Sunday, February 19, 2012

" မေတ္တာထပ်ရစ် ချစ်ထက်ချစ်သူ။ မွေးမေထံသို့ အေးစေသံ

 
ဒီတစ်ပတ်မွေးမေထံ ချစ်သားရေးလိုတာက  တိကနိပါတ်၊မဏိသူကရဇာတ်တော်အကြောင်းပါ။ မဏိ-ဆိုတာ ပတ္တမြား၊ သူကရ-ဆိုတာ ၀က် ဖြစ်လေတော့ ပတ္တမြားရဲ့သဘာဝနဲ့ တောဝက်တွေအကြောင်းဟောထားတဲ့ ဇာတ်တော်ဖြစ်ပါတယ်။

                                        " ပစ္စုပ္ပုန် ၀တ္ထု "

         အာရုံကျင်းလို့ နေမင်းထွက်ပေါ်လာတာနဲ့ တစ်ပြိုင်နက် တစ်ခြားဂြိုလ်နက္ခက်တွေ ကြယ်တာရာတွေဟာ နေရောင်အောက်မှာ အရောင်မတောက်နိုင်ဘဲ ပျောက်ကွယ်သွားရသလို လူ့လောကမှာ ဘုရားရှင်ပွင့်ထွန်းလာ တာနဲ့ တစ်ပြိုင်နက် အရင်တုန်းက မင်းမှုနေခဲ့တဲ့ ဘုရားအမည်ခံတိတ္ထိတွေဟာ ဘုန်းတန်ခိုးညိုးမှိန် ၊ အခြံအရံ ဆုတ်ယုတ် ၊ လာဘ်လာဘတွေရှားပါးကုန်းကြပါတယ်။ ဒီတစ်ခါမှာ တိတ္ထိတွေဟာ မြတ်စွာဘုရားကို မနာလို ဖြစ်ပြီး တန်ခိုးချင်းမပြိုင်လို့ သူခိုးကျင့်သူခိုးကြံ ကြံ ပါတော့တယ်။
       ပထမ - သုန္ဒရီအမည်ရတဲ့ အပျိုရွယ်တပည့်မလေးကို ဘုရားကျောင်းသွားအိပ်ပြီး မနက်အစောပြန်လာသ လို နှစ်ရက်သုံးရက်လုပ်ခိုင်းတယ်။
       ဒုတိယ - လူမိုက်ငှားပြီး သုန္ဒရီကိုသတ်ခိုင်းကာ ဘုရားကျောင်းထဲ ပစ်ထားခိုင်းတယ်။
       တတိယ - တိုင်ချက်ဖွင့် ရှာဖွေရေးလုပ် အလောင်းထမ်းမြို့ထဲလှည့် သတင်းလွင့်ပြီး ကိုယ်တိုင်အပုတ်ချ ကြ ၊ အသရေဖျက်ကြ လုပ်ကြတယ်။
       ရည်ရွယ်ချက်ကတော့ ဘုရားဟာ သုန္ဒရီနဲ့ ကာမဂုဏ်ခံစားကြောင်း ဘုရားတပည့် ရဟန်းတော်တွေက သုန္ဒရီကိုသတ်ပြီး နှုတ်ပိတ်ပြစ်ကြောင်း ထင်ရှားအောင်လုပ်တာပါပဲ။ ဒီလိုလုပ်မှလည်း ဘုရားနဲ့ရဟန်းတော်တွေ ကိုအကြည်ညိုပျက်ပြီး အရှက်လည်းရ လာဘ်လာဘလည်းရှားပါးသွားမယ်ဆိုတဲ့ သဘောပေါ့။
        သူတို့ရည်ရွယ်တဲ့အတိုင်း အောင်မြင်တယ်ဆိုရမှာပေါ့၊ အရိယာတွေကလွဲလို့ သဒ္ဒါမခိုင်သေးတဲ့  သာဝတ္ထိ မြို့သူမြိုသားတွေဟာတိတ္ထိတွေဆင်တဲ့ အကွက်ထဲဝင်ရောက်သွားပြီး ရဟန်းသံဃာတွေကို အော့နှလုံးနာကုန်ပါ တယ်။ မြတ်ဘုရားနဲ့ ရဟန်းသံဃာမှာလည်း အကြည်ညိုမဲ့ပြီး လာဘ်လာဘရှားပါးသွားကြပါတော့တယ်။ ဒါပေမဲ့ အခိုက်အတန့်ပါ။   
       နောက်ဆုံးတော့လူသတ်သမားတွေ အရက်မူးပြီုးငြင်းခုံရာမှလူသတ်မူပေါ်ပြီး၊ တိတ္တတွေလည်း ကိုယ်တိုင် မြို့ထဲလှည့်ပြီ အော်ဟစ်ဝန်ခံရ၊ အရှက်တကွဲအကျိုးနည်းဖြစ်ခဲ့ရနဲ့၊ ထောင်ကျသွားပါတော့တယ်။ ဒီတစ်ခါကျမှ မြို့သူမြို့သားတွေဟာ ဇာတ်ရည်လည်သွားပြီး မြတ်စွာဘုရားနဲ့ ရဟန်းသံဃာကို တိုးလို့တိုးလို့ ကြည်ညိုကြ၊ လှူဒါန်းကြလို့ အတိုင်းထက်အလွန်ကို တန်းခိုးတွေတောက်ပကုန်၊ လာဘ်လာဘတွေပေါများကုန်ကြပါတယ်။
                 ဒီအကြောင်းနဲ့ပတ်သက်ပြီး မြတ်စွာဘုရားရဲ့ဂုဏ်ကျေးဇူးကို ရဟန်းတော်တွေက ချီးကျူးထုတ် ဖော်ကြတဲ့အခါ မြတ်စွာဘုရားက ပတ္တမြားနဲ့ဘုရားဆိုတာ တစ်ဂိုဏ်တည်းဆိုတဲ့သဘောမျိုးနဲ့ ဒီဇာတ်တော်ကို ဟောတော်မူခဲ့ပါတယ်။

                                               " ပတ္တမြားမှန်လစ်  ညွန်မညစ် "


ဘုရားလောင်းဟာ ရသေ့ဘ၀နဲ့ ဟိမ၀န္တာတောထဲမှာ တရားကျင့်နေပါတယ်။ ဘုရားလောင်းရဲ့ ကျောင်းသင်္ခန် အနီးမှာ ပတ္တမြားလိုင်ဂူတစ်ခုရှိပါတယ်။ အဲ့ဒီပတ္တမြားဂူထဲမှာ တောဝက်အကောင်သုံးဆယ် နေထိုင်ပါတယ်။ ပတ္တမြားဂူရဲ့အနီးမှာလည်း ခြင်္သေ့တစ်ကောင်ဟာ ကျက်စားသွားလာနေပါတယ်။ အဲ့ဒီခြင်္သေ့ရဲ့ အရိပ်ဟာ ပတ္တဂူမှာမှာ လာထင်ပါတယ်။တောဝက်တွေဟာ ခြင်္သေ့ရိပ်ကိုမြင်ရတိုင်း ထိတ်လန့်ကြောက်ရွံ့ နေရလို့ မစားနိုင် မအိပ်နိုင်ဖြစ်ပြီး ပိန်လှီလာကြပါတယ်။ နောက်ဆုံးတော့ တောဝက်တွေဟာ ခြသေ့င်္ရိပ်မထင်အောင် ပတ္တမြားဂူကို ညွန်တွေနဲ့ပက်ကြ လူးကြနဲ့ ညစ်နွမ်းအောင် လုပ်ကြံကြပါတယ်။ ဒါပေမဲ့ ပတ္တမြားဂူဟာ သူတို့ဖြစ်ချင်သိလို ညစ်နွမ်းမသွားဘဲ နဂိုထက်ပိုပြီး ကြည်လင်လာ အရာင်တောက်လာပါတယ။
         နောက်ဆုံးတော့ ၀က်တွေဟာ ဘုရားလောင်းထံ အကျိုးအကြာင်းလျှောက်ထားကြပါတယ်။ ဘုရား လောင်းက ပတ္တမြားတို့ရဲ့ သဘောသဘာဝကိုပြောပြပြီး၊ ပတ္တမြားကိုဖျက်ဆီးလို့မရကြောင်း၊ခြင်္သေ့အန္တာရယ် ကြောက်ရင် တစ်နေရာပြောင်းသင့်ကြောင်း ပြောပြလိုက်လို့ ၀က်တွေလည်း တစ်ခြားအရပ်ကို ထွက်ပြေးသွား ကြပါတော့တယ်။
     ဒါကိုဘဲ ပတ္တမြားမှန်လစ် ညွန်မညစ်လို့ ဆိုရိုးပြုကြတာဖြစ်ပါတယ်။
    ဒါကိုရည်ရွယ်ပြီး မန်လည်ဆရာတော်ကြီးက ခုလိုမိန့်ဆိုတော်မူခဲ့ပါတယ်။
   ပတ္တမြားဂူ၊ ၀က်ငြူစူ၍၊ ရွှံ့မြူညစ်စေ၊ ပွတ်လေလေတိုင်းး၊သရေမညိုး၊
   ရောင်ဝါတိုးသို့၊ တန်ခိုးထင်ရှား၊ ပွားထက်ပွားလစ်၊ သစ်ထက်သစ်၏။
   စီစစ်မှတ်လိုက်၊ ဤလူ၌လျှင်၊သူမိုက်ကသာ၊ငြူ စူစွာခဲ့၊ပညာရှိသူ၊ ပဏ္ဍိလူကား၊
   မဆူမဝေ၊ အိုင်ကြီးရေသို့၊ အနေခိုင်ကျည်၊ ကြံ့ကြံ့တည်၍၊ အေးကြည်မျှစွာ၊ဂရုဏာနှင့်၊
  မေတ္တာထပ်ရစ်၊ ချစ်ထက်ချစ်၏။    ( မဃ။  ၂၆၆။ )                             

                                    " ပတ္တမြားလိုလူနဲ့ ၀က်လိုလူ"

            လောကမှာ မနာလိုတာ ငြူစူတာဆိုတာ လူမိုက်တွေရဲ့အလုပ်သာဖြစ်တယ်။ပညာရှိတွေရဲ့ အလုပ်မဟုတ်မဟုတ်ဘူး။  ပညာရှိဆိုတာ တည်ငြိမ်နေတဲ့ ရေကန်ကြီးလို တည်ကြည်တယ်၊ ဖြူစင်တယ်၊ အေးမြတယ်၊ ကရုဏာ တရား၊ မေတ္တာတရား ပြည့်ဝတယ်လို့ ဆိုလိုပါတယ်။
           ဒီနေရာမှာချစ်သားနားလည်လိုက်တာက
တောဝက်တွေဟာ ပတ္တမြားအရောင်မှိန်အောင်ညွှန်နဲ့ပက်ခဲ့ကြပါတယ်။ ဒါပေမဲ့ ပတ္တမြားအရောင်ပိုတောက် လာတယ်။ တောဝက်တွေဟာ ပတ္တမြားမှာ ခြင်္သေ့ရိပ်မထင်အောင်လုပ်ကြံကြတယ်။ဒါပေမဲ့ ပတ္တမြားဂူမှာပေါ် လာတဲ့ ခြင်္သေ့ရိပ်ကပိုထင်ရှားလာတယ်။ တောဝက်တွေဟာ ပတ္တမြားအပေါ်မှာ လွှဲမှားတဲ့ဗျူဟာကို ကျင့်သုံးမိလို့   ရည်ရွယ်တာနဲ့ဆန့်ကျင်ဘက်တွေဖြစ်ပေါ်လာခဲ့တယ်။ တိတ္တိတွေဟာ တောဝက်တွေလိုပါပဲ။  ဘုရားကိုတန်ခိုးညိုးမှိန်အောင် လုပ်ဆောင်ခဲ့တယ်။ တိတ္တတွေလုပ်ကြံမှ ဘုရားဟာ ဘုန်းတန်းခိုးပိုတောက်လာ ခဲ့တယ်။ တိတ္တတွေဟာ ဘုရားကိုကျက်သရေယုတ်အောင် အကောက်ကြံကြတယ်။ အဲ့ဒီလိုလုပ်မှ ဘုရားကပိုပြီး ကျက်သရေရှိလာတယ်။ တိတ္တိတွေဟာ  ဘုရားကိုအကြည်ညိုပျက်အောင် လုပ်ကြံခဲ့ကြတယ်။ အဲ့ဒီလိုလုပ်မှ ဘုရားကို သိက္ခာကျအောင် အရှက်တကွဲ အကျိုးနည်းဖြစ်အောင် အောက်လမ်းနည်းတွေသုံးခဲ့တယ်။ အဲ့ဒီလို လုပ်မှ ဘုရားဟာ သိက္ခာတွေပိုတက်လာခဲ့တယ်။ ( သူတို့သာ အရှက်တကွဲအကျိုးနည်း ဖြစ်ခဲ့တယ်။) တိတ္တိတွေဟာ ဘုရားကိုလာဘ်လာဘရှားအောင် မကောင်းကြံခဲ့တယ်။ အဲ့ဒီလိုလုပ်မှ ဘုရားဟာလာဘ် လာဘတွေ ပိုပေါများလာခဲ့တယ်။
           နိုင်ငံရေးလောကမှာပဲဖြစ်ဖြစ်၊ စီးပွားရေးလောကမှာပဲဖြစ်ဖြစ်၊ လူ့လောကမှန်သမျှမှာ အတိုက်အခံ ဆိုတာတွေ၊ အပြိုင်အဆိုင်ဆိုတာတွေ၊ ဆန့်ကျင်ဘက်ဆိုတာတွေ ရှိစမြဲပါ မွေးမေမေ။ တွေ့ကြုံရလာတဲ့ ပြဿနာအခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းတဲ့အါကျမှ ဘယ်သူဟာ ပညာရှိ ဘယ်သူဟာပညာမဲ့ဆိုတာ ရှင်းရှင်းလင်းလင်းကြီးပေါ်လာတတ်ကြတာပါ။
                   ပညာမဲ့တေါဟာ တိတ္တိတွေတောဝက်တွေလိုပါပဲ၊ ပြဿနာကိုဖြေရှင်းရာမှာ နိမ့်ကျလှတဲ့ အောက်လမ်းနည်းတွေကို ကျင့်သုံးတတ်ကြတယ်။ မဟုတ်မဟတ် လုပ်ဇာတ်တွေနဲ့ အထုတ်ပြတာတွေ အပုတ်ချတာတွေ လုပ်ဆောင်တတ်ကြတယ်။ ပြဿနာကို ပညာနဲ့ မေတ္တာအကြင်နာနဲ့ မဖြေရှင်းဘဲ ၊ပါဝါတွေ အာဏာတွေ၊ မာယာတွေနဲ့ ရက်စက်ယုတ်မာစွာ ကောက်ကျစ်ညစ်ပတ်တတ်ကြတယ်။ ဂလိုဘယ်ခေတခ၊ ITခေတခဖြစ်လေတော့ ခဏတစ်ဖြုတ်တော့ ဟုတ်သရောင်ရောင်နဲ့ အောင်မြင်ပြီထင်ခဲ့ကြတာပါပဲ၊ နောက်ဆုံး တော့ ဘုရားလောင်းက တောဝက်တေါကို ဆုံးမတဲ့အတိုင်း သူတို့ပဲ အရေးနိမ့်ခဲ့ကြတာပဲ မဟုတ်လား။
                      အယံ မဏိ ဝေနုရိကာ၊ အကာစော ၀ိပုလော သုဘော။
                       နာဿ သက္ကာ သိရိ ဟန္တုံ ၊ အပက္ကမထ သူကရာ။
ဟယ်- ၀က်အပေါင်းတို့ ဤ ပတ္တမြားသည် ဇောတိရသပတ္တမြားတည်း၊နူးညံ့ချောမွေ့ပြန့်ပြောသောအရောင်ရှိ၏။ အလွန်တင့်တယ်တောက်ပ၏။ ထိုပတ္တမြားဒ အရောင်အ၀ါကို ဖျောက်အံ့သောငှါ မတတ်ကောင်း၊ သင်တို့သာ- ဖဲခွာထွက်သွားကြကုန်လော့။         ( ဇာ ၊ ဌ။ ၂။ ၃၇၆ ။ ပြန် ။ ၂ ။ ၆၀၂ )     
           ပတ္တမြားကိုတော့ ညစ်နွမ်းအောင်လုပ်လို့မရဘူး၊ ခြင်္သေ့ကိုကြောက်ရင် မင်းတို့သာ ရှောင်ပြေးကြလို့ ဘုရားလောင်းက ၀က်အပေါင်ကို ဆုံးမခဲ့တာဖြစ်ပါတယ်။
             နိုင်ငံတကာနယ်ပယ်မျိုးစုံမှာ တောဝက်လိုလူတွေ တော်တော်များများတွေ့ရပါတယ်။ ဇာတ်လမ်းတစ် ခုမှာ အဓိကဇာတ်ဆောင်တွေဖြစ်တဲ့ လူကြမ်းနဲ့ မင်းသားဆိုတာရှိရပါတယ်။ လူကြမ်းကသရုပ်ဆောင် ပီပြင်လေ မင်းသားကိုပရိတ်သတ်က ပိုချစ်လေမို့ လူကြမ်းရဲ့ရက်စက်မှုအပေါင်းတွေဟာ မင်းသားရဲ့ခေါင်းပေါ်မှာ သရဖူအ ဖြစ်ပြောင်းသွားခဲ့တာပါပဲ။ မင်းသားကိုကယ်မဲ့သူ ရောင်လာရင်ပဲဖြစ်ဖြစ်၊ မင်းသားကပြန်ချခွင့်ရရင်ပဲ ဖြစ်ဖြစ် ပရိတ်သတ်တွေဟာ လက်ခုတ်လက်ဝါးတီးပြီး ၀မ်းသာအားရ အားပေးကြတော့တာပါပဲ။ မင်းသားကောင်းစားဖို့ လူကြမ်းမိုက်ပေးရသလို၊ ဆန့်ကျင်ဘက်တွေရဲ့ ရက်စက်ယုတ်မာမူတွေဟာ ပညာရှိတွေကောင်းစားဖို့ဖြစ်တယ် ဆိုတာအားလုံးကယုံကြည်ကြပါတယ်။ ဒါကြောင့်လည်း ပညာရှိတွေဟာ အမိုက်ခံအမုန်းခံပြီး အနစ်နာခံနှိပ်စက် ပေးနေတဲ့ တောဝက်လိုလူတွေကို ကရုဏာသက်စွာနဲ့ မေတ္တာထပ်ရစ် ချစ်ထက်ချစ်ကြပါသတဲ့။ တစ်ခုတော့ရှိ တာပေါ့လေ၊ ပရိတ်သတ်လက်ခုပ်တီးချိန် မရောက်ခင် အတောအတွင်းမှာတော့ ငုံ့ခံနေရဦးမှာပေါ့။

                                        "  ပေးစာနိဂုံး "

      ဘုရားဆိုတာ ဇောတိရသပတ္တမြားလိုပဲ၊ ပတ္တမြားကိုအရောင်မှိန်အောင် လုပ်ကြံကြသလို၊ ဘုရားကိုလည်း တန်ခိုးမှိန်အောင် လုပ်ကြံလို့မရပါဘူး။ တောဝက်လိုလူမျိုးမဖြစ်အောင် သတိထားနေထိုင်သွားဖို့၊ ပတ္တမြား လိုလူ မျိုးဖြစ်အောင် ကြိုးစားအားထုတ်သွားဖို့နဲ့ တောဝက်လိုလူမျိုးနဲ့တွေ့ကြုံရရင်လည်း ဆန့်ကျင်ဘက်အနေနဲ့  အမိုက်ခံ အမုန်းခံပြီး ပါရမီဖြည့်ပေးနေတဲ့ သနားစရာသတ္တ၀ါ အဖြစ် မေတ္တာထပ်ရစ်ချစ်ထက်ချစ်ဖို့လိုကြောင်း ကိုချစ်သားနားလည်လိုက်ရပါတယ်။ အထူးသဖြင့် ငါနဲ့မတူငါ့ရန်သူ ၀ါဒီတွေအတွက်တော့ ၀က်တွေရဲ့နည်းဖျူ ဟာ ဟာလမ်းမှန်မရောက်စေနိုင်ဘူးဆိုတာကို မီးမောင်းထိုးပြလိုက်သလိုပါပဲ မွေးမေမေ။ သူတို့တတွေ သတိ ချပ်ပါစေတော့ဆိုတဲ့သဘောမျိုးနဲ့ပေါ့။ ပရိတ်သတ်လက်ခုတ်တီးသံကို အမြန်ကြားရပါစေလို့ ချစ်သားဆုတောင်း ပေးလိုက်ပါတယ်။

                                                                                          မွေးမေချစ်တဲ့
                                                                                         ချစ်သားထွေး
                                                                                                 ( ခေတ္တ - ၀ါရှင်တန် )

No comments:

Post a Comment