနေမှန်ကို သိမယ်။ ရောဂါတွေတိုက်ဖျက်တာ၊ အကြမ်းဖက်တွေကို နှိမ်နင်းတာ၊ မူးရေးဆေးဝါးနဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးတွေမှာ နယ်ခံအစိုးရနဲ့ ပူးပေါင်းလုပ်။ သံတမန်တစ်ယောက်ကို အနည်းဆုံး နယ် ၂ နယ်စီကိုင် ၊အဲဒီနယ်တွေရဲ့ အရေးအခင်းတွေအားလုံးကို ကျွမ်းကျင်နှံ့စပ်အောင်လုပ်။ ဒါတင်မကဘဲ သံတမန်တွေကို တရုတ်၊ ဖာစီ Farsi ၊ အူရဒူ Urdu စတဲ့စကားတွေထဲက နှစ်ခုကို မဖြစ်မနေသင်ခိုင်းတယ်။ ( Farsi ဆိုတာ ပါရှား Persian ဘာသာစကားဖြစ်ပြီး အီရန်၊ အာဖဂန်နစ်စတန်နဲ့ တာဂျီကစ်စတန်နိုင်ငံတွေမှာ အများဆုံးသုံးတယ်။ တကမ္ဘာလုံးမှာ ပါရှန်စကားပြောသူ သန်း ၁၁၀ လောက်ရှိတယ်။ အူရဒူကတော့ တောင်အာရှကမူဆလင်တွေ ပြောတဲ့စကားဖြစ်တယ်။ သန်း ၇၀ လောက်ပြောကြတယ်လို့သိရတယ်။ ပါကစ်စတန်နဲ့ အိန္ဒိယမှာလည်း ဒေသတော်တော်များများမှာသုံးတယ်။ တရုတ်ကတော့ သိကြတဲ့အတိုင်း မန်ဒရိန်းတရုတ်စကားပြောသူချည်း သန်း ၈၅၀ လောက်ရှိတယ်။ ဒုတိယလိုက်တဲ့ ၀ူ ( Wu )က သန်း ၉၀၊ တတိယက ကန်တိုးနီးစ် ( Cantonese ) သန်း ၇၀ ၊ မင် ( Min )က သန်း ၅၀ ။ ကဲ...တရုတ်စကားတော့တတ်သင့်ပြီ ။ သံတမန်မှ မဟုတ်ဘူး )
  •                           အမေရိကန်နိုင်ငံရဲ့အကြောင်းတွေကို သိအောင်သတင်းစင်တာတွေဖွင့်ပြီးဌာနေမီဒီယာတယ်လီဗေးရှင်းတွေကနေ ဖြစ်နိုင်ရင် ဌာနေနိုင်ငံကဘာသာစကားနဲ့အဲဒီနိုင်ငံက ပြည်သူတွေ သိအောင် ထုတ်လွှင့်ပေးခိုင်းတယ်။ အမေရိကန်နဲ့ ကျန်တဲ့ ကမ္ဘာကြီး အဆက်မပြတ်အောင်၊ တကမ္ဘာလုံးကလူတွေ အမေရိကန်မီဒီယာတွေကို အားကိုးသတင်းယူခြင်းအားဖြင့် အမေရိကန်ရဲ့ အရေးပါမှုကို တိုးမြှင့်ဖို့ အင်တာနက် Web Site အသစ်တွေဖန်တီးစေခဲ့တယ်။ 
  •                       ဒီလောက်ဆိုရင် ရိုက်စ်အကောင်းအထည်ဖော်ခဲ့တဲ့ Transfomatinal Diplomacy ဆိုတာကြီးကို ရိပ်ဖမ်းသံဖမ်းတော့  သဘောပေါက်ကြပြီလို့ မျှော်လင့်ပါတယ်။ ဆက်ပြောရင် အိပ်ပျော်သွားမှာစိုးလို့ဤအပိုင်းကို ဤတွင်ရပ်၏ ။
             သမ္မတ ရုတ်တရက် တစ်ခုခုဖြစ်ရင် ( သေတာ၊ အလုပ်ထွက်တာ သို့မဟုတ် အလုပ်ပြုတ်တာ အသည်းအသန်နေမကောင်းတာစတဲ့ case တွေဖြစ်ရင် ) အပူတပြင်းဆုံးဖြတ်ရမယ့်ကိစ္စတွေမှာ သမ္မတနေရာကို ဘယ်သူယူသင့်တယ်လို့သတ်မှတ်ထားတဲ့အဆင့် line of succession မှာ ရိုက်စ်က လေးယောက်မြောက်နေရာမှာ ရှိတယ်။ ဒါဆို ပထမ၊ ဒုတိယနဲ့ တတိယတွေဟာ ဘယ်သူလဲ။
               အမေရိကန်မှာ ဥပဒေတွေပြုရာ နေရာကို ကွန်ဂရက်စ် Congress လို့ခေါ်တယ်။ မြန်မာပြည်မှာဆို ပါလီမန်ပေါ့။ အဲဒီကွန်ဂရက်စ်မှာ ဆီးနိတ် Senate ရယ်၊  House of Representatives ရယ်ဆိုပြီး နှစ်ပိုင်းရှိတယ်။ ဆီးနိတ်က ပိုမြင့်တယ်။ ဆီးနိတ်ကို အုပ်ချုပ်သူက ဒုသမ္မတဖြစ်တယ်။ ဆီးနိတ်ဥက္ကဌပေါ့ ။ ဆီးနိတ်ဥက္ကဌပြီးရင် ဒုဥက္ကဌကို President pro tempore လို့ခေါ်တယ်။ House of Representatives ရဲ့ ဥက္ကဌကို တော့ Speakers of the House of Representatives ကိုခေါ်တယ်။ အဲဒီ ဘဲကြီး သုံးယောက်ဟာ အမေရိကန်မှာ သမ္မတ လျောသွားတာဘဲ ဖြစ်ဖြစ်၊ အလုပ်ပြုတ်တာဘဲဖြစ်ဖြစ် ၊အလုပ်ကသူ့သဘောနဲ့သူထွက်သွားတာဘဲဖြစ်ဖြစ်....တိုတိုပြောရရင် သမ္မတရုတ်တရက် မရှိတော့ရင် သမ္မတနေရာကို ဘယ်သူယူသင့်တယ်လို့ သတ်မှတ်ထားတဲ့ လိုင်း line of succession မှာ နိုင်ငံခြားရေးဝန်ကြီး ရဲ့ရှေ့မှာရှိတယ်။
  ဆက်ခံခွင့်အစဉ် Line of Succession

1. ဒုသမ္မတ သို့ ဆီးနိတ် ဥက္ကဌ Vice President

2. ဆီနိတ် ဒုဥက္ကဌ President pro tempore

3. အမတ်များအဖွဲ့ ဥက္ကဌ  Speakers of the House of Representatives

4. နိုင်ငံခြားရေး ၀န်ကြီး  Secretary of States

 တကယ်တော့ line of succession မှာ ၁၈ ယောက်ရှိတယ်။ ကျန်တာတော့ သိချင်ဝယ်ဖတ် ဆယ့်ငါးကျပ် ( google မှာ အကုန်ရှိပါတယ် ) ။
  •             သမ္မတရဲ့ အနီးကပ်အကြံပေးအဖွဲ့ Cabinet ၀န်ကြီး ၁၅ ယောက်မှာတော့ နိုင်ငံခြားရေးဝန်ကြီးက အမြင့်ဆုံးဖြစ်ပါတယ်။ အဲလိုနေရာက ရိုက်စ်တစ်ယောက် အပင်မြင့်လေ၊ ရာသီဥတုဒဏ်ခံရလေ ဖြစ်ခဲ့တာမဆန်းပါဘူး။သမ္မတ ဘုရှ်နဲ့အရမ်းကို ပလဲနံပသင့်တဲ့အချက်ကလည်း သူဟာ လူတွေထင်တာထက် ပိုပြီးအာဏာရှိတယ်တယ် ထင်မြင်ချက်ကို ဖြစ်စေပါတယ်။ သူအဝေဖန်ခံရဆုံး ကိစ္စများထဲက ( အီရပ်စစ်ပွဲကိစ္စပြီးရင် ) တစ်ခုကတော့ စီအိုင်အေက ဖမ်းထားတဲ့အယ်ကိုင်းဒါနဲ့ဆက်စပ်တယ်လို့ယူဆရတဲ့လူတွေကို ရေသွန်ချနှိပ်စက်နည်း waterboarding ကိုသုံးပြီး စစ်ဖို့ခွင့်ပြုပေးခဲ့တယ် ဆိုတဲ့ကိစ္စပါဘဲ။
              waterboarding ဆိုတာ မလှုပ်မယှက်နိုင်အောင် တုပ်ထားပြီး ပက်လက်လှန်အိပ်ခိုင်းထားတဲ့အကျဉ်းသားမျက်နှာပေါ်က အဆက်မပြတ် ရေလောင်းချတာ ဖြစ်တယ်။ ခံရတယ်လူဟာ ရေနစ်သလို ခံစားရပြီး အင်မတန်ခံရခက်ပါတယ်။ တကယ်တော့အဲဒီနည်းဟာသိပ်မဆိုးသလိုထင်ရပေမယ့် အဆုတ်ကိုထိခိုက်တာ၊ ဦးနှောက်ပျက်စီးတာ၊ ခံရသူဟာ အသက်ရှူကျပ်ပြီး ရုန်းကန်ရင်းနဲ့အရိုးတွေကျိုးတာ၊ နှလုံးရောဂါရှိသူတွေ နှလုံးဖောက်တာ စတာတွေကို ဖြစ်စေတယ်။ အကြီးအကျယ် စိတ်ဒဏ်ရာကိုယ်ဒဏ်ရာရစေတဲ့နည်းတစ်နည်းပေါ့။ ဒီနည်းကို ခံစားဖူးသူတွေဟာ မသေရင်တောင်မှ နောက်ပိုင်းမှာ မိုးရွာရင် သွေးရူးသွေးတန်ဖြစ်တာ၊ ရေပန်းနဲ့ ရေချိုးရမှာ အရမ်းကြောက်တာ၊ စိတ်ကျရောဂါရတာ စတဲ့ ကြာရှည်စိတ်ရောဂါတွေ ရတတ်တယ်။
waterboarding နှိပ်စက်နည်း
  •                    ၂၀၀၇ မှာ စီအိုင်အေဟာ အဲဒီနည်းကိုသုံးနေတယ်လို့သတင်းထွက်လာတယ်။ စီအိုင်အေက ၀န်ခံသလောက်ကတော့ ၂၀၀၂ နဲ့၂၀၀၃ မှာ အယ်ကိုင်းဒါးအဖွဲ့ဝင်လို့သံသယရှိခံရသူ သုံးယောက်ကို ဒီနည်းနဲ့ စစ်မေးခဲ့ပါတယ်တဲ့။ ဘုရှ်အုပ်ချုပ်ရေးအဖွဲ့တော့ ဒီနည်းကို နှိပ်စက်နည်းတစ်မျိုးလို့ မယူဆဘူးလို့ ဒီနေ့ထိ အကြိမ်းကြိမ်ငြင်းတယ်။ ဘာပဲဖြစ်ဖြစ် တကယ်တော့ဒါဟာ နှိပ်စက်နည်းပါဘဲ။ နှိပ်စက်နည်းမှာမှ ရှေးကျတဲ့ နှိပ်စက်နည်းတစ်ခုဖြစ်တယ်။ ဟိုး ၁၅ ရာစုနှောင်းပိုင်းမှာ စပိန်စစ်ကြောရေး Spanish Inquisition ကာလမှာကတည်းက သုံးခဲ့တယ်။
  •                စပိန်စစ်ကြောရေးဆိုတာ ၁၄၈၀ မှာ စပိန်ဘုရင်ဖယ်ဒီနန်နဲ့ ဘုရင်မ အစ်စဘယ်လာတို့ တည်ထောင်ခဲ့တဲ့ တရားရုံးကို ခေါ်တာဖြစ်ပါတယ်။ ( အဲဒါ အမေရိကတိုက်ကို ရှာဖွေတွေ့ရှိတဲ့ ကိုလံဘတ်ကို ခရီးစရိတ် မစလိုက်တဲ့ နှစ်ယောက်လေ။ )တရားရုံးနာမည် အပြည့်အစုံက " မြင့်မြတ်သော စစ်ကြောရေးတရားရုံး " Tribunal of the Holy Office of the Inquisition ပါတဲ့။
 စပိန်ဘုရင် ဖယ်ဒီနန်နဲ့ ဘုရင်မ အစ်စဘယ်လာ
  •                      သူတို့နှစ်ယောက်ဟာ သမိုင်းမှာ ကက်သလစ်ဘုရင်တွေလို့ နာမည်ကြီးတယ်။ကက်သလစ်ဘုရင်ဆိုတာ ကက်သလစ်ဘာသာကို ယုံကြည်စွာနဲ့ ကိုးကွယ် ဖြန့်ဖြူးတဲ့ အုပ်ချုပ်သူတွေကို ပုဒ်ရဟန်းမင်းကြီးကိုယ်တိုင်က အပ်နှင်းတဲ့ဘွဲ့ဖြစ်တယ်။ အဲဒီခေတ်က ပုဒ်ရဟန်းမင်းကြီးဟာ ဥရောပဘုရင်တွေတော်တော်များများအပေါ်မှာ အာဏာလွှမ်းမိုးခဲ့လေတော့ သူတို့နှစ်ယောက်ဟာ အဲဒီဘွဲ့ကို ရဖို့အရမ်းအားထုတ်ခဲ့တယ်။ အဲဒီကနေ စပိန်စစ်ကြောရေးဆိုတဲ့ တရားရုံးပေါ်လာပါသတတ် ။ တိုတိုပြောရရင်တော့ သူတို့အုပ်ချုပ်တဲ့ တိုင်းပြည်ထဲမှာရှိတဲ့ ကက်သလစ်ခရစ်ယာန်မဟုတ်သူများအားလုံးကို ဖမ်းဆီးနှိပ်စက်တဲ့ တရားရုံးပါ။ ခရစ်ယာန်မှာတောင် ကက်သလစ်ဖြစ်မှ လွတ်တာ။ ဂျူးတွေ မွတ်စလင်တွေ တခြားခရစ်ယာန်ဂိုဏ်းကွဲကိုးကွယ်သူတွေဟာ ပြည်နှင်ဒဏ်မခံချင်ရင် ကက်သလစ်ဘာသာကို ပြောင်းရတယ်။ အဲလိုပြောင်းပြီးတဲ့သူတွေ သူတို့တကယ်ယုံကြည်ရာမူလဘာသာကို တိတ်တိတ်လေး ခိုးကိုးကွယ်နေမှာစိုးလို့ နည်းမျိုးစုံနဲ့ စွမ်းအားရှင်တွေသုံး၊ ဖော်ထုတ်၊ စစ်ဆေးတဲ့နေရာပါ။  ဆိုတော့ကာ အဲလိုဖမ်းပြီး စစ်တဲ့အခါသုံးတဲ့ နှိပ်စက်တဲ့ နည်းတွေထဲမှာ အထက်မှာ ပြောခဲ့တဲ့ waterboarding ဆိုတာလည်း ပါပါသတတ်။ ရေနဲ့နှိပ်စက်တာမို့ ကိုယ်ပေါ်မှာ ဒဏ်ရာမကျန်ခဲ့တာကြောင့်သိပ်ကို အကြိုက်တွေ့တဲ့နည်းပါ။နောက်ပိုင်းမှာစစ်ကြောရေးတွေတော်တော်များများက ဒီနည်းကို သုံးခဲ့ကြတယ်။ ဒီနည်းဟာ ဂျနီဗာ ကွန်ဗန်းရှင်း လူ့အခွင့်အရေးတွေကို ချိုးဖောက်တယ်လို့ဆိုပါတယ်။ ဒီတော့ရိုက်စ်တစ်ယောက် ဒီနည်းကို သုံးဖို့ စီအိုင်အေကို အာဏာပေးခဲ့တယ်လို့သတင်းထွက်လာတော့ အရမ်းကို နာမည်ပျက်ပါတော့တယ်။ အီရတ်စစ်ပွဲဖြစ်ဖို့အားပေးခဲ့သူလို့သတင်းကြီးနေတဲ့အချိန်မှာ ဒီသတင်းကလည်း ထပ်ဆင့်နာမည်ပျက်စေခဲ့တယ်။ ယခုအချိန်ထိ နိုင်ငံရေးက အနားယူသွားတာတောင် သူ့ကို ဒီကိစ္စနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေခံနေရတုန်းဖြစ်ပါတယ်။
  •           ရိုက်စ်ရဲ့ အမြဲတမ်းအဖြေကတော့ သူက အာဏာပေးခဲ့တာလုံးဝမဟုတ်ပါဘူး။ သမ္မတရဲ့ခွင့်ပြုချက်ကို စီအိုင်အေကို ယူသွားပေးရုံပါ တဲ့။ သမ္မတရဲ့သဘောကတော့ အမေရိကန်ကို ဒုက္ခပေးဖို့လာတဲ့သူမှန်သမျှကို နည်းမျိုးစုံသုံးပြီး ကာကွယ်မှာပါ လို့လည်း ဘုရှ်ကို အမြဲကာကွယ်ပြီး ပြောတတ်ပါတယ်။
  •                    ယောက်ျားတွေကြီးစိုးတဲ့ အိမ်ဖြူတော်ထဲရောက်လာတဲ့ ရိုက်စ်ဟာ သမ္မတဘုရှ်ရဲ့ အရေးပေးခြင်းခံရပေမယ့်စိန်ခေါ်မှုတွေနဲ့လည်း ကြုံရပါတယ်။ သူနဲ့မတည့်ဘူးလို့နာမည်ကြီးတဲ့တစ်ယောက်ကတော့ ကာကွယ်ရေးဝန်ကြီး ဒေါ်နယ်ရမ်းစ်ဖဲလ် Donald Rumsfeld ဆိုသူဖြစ်ပါတယ် ။ ရမ်းစ်ဖဲလ်က ရိုက်စ်ကို နိုင်ငံရေးသမားမဟုတ်ဘူး။ စာပေသမားသက်သက်။ ဆရာမလုပ်နေတာဘဲကောင်းတယ်။ အစိုးရအဖွဲ့မှာလုပ်ဖို့မကောင်းဘူး။ အုပ်ချုပ်ရေးပိုင်းကို ဘာမှမသိဘူးလို့ ဝေဖန်တယ်။ ရိုက်စ်ကလည်း သူ့ရဲ့ စတန်းဖိုဒ်တက္ကသိုလ်ကို အုပ်ချုပ်ရတဲ့ အတွေ့အကြုံဟာ မနည်းပါဘူး၊ ရမ်းစ်ဖဲလ်ဟာ လူမှုရေးမှာ မညက်ဘူး လို့ ပြန်လည်ချေပသတဲ့။ ဒါတွေကတော့ အိမ်ဖြူတော်ကထွက်တဲ့သတင်းပါ။ အင်တာဗျူးတွေမှာတော့ ရိုက်စ်က သံတမန်ပီသစွာ ဒေါ်နယ်ရမ်းဖယ်လ်နဲ့ မတည့်တဲ့ ကိစ္စကို ဘယ်တော့မှမပြောပါဘူး။ မီဒီယာတွေအများဆုံးကိုးကားကြတာကတော့ တခါက ဒေါ်နယ်ရမ်းဖယ်လ်ဟာ ရိုက်စ်ခေါ်တဲ့ အစည်းအဝေးကို သုံးကြိမ်မြောက်ပေါ်မလာတာမို့ လူတွေရှေ့မှာ ရိုက်စ်ကဒေါသထွက်ပြီး ငိုတယ်လို့ဆိုပါတယ်။ ဒေါ်နယ်ရမ်းဖဲလ်ကို အဲဒီအကြောင်းမေးကြတော့သူက ရိုက်စ်ကို '' သူကဆရာမလေ၊ ထစ်ခနဲဆိုအစည်းအဝေးခေါ်ရတာဝါသနာပါတယ်။ လူတိုင်းကို တသဘောတည်းဖြစ်အောင်လုပ်ချင်နေတယ် '' လို့ဆိုသတဲ့။ ဘီဘီစီအင်တာဗျူးတစ်ခုမှာ ရိုက်စ်ကို အဲလိုငိုတယ်ဆိုတာ ဟုတ်လားလို့ ပေါ်တင်မေးတော့ ရိုက်စ်က မေးတဲ့သူကို ကျမပုံက အဲလို စိတ်ခံစားမှုကြောင့် ငိုတတ်တဲ့ပုံ ပေါက်နေလိုလား လို့ ပြန်မေးပြီး အဲဒီသတင်းမဟုတ်ကြောင်း၊ သူနဲ့ ရော်နယ်ရမ်းဖယ်တို့ဟာ အပြင်မှာ နှစ်ပေါင်းများစွာခင်မင်သူများဖြစ်ကြောင်း၊ ဒါပေမယ့်အိမ်ဖြူတော်အတွင်းမှာတော့နိုင်ငံခြားရေးဝန်ကြီးနဲ့ ကာကွယ်ရေးဝန်ကြီးတို့ဆိုတာ သဘောထားကွဲလွဲတာတခါတလေ ဖြစ်တတ်တာမဆန်းကြောင်း ပြေပြေလည်လည် ဖြေတတ်ပါတယ်။ သို့သော်သူတို့နှစ်ယောက်ယှဉ်တွဲပြီးရိုက်ထားတဲ့ဓါတ်ပုံတစ်ချို့ထဲမှာတော့နှစ်ယောက်လုံးမြင်တဲ့အတိုင်းပါဘဲ။
 အရမ်းချစ်တာ
တုန်နေတာဘဲ

  •                   ရိုက်စ်ကိုဝေဖန်ကြတဲ့အထဲမှာ အကြီးဆုံးကတော့ အီရပ်စစ်ပွဲအကြောင်းပါ။ စီအိုင်အေ ထောက်လှမ်းရေးက နူကလီးယားလက်နက်မတွေ့ပါဘူးဆိုတဲ့ကြားကစစ်ကို ဆက်တိုက်လို့ပါ ။ အဲဒီအတွက် ကွန်ဂရက်မှာလည်း အစစ်ခံရပါတယ်။ မီဒီယာတွေကလည်း သူကို တိုက်ခိုက်ကြပါတယ်။ သူကတော့ အဲဒီအကြောင်းကို အမေးခံရတိုင်း - ရန်သူကတိုက်မှာကို ထိုင်စောင့်နေလို့မရကြောင်း၊ အစိုးရတစ်ရပ်ဟာ လုပ်စရာရှိတာကို မတွန့်မဆုတ်လုပ်ရမှာ ဖြစ်ကြောင်း၊ သူတို့အစိုးရအဖွဲ့ဟာ ပြည်သူတွေကို အတိုက်ခိုက်မခံရအောင် နည်းမျိုးစုံနဲ့ကာကွယ်ခဲ့တာဖြစ်ကြောင်း.......Today's headlines and the history judgement are hardly the same.ဒီနေ့သတင်းစာတွေမီဒီယာတွေက ခေါင်းစဉ်တွေဟာ သမိုင်းရဲ့ ဆုံးဖြတ်ချက်မဟုတ်ကြောင်း၊ ဘုရှ်အစိုးရဟာ ရေရှည်သမိုင်းမှာတော့ နာမည်ကောင်းရမယ်လို့ထင်ကြောင်း ပြောတတ်ပါတယ်။
  •                     ရိုက်စ်ကို အိမ်ဖြူတော်ထဲမှာ Warrior Princess (စစ်သည်တော်မင်းသမီး) လို့ချစ်စနိုး ခေါ်ကြပါတယ်။၊ Steel Magnolia ရုပ်ရှင်ထဲ့ နူးညံပေမယ့် ထက်မြက်မာကြောတဲ့ ဇာတ်လိုက်မင်းသမီးပုံစံနဲ့တူလို့Steel Magnolia ( သံမဏိ Magnolia ပန်းပေါ့ ) စသည်စသည်ဖြင့် နာမည်တွေပေးထားကြပါတယ်။ အဲဒီထဲက '' အိမ်ဖြူတော်မှ ပန်းနက် '' ဆိုနဲ့ နာမည်ပြောင်ကလေး နာမည်ကြီးလာရတာကတော့ ရိုက်စ်ကို အရမ်းခိုက်နေခဲ့တဲ့ တို့များရဲ့ ဇာတ်လိုက်ကျော်ကြီး ၂၀၁၁ အောက်တိုဘာလမှာ မရှုမလှ အသတ်ခံလိုက်ရတဲ့ လစ်ဗျားအားဏာရှင် ကဒါဖီက ပေးခဲ့တာပါ။ ပေးခဲ့တာမှ ရိုက်စ်အကြောင်းကို သီချင်းရေးပြီးတော့ကို ဒီနာမည်ကို ပေးခဲ့တာဆိုဘဲ။ မိန်းမတွေဘယ်နှယောက်ယူထားပြီးမှန်းသူကိုယ်တိုင်တောင် သိပုံမပေါ်တဲ့ကဒါဖီဟာ သူ့လို အာဖရိက ဇစ်မြစ်ပါတဲ့ ရိုက်စ်တစ်ယောက် အိမ်ဖြူတော်က လူဖြူတွေကိုတောင် အမိန့်ပေးနိုင်တယ်။ ကမ္ဘာ့ခေါင်းဆောင်တွေကလည်း သူ့စကားကို အလေးထားရတယ်ဆိုတာကို သိပ်ကို ဂုဏ်ယူပြီး အဝေးကနေ ပေါ်တင်ကြီးကို ကြွေပြနေခဲ့ပါသတဲ့။လာသမျှ ဧည့်သည်တော်တွေကို သူ့ရဲ့ အချစ်လေး လီဇာ ဘယ်တော့လာမလဲဆိုတာတဖွဖွမေးသတဲ့။ အဲဂျာဇီးယာက သူ့ကို ဗျူးတာတစ်ခုမှာ သူက '' ထိုင်ခုံမှာ ကျကျနနမှီပြီး အမိန့်တွေပေးတတ်တဲ့လီဇာလေးကို သိပ်ချစ်တာဘဲ '' ဆိုပြီး တမ်းတမ်းတတ ရေရွတ်လိုက်ပါသေးတယ်။ ရိုက်စ်ကလည်း ကဒါဖီကြီးသူ့ကို ဒီလိုဖြစ်နေတာကို ကြားပေမယ့်အကြောင်းမရှိတော့မသွားဖြစ်ဘူး။ ငါ့နှယ်ကြိုက်မယ့်အကြိုက်ခံရတော့လည်း လူတိုင်းချဉ်ဖတ်ကြီးပါလား။ ငိုရမှာ ရီရမှာလားကိုယ့်လူ။ ဒီလိုနဲ့ ၂၀၀၈ ကျမှ ရိုက်စ်တစ်ယောက် အရမ်းကို အရေးကြီးတဲ့ ကိစ္စသုံးလေးခုနဲ့ လစ်ဗျားကို သွားဖို့အကြောင်းပေါ်လာပါတယ်။
ကဒါဖီနဲ့Tripoli မြို့နန်းတော် ဧည့်ခန်းမှာ တွေ့စဉ်။
  •                ကဒါဖီက သူ့တဲ tent ထဲမှာတွေ့ရအောင်လို့ဆိုတော့ အောင်မလေး မလုပ်ပါနဲ့မီးမီးကြောက်ကြောက် ဆိုပြီး မြို့တော် Tripoli က နန်းတော်ဧည့်ခန်းထဲမှာတွေ့ဖို့ဘဲသဘောလိုက်တယ်။ ရိုက်ဟာ ဒီအချိန်တိုတွေ့ဆုံတဲ့ ခဏအတွင်းမှာကို ကဒါဖီကြီးတစ်ယောက် ဘယ်လောက်မူမမှန်ကြောင်း၊ ဘယ်လောက်စိတ်ရူးပေါက်နေကြောင်းကို သိခဲ့ပါတယ်။ အကောင်းစကားပြောနေရင်းက ဘာဖြစ်မှန်းမသိ ဒေါသတကြီးနဲ့ အခန်းထဲက စကားပြန်နှစ်ယောက်ကို အလုပ်ဖြုတ်ပစ်ပါသတဲ့။နိုင်ငံရေးအကြောင်းတွေပြောဆိုပြီးနောက် ညနေစာစားအပြီးမှာ  ကဒါဖီက သူ့ကို ကိုယ်မင်းလေးအတွက် ဗီဒီယိုတစ်ခု ဖန်တီးထားတယ်တဲ့။ ဟိုက်...ပြသာနာဘဲ။ ဘာဗီဒီယိုကြီးပါလိမ့်။ ညစ်ညစ်ပတ်ပတ်တွေများလား။ တကယ်တော့ ဗီဒီယိုက အင်မတန်ရိုးသားတဲ့အကြောင်းအရာတွေပါ။ ရိုက်စ်နဲ့ နိုင်ငံအသီးသီးက ခေါင်းဆောင်တွေ တွေ့ဆုံတာကို ဟိုနည်းနည်းဒီနည်းနည်း ပေါင်းစပ်ပြီး နောက်ခံသီချင်း " အိမ်ဖြူတော်မှ ပန်းနက် A black flower in the White House " ဆိုတာကို ထည့်ထားတာပါ။ အဲဒါ ကိုယ်မင်းလေးအတွက် လစ်ဗျားက နာမည်ကြီး သီချင်းရေးဆရာကို တကူးတက ရေးခိုင်းထားတာ တဲ့။ ရိုက်စ်လည်း တော်ပါသေးရဲ့ ဆိုပြီး ဘာပြောရမှန်းမသိ အီလည်လည်နဲ့ ထွက်လာခဲ့ပါတယ်။ ကဒါဖီကြီး မရှုမလှအသတ်ခံရပြီး မြိုတော် Tripoli က ကဒါဖီရဲ့ နန်းတော်ကို လစ်ဗျား သူပုန်တွေက ၀င်မွှေတော့ ကွန်ဒိုလီဇာရိုက်စ်ရဲ့ ဓါတ်ပုံတွေထည့်ထားတဲ့ အယ်လ်ဘမ်တွေ ထွက်လာပါတယ်။ အပျိုကြီးမမ ရိုက်စ်တစ်ယောက်အတွက် ရီရအခက် ငိုရအခက် အဖြစ်ပါ။ သူ့ကို အဲဒီအကြောင်းမေးတိုင်း သူရဲ့ ကဒါဖီနဲ့ အတွေ့အကြုံကို ပြောပြတိုင်း ပရိသတ်ရော သူပါ တသောသောပါဘဲ။ ထူးဆန်းပါပေ့ကဒါဖီ။
ကဲ..စာဖတ်သူတို့ရေ။ ဒီလောက်ဆိုရင်တော့ ကွန်ဒိုလီဇာရိုက်စ်အကြောင်းကို အနည်းနဲ့ အများသိကြပြီလို့ ယူဆပါတယ်။ ကိုယ်တိုင်ရေးအထုပ္ပတိတွေမှာတောင် အကြောင်းအရာတိုင်း အကုန်ထည့်ရေးတာမဟုတ်။ ဒီလို facebook က note ကလေးနဲ့တော့ဘယ်လိုမှမပြည်စုံနိုင်ပါ။ဖတ်သူများအားလုံးကို ကျေးဇူးတင်ပါတယ်။
ဆက်ပြီးသိချင်သေးရင် ရိုက်စ်ကိုယ်တိုင်ရေးအထုပ်ပတ္တိနှစ်အုပ်ရှိပါတယ်။ဒါက သူငယ်ငယ်ကအကြောင်းစာအုပ်။ဒါကနိုင်ငံရေးနယ်ပယ်က ကြီးစဉ်ဘ၀ အကြောင်း။ ရိုက်စ်နဲ့ မတော်တဆလမ်းမှာတွေ့ရင် ဒို့အတွက် စာအုပ်ကြော်ငြာခကော်မရှင်တောင်းပေးဖို့မမေ့နဲ့နော်....D:.....။

No comments:

Post a Comment